Saturday, July 23, 2011

အိမ် (ပညာသင်ချိန်-၂)

ကျွန်တော်တို့ မောင်နှမ(၆)ယောက်၊ အကုန်လုံးဖြတ်သန်းခဲ့ကြတဲ့ အိမ်နားက သဘောင်္ဦးမူလတန်းကျောင်း(အခုတော့ အလယ်တန်းကျောင်းဖြစ်နေပါပြီ)အကြောင်းဆက်ပြောပြချင်သေးတယ်။ ကျွန်တော်တို့ခေတ်က မူလတန်းကနေ၊ အလယ်တန်းကို အတက်(၄)တန်းစာမေးပွဲက အစိုးရ(မြို့နယ်အဆင့်)စစ်ပါ။

အဲဒီတုန်းကတော့(၄)တန်းဆရာတွေက ကိုယ့်ကျောင်း အောင်ချက်ကောင်းအောင် ကြိုးစားရပါတယ်။ မှတ်မှတ်ယယ အဲဒီတုန်းက ဆရာဦးရင်မောင်က အရိုက်ကြမ်းတယ်လို့ နံမည်ကြီးတဲ့ ဆရာကြီးပေါ့။ ကျွန်တော်(၄)တန်းနှစ်မှာ သူငယ်ချင်းအသစ်တစ်ယောက်ပြောင်းလာပါတယ်။ သူနံမည်က ခင်မောင်သန်း၊ သူ့အဖေက စိုက်ပျိုးရေးဘွဲ့ရ၊ အရင်ကတော့ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း(လယ်စိုက်ရှင်း) ရာဘာခြံဘက်ကပေါ့။ သူ့အဖေ မြိတ်(ပုလော)ဖက်တာဝန်ကျရာကနေ၊ မုဒုံ ကျုံဖိုက်ရွာရာဘာခြံကိုပြောင်းလာရတာထင်တယ်။ သူ့အဖိုးတွေက ကျွန်တော်တို့ရပ်ကွက်မှာဆိုတော့ ကျွန်တော်တို့ကျာင်းကို ရောက်လာပါရော။

သူရောက်လာကထဲက ပထမအများဆုံးသူဘဲရတော့၊ အရင်ဗိုလ်လုနေကျ မလေးမှုံနဲ့ ကေခိုင်ညွန်က နံပါတ်(၂)၊(၃) ဖြစ်ကုန်ပြီး၊ ကျွန်တော်လည်း(၄) ကိုအလိုလိုရောက်သွားတာပါပဲ။ အဲဒီကထဲက ခင်မောင်သန်းကို ကျွန်တော်တို့မကျော်နိုင်တော့ပါဘူး။ သူနဲ့ကျွန်တော်လည်း အဲဒီကထဲက(၁၀)တန်းအောင်တဲ့အထိ၊ အမြဲတွဲခဲ့တဲ့ သူငယ်ချင်းဖြစ်သွားတော့တာပါပဲ။

ကျွန်တော်တို့(၄)တန်းတက်နေတဲ့ ၁၉၇၉ ခုနှစ်မှာ United Nation ရဲ့ ကလေးများနေ့ကို စည်စည်ကားကား တစ်နိုင်ငံလုံး ကျင်းပခဲ့ပါတယ်။ အဲဒီမှာ တစ်မြို့နယ်လုံး ကလေးတွေကို မြန်မာစာ စာစီစာကုံးပြိုင်ပွဲ၊ အင်္ဂလိပ်စာပြိုင်ပွဲ၊ သချာင်္ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အဆိုအကပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စသဖြင့်ပြိုင်ပွဲတွေ မျိုးစုံ၊ ပျော်ပွဲရွင်ပွဲတွေ မျိုးစုံကျင်းပခဲ့ပါတယ်။ (အခုစဉ်းစားတိုင်းပျော်စရာကြီးပါ)၊ အဲဒီမှာ ကျွန်တော့်ကို ဆရာက သချာင်္၊ ပန်းချီ နဲ့ အုပ်စုလိုက်တေးသရုပ်ဖော်ပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းပါတယ်။ ခင်မောင်သန်း၊ မလေးမှုံ၊ ကေခိုင်ညွန့် တို့ကိုလည်း စာစီစာကုံး၊ အင်္ဂလိပ်စာ၊ သချာင်္၊ ပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းပါတယ်။ ဆရာက ကျွန်တော်နဲ့ကေခိုင်ညွန့်ကို သချာင်္တော်တယ်ထင်လို့ သချာင်္ပြိုင်ပွဲဝင်ပြိုင်ခိုင်းတာပါ။ အဲဒီမှာ ကျွန်တော်ပန်းချီနဲ့ အုပ်စုလိုက်တေးသရုပ်ဖော်ပြိုင်ပွဲတွေမှာ ပထမမဟုတ်ပေမယ့် ဆုတွေရခဲ့တာပေါ့။

စောစောကပြောသလို ဆရာဦးရင်မောင်က အရိုက်ကြမ်းတယ်လို့နံမည်ကြီးပေမယ့် ဆရာကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို ကျွန်တော်မျက်မြင်တွေ့ခဲ့ရပါတယ်။ ဖြစ်ပုံက ပြိုင်ပွဲတွေက တစ်မြို့နယ်လုံးဆိုတော့ ကိုယ့်ကျောင်းမှာပြိုင်ရတာမဟုတ်တော့ ပြိုင်ပွဲကျင်းပရာ ကျောင်းတွေကို ဆရာကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ အဲဒီမှာ သချာင်္ပြိုင်ပွဲကျတော့ ပွဲမဝင်ခင် အပြင်မှာသေသေချာချာ လေ့ကျင့်ခဲ့ပေမယ့် ကျွန်တော်ပြိုင်ပွဲကြောက်ပြီး ရှော်ပါလေရော၊ ကျွန်တော်တို့ပြိုင်ပွဲအချိန်ပြီးလို့ ကိုယ့်အဖြေနဲ့ ကေခိုင်ညွန့်ရဲ့ အဖြေတွေပြန်ပြီးတိုက်ကြည့်တော့မှ ကျွန်တော့်အဖြေတွေက တစ်လွဲတွေဖြစ်ပြီး ကျွန်တော်ထင်တယ် အမှတ်(၃၀)တောင်မရတော့ဘူးပေါ့။

ကျွန်တော့်စိတ်ထဲမှာတော့ ဆရာကတော့ငါ့ကိုယုံကြည်လို့ ပြိုင်ပွဲဝင်ခိုင်းတာ၊ ငါကရှော်တော့ သေချာပေါက် အတီးခံရပြီပေါ့။ ကျွန်တော်ကြောက်တာ ဒူးတွေတောင်တုံတယ်။ အဲဒီတုံးကပြောရမှာပေါ့။ အဲဒါနဲ့ ဆရာလဲလာကြိုတဲ့အချိန်မှာ ကြောက်ကြောက်နဲ့ပဲ အခြေအနေကိုပြောရတာပေါ့။ ဆရာကဘာလုပ်တယ်ထင်လဲ?

အဲဒီအချိန်တုံးက နယ်မြို့လေးဆိုတော့ တစ်မြို့လုံးမှာမှ မြို့မဈေးရှေ့မှာ ရေခဲမုန့်နဲ့ အအေးရောင်းတဲ့ဆိုင်တစ်ဆိုင်ပဲရှိတာပါ။ ကျွန်တော်တို့ကလည်း ရေခဲမုန့်တို့ ဖာလူဒါတို့ဆိုတာ တစ်နှစ်တစ်ခါမစားရပါဘူး။ ကျွန်တော်တို့ ကျောင်းကိုပြန်တဲ့လမ်းမှာ အဲဒီဆိုင်ရှိတာကိုး၊ ဆရာက အေးအေးဆေးဆေးပဲ၊ သားတို့ သမီးတို့ အအေးသောက်မလား၊ ဖာလူဒါစားမလား၊ ရေခဲမုန့်စားမလားတဲ့၊ ကျွန်တော်တို့ကို အေးအေးဆေးဆေးမုန့်ဝယ်ကြွေးပြီး၊ ကျွန်တော့်ကိုလည်း စားရင်းသောက်ရင်း တစ်ခါတစ်ရံမှာ ဘဝမှာဒီလိုဘဲသေသေချာချာပြင်ဆင်ထားတာတောင် အမှားတွေတွေ့ပြီး မအောင်မမြင်ဖြစ်တတ်ကြောင်း၊ စိတ်ဓါတ်ကျစရာမလိုဘဲ အကြိမ်ကြိမ်ကြိုးစားဖို့သာလိုကြောင်း ကျွန်တော်တို့သင်နေတဲ့ မပုကြွယ်နဲ့ ခရုငယ်လိုပဲဖြစ်ကြောင်း သေသေချာချာရှင်းပြပြီး အားပေးပါတယ်။

အဲဒါကို ကျွန်တော့်ဘဝမှာ တစ်ခုခုချွတ်ချော် သွားတိုင်း ပြန်သတိယတတ်ပါတယ်။ အဲဒီကထဲကထင်တယ် ကျွန်တော်ဟာ တစ်သက်တာလုံးအတွက် လဲကျရင်ပြန်ထ ရမယ်ဆိုတာကို နားလည်သွားခဲ့ပါတယ်။ နောက်တစ်ခုက ကွယ်ဝှက်စရာမလို မှန်မှန်ကန်ကန်ပြောရင်၊ အရိုက်မခံရပဲ မုန့်တောင်စားရတတ်ကြောင်း ကလေးအတွေးနဲ့ သင်ခန်းစာရခဲ့တာပေါ့။ ဆရာဦးရင်မောင်ကို ကျွန်တော်တို့မောင်နှစ်မတွေ အခုအချိန်အထိ မမေ့ကြသေးပါဘူး။ ဆရာ့ရဲ့စိတ်ဓါတ်ကောင်းအမွေတွေ ကျွန်တော်တို့ အဲဒီတုန်းက မူလတန်းကျောင်းသားတွေ တစ်ချို့တစ်ဝက်ရခဲ့ကြပါတယ်။

အခုတော့ကျွန်တော်တို့မောင်နှစ်မတွေရော သူငယ်ချင်းတွေပါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေကြပါပြီ။ ခင်မောင်သန်း က ရေးမြို့နယ် အစင်တိုက်နယ်ဆေးရုံမှာ အောင်မြင်နေတဲ့ ဆရာဝန်၊ မလေးမှုံက CPA လက်မှတ်ရ စားရင်ကိုင် Chief Accountant၊ ကေခိုင်ညွန့်က သူဝါသနာပါတဲ့ သချာင်္အဓိကနဲ့ ကျောင်းဆရာမ၊ ကျွန်တော်က သူငယ်ချင်းခင်မောင်သန်းရဲ့အဖေလို စိုက်ပျိုးရေးဘွဲ့ရ တစ်ယောက်ဖြစ်လာပါတယ်။

အခြေအနေအရ ၂၀၀၈ ကစပြီး နိုင်ငံရပ်ခြားမှာ အခြေချနေရပေမယ့် ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကိုတော့ မမေ့ပါဘူး၊ ငယ်သူငယ်ချင်း(၃)လုံးကတော့ မြန်မာပြည်မှာပါပဲ။ ကျွန်တော်တို့ရဲ့ ကျောင်းကလေးမှာလည်း စာတွေသင်ပေးနေဆဲပါပဲ။

No comments:

Post a Comment