Friday, July 29, 2011

အိမ် (မိသားစုအကြောင်း-၁)

ကျွန်တော့်ပညာရေးအကြောင်း ဆက်ပြီးမပြောခင် အိမ်အကြောင်းပြောချင်ပါသေးတယ် … ကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ … ကျွန်တော်တို့အိမ်မှာက ကျွန်တော်တို့မောင်နှမချည်း(၆)ယောက်နဲ့ အဖေရဲ့မြေးဝမ်းကွဲတွေက(၃)ယောက် စုစုပေါင်း(၉)ယောက် ငယ်စဉ်မှာအတူနေကြပါတယ် …

ဒီအကြောင်းမပြောခင် အဖေနဲ့အမေရဲ့မျိုးရိုးစဉ်ဆက်အကြောင်းပြောပြသင့်တယ်လို့ထင်ပါတယ် …
ကျွန်တော့်အဖေဖက်ကစပြောရရင် အဖေက မောင်နှမ(၅)ယောက်ရှိတဲ့အနက် တစ်ဦးတည်းသောသားတစ်ယောက်ပါ … အဖေဖက်ကအဖိုး၊ အဖွားတွေကိုမမှီလိုက်ပေမယ့် ဖွားလေး၊ ဖွားကြီးတွေကိုတော့မှီလိုက်ပါသေးတယ် …

အဖေ့ရဲ့အဖေ ကျွန်တော်တို့အဖိုးက တောင်ငူဇာတိပေါ့ … ဦးဘိုးထွန်းလို့ခေါ်တယ်လို့ ကြီးဒေါ်တွေပြောတာကြားဖူးပါတယ် … အဖိုးကဘယ်လိုကနေမွန်ပြည်နယ်ကိုရောက်လာပြီး အဖွားနဲ့အိမ်ထောင်ကျသလဲတော့ မသိတော့ပါဘူး … ကျွန်တော်တို့ကိုမွေးတော့ အဖိုးနဲ့အဖွားကမရှိကြတော့ပါဘူး … အဲ သို့ပေမယ့် အဖွားကမုဒုံဇာတိပဲဆိုတော့သူ့ဖက်မှာတော့ ညီအစ်မတွေရှိပါတယ် … ကျွန်တော်တို့မှီသလောက်တော့ ဖွားဖွားကြီး၊ ဖွားဖွားလတ် နဲ့ ဖွားဖွားငယ်တို့ပါ … ဖွားဖွားကြီး၊ ဖွားဖွားလတ်တို့က အပျိုကြီးတွေလို့ထင်ပါတယ် … ဖွားဖွားကြီးက ကျွန်တော်ငယ်စဉ်မှာမှဆုံးတာ …

အဖေရဲ့မောင်နှမတွေက အစဉ်အတိုင်းဆိုရင်-
၁) ဒေါ်ခင်မကြီး၊ ၂) ဒေါ်ခင်မလေး (ကျွန်တော်တို့အခေါ်ကအကြီး) ၃) ဦးမောင်ကြီး (ကျွန်တော့်အဖေပေါ့)၊ ၄) ဒေါ်ခင်တင့် (ကျွန်တော်တို့အခေါ်ကဒေါ်ကြီး) နဲ့ ၅) ဒေါ်တင်အေး (ဒေါ်နီ) (ကျွန်တော်တို့အခေါ်ကဒေါ်ငယ်) စုစုပေါင်း(၅) ယောက်ပေါ့ … ရီတော့ရီရတယ် (၅)ယောက်စလုံးမှာ အဖေနဲ့ သူ့အစ်မအကြီးဆုံး ဒေါ်ခင်မကြီး နှစ်ယောက်ပဲ အိမ်ထောင်ကျပြီး ကျန်တဲ့(၃)ယောက်က အပျိုကြီးတွေပေါ့ …
ဘာလို့ရီရတာလဲဆိုတော့ ကျွန်တော်တို့မောင်နှမ(၆)ယောက်မှာလည်း အခုအချိန်အထိ ကျွန်တော့်အစ်မကြီး မနီလာနဲ့ ကျွန်တော်တို့နှစ်ယောက်သာအိမ်ထောင်ကျသေးလို့ပါ … မျိုးရိုးလိုက်ပုံများကတော့ … ကျန်တာတွေကတော့ လူပျိုကြီး၊ အပျိုကြီးတွေပေါ့ …

ဆက်ပြောရရင် အဖေ့အစ်မကြီး ဒေါ်ခင်မကြီးက အိမ်ထောင်ကျပြီး သားတစ်ယောက်မွေးပါတယ် … သူကတော့ ကလေးမွေးပြီးလို့ မကြာခင် လပိုင်းလောက်မှာပဲဆုံးသွားတယ်လို့ကြားဖူးတယ် …
သူ့ရဲ့အမျိုးသားကလည်း လွပ်လပ်ရေးရကာစ မြန်မာ့တပ်မတော်က စစ်ဗိုလ်တစ်ယောက်ဆိုတော့ ပြည်တွင်းစစ်ကာလမှာပဲ တိုက်ပွဲကျပါလေရော … ဒီတော့ မွေးထားတဲ့ သားကလေးက အဖေတို့မောင်နှမတွေကပဲ စောင့်ရှောက်ပြီး ကြီးပြင်းလာပါတယ် … သူ့နာမည်က ဦးဌေးအောင်ပါ … ကျွန်တော်တို့ရဲ့အစ်ကိုတစ်ဝမ်းကွဲပေါ့ ….
သူ့ကိုတော့ ငယ်စဉ်ထဲက အဖေတို့မောင်နှမတွေကပဲ သားတစ်ယောက်လို အလိုလိုက်ခဲ့တာပေါ့ အဲဒီခေတ်က ကင်မရာလိုချင်ရင် ကင်မရာ၊ စသဖြင့်ပေါ့ … အဖေကအိမ်ထောင်ကျတာနောက်ကျတော့ ကျွန်တော်မွေးခါနီးလောက်မှာ သူလည်းအိမ်ထောင်ကျလို့ ကျွန်တော့်ညီနဲ့ သူ့ရဲ့သမီးကြီး မမိုး(ကျွန်တော်တို့နဲ့ဆိုတူမဝမ်းကွဲပေါ့)ကရွယ်တူနီးပါးမွေးကြတာပါ … ပြီးသူအမျိုးသမီး မမြင့်သန်းကမွေးလိုက် အမေကမွေးလိုက်နဲ့ ကျွန်တော့်အောက်ကနှစ်ယောက်နဲ့ သူ့ သမီးကြီးမမိုး၊ သားလတ် အောင်နိုင်မိုး၊ သားငယ် အောင်နိုင်စိုးတို့က မတိမ်းမယိမ်းတွေဖြစ်ကုန်တော့တာပေါ့ …

အမေဖက်ကတော့ရိုးရှင်းပါတယ် … သူနဲ့ သူ့ရဲ့မောင် ဦးကျော်သိန်း(ဖိုးသူတော်လို့ သူ့ဆွေမျိုးတွေကခေါ်ပါတယ် .. ကျွန်တော်တို့ရဲ့ဦးလေးပေါ့)နှစ်ယောက်တည်းပါပဲ … အမေဖက်ကအဖိုးအဖွားတွေ ကသူတို့မောင်နှမ ငယ်ငယ်ကထဲကဆုံးသွားကြလို့ နှစ်ယောက်စလုံးကို ဆွေမျိုးတွေကဘဲ စောင့်ရှောက်ခဲ့ရတယ်လို့ဆိုပါတယ် ….

ကျွန်တော်တို့မောင်နှမတွေကိုလည်းစဉ်ကြည့်ရင်
၁) အစ်မအကြီးဆုံး မနီလာ၊ ၂) ဒုတိယ ကြူကြူခိုင် (မကြူ)၊ ၃) ဝါဝါ (ကျွန်တော့်သားကကြီးဒေါ်ဝါလို့ခေါ်ပါတယ်) ၄) ကိုကိုမောင် (ကျွန်တော်)၊ ၅) ကိုကိုမြတ် (ကျွန်တော့်သားကဦးမြတ်လို့ခေါ်ပါတယ်) နဲ့ ၆) အိအိခိုင် (ငယ်ငယ်ကတော့ အသားညိုလို့ မဲတူးလို့ခေါ်ရာက ကျွန်တော့်သားကတီတူးလို့ခေါ်ပါတယ်) စုစုပေါင်း(၆)ယောက်ပေါ့ …
ဆွေမျိုးစာရင်းနဲ့တင် အိမ်အကြောင်းကိုမရောက်နိုင်ဘူးဖြစ်နေတယ် … ဆွေစဉ်မျိုးဆက် အကြောင်းကလည်းမပါမဖြစ် ဖြစ်နေတာကိုး …

ကျွန်တော်တို့အိမ်ကလေးက အဖေဖက်က ဘိုးဘွားပိုင်ပါ … အဖိုး၊ အဖွား နဲ့ အဖေရဲ့ကြီးဒေါ်၊ အဒေါ်တွေ အတူတကွနေခဲ့ကြတယ်ထင်ပါတယ် … အဖေနဲ့အကြီးတို့ပြောပြချက်အရတော့ အဖေတို့ငယ်ငယ်က ဆင်းရဲပါတယ် … အဖိုးနဲ့အဖွားက မြို့အဝင်က လမ်းမကြီးဖက်မှာ ရွာတွေကလာရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို တွန်းလှည်းတွေနဲ့သယ်ပြီး မြို့မဈေးမှာ ပြန်ရောင်းပါတယ် … ကျွန်တော့်အဖေငယ်ငယ်က မနက်(၃)နာရီလောက်ထ၊ ဟင်းရွက်တွန်းလှည်းသွားတွန်းရပြီး ဈေးမှာဈေးရောင်းနေတုန်းစာဖတ်ရတယ်လို့ အဖေပြောဖူးပါတယ် …
အမှန်ကဈေးသယ်မျိုးရိုးပေါ့ … နောက်တော့အဖေ (၉) တန်းအောင်နဲ့ကျောင်းထွက်ရပါတယ် … ကောလိပ်ဆက်မတက်နိုင်လို့ ရပ်လိုက်တာလို့ပြောဖူးတယ် … အဖေတို့ခေတ်က ပညာရေးစံနစ်က(၉) တန်းအောင်ဆိုပေမယ့်လို့ အင်္ဂလိပ်လက်အောက်မှာဖြစ်တာတစ်ကြောင်း၊ ရုံးသုံးကလည်း အင်္ဂလိပ်စာတိုတော့ အဖေက အင်္ဂလိပ်စာနဲ့အခြားဘာသာတွေမှာပါ ကျွန်တော်တို့ထက်တော်ပါတယ် …. အဲဒီခေတ်က (၇)တန်းအောင်ရင် အလယ်တန်းပြဆရာပြန်ခန့်ပါတယ် … အဖေက ဆရာဖြစ်သင်တန်းတက်ပြီး အလယ်တန်းပြ ကျောင်းဆရာ ကောင်းတစ်ယောက်ဖြစ်ခဲ့တာပေါ့ … (သူကတော့မပြောပါဘူး … သူ့တပည့်တွေဖြစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမတွေက ပြန်ပြောပြတာရယ် … သူ့မှာတပည့်တပန်းများတာရယ်ကြောင့်သိရတာပါ …)

ကျွန်တော့်တို့ မမှီလိုက်တဲ့ အဖိုးဦးဘိုးထွန်းက ဈေးသာရောင်းနေပေမယ့် ပညာတတ်ထင်ပါတယ် … ကြီးဒေါ်တွေပြောပြလို့ကြားဖူးတာက သူကတောင်ငူက သစ်စက်သူဌေးသားတဲ့ … တစ်နေ့ ကလေးတွေ ယမ်းမီးခြစ်ကို ဆော့ကစားရာကနေ သစ်စက်ကြီးမီးလောင်ပြီး သူ့မိဘတွေလည်း စီးပွားပျက်၊ နောက်တော့ ဆုံးပါးကုန်လို့ သူလည်း အောက်ပြည်အောက်ရွာကို ရောက်လာတာလို့ဆိုပါတယ် …
ဦးဘိုးထွန်းက သူ့သား ကျွန်တော့်အဖေကို ပညာတတ်ဖြစ်စေချင်ပုံရပါတယ် … အဖေကလည်းသူတကယ်ဖြစ်ချင်တာက စစ်ဗိုလ်ပါ .. သူတို့ခေတ်က လွပ်လပ်ရေးအကြိုဆိုတော့ စစ်ရေးတက်ကြွပုံရပါတယ် …
သူကျောင်းဆရာဖြစ်ပြီးမှ ဗိုလ်သင်တန်းဝင်ဖြေသေးတယ် … ဒါပေမယ့်ကံမပါတော့ သူက လိုတဲ့ ပေါင်ချိန်(၁၂၀) မပြည့်ပါဘူး … ဒီလိုနဲ့ ကျောင်းဆရာ နောက်တော့ ဆိုရှယ်လစ်ခေတ် နိုင်ငံရေးသမားဖြစ်လာပါတယ် …

ဆက်ပြောရင်တော့ ကျွန်တော်တို့ရဲ့ အဖွားဝမ်းကွဲတွေက လူလွတ်တွေနဲ့ဈေးသယ်ကြီးတွေပေါ့ … ကျွန်တော့်အဒေါ်တွေဖြစ်တဲ့ ဒေါ်ကြီးနဲ့ ဒေါ်ငယ်ကလည်းဈေးသယ်တွေပါပဲ …
အဖွားအငယ်ဆုံးနဲ့ အဖွားလတ်က အပေါင်မြို့ကိုပြောင်းပြီး ဈေးမှာ ဈေးရောင်ပါတယ် … ဒေါ်ငယ် (ဒေါ်နီ)ပါဈေးရောင်းခဲ့တာပေါ့ … အဲဒီကနေ ကျွန်တော့် အဒေါ် ဒေါ်ခင်တင့်ကလည်း အဲဒီခေတ်က ရခိုင်ပြည်နယ်ကျောက်ဖြူကနေ ဆရာအတတ်သင်တက်ပြီး မူလတန်းပြဆရာမဖြစ်လာပါတယ် … သူကလည်း စပြီးတာဝန်ကျကထဲက အပေါင်မြို့မှာဆိုတော့ အဖွားငယ်၊ အဖွားလတ်၊ သူ့ညီမ ဒေါ်ငယ် (ဒေါ်နီ) နဲ့နေတာပေါ့ …. သူ့ကိုလည်း အပေါင်မြို့မှာ ဆရာမကြီးလို့ လူသိများပါတယ် … ဒီလိုနဲ့ အဖွားတွေလည်း စီးပွားဖြစ်လို့ အဲဒီတုံးက အပေါင်မြို့လယ်ကောင် ရုပ်ရှင်ရုံနားကပ်လျက်မှာ တိုက်အိမ်ကြီးဆောက်၊ အိမ်ရှေ့မှာ ဈေးဆိုင်တန်းဆောက်ပြီး ဆိုင်ခန်းတွေငှားစားနဲ့ တော်တော်စီးပွားဖြစ်လာပါတယ် … ဒေါ်ကြီးက ကျောင်းပိတ်ရက်တွေမှာ မြို့တက်(မော်လမြိုင်)ဈေးဝယ်ရတယ် … အဝယ်တော်ပေါ့ … နောက်အဖွားတွေဆုံးတော့ သူတို့ညီအစ်မပဲ ဦးစီးပါတယ် …

ဒီအချိန်အတွင်းမှာ ကျွန်တော်တို့မမွေးသေးပါဘူး … ကျွန်တော်တို့ အစ်ကိုဝမ်းကွဲ ကိုဌေးအောင်လည်း အပေါင်သွားလည်ရင်း အပေါင်သူမမြင့်သန်းနဲ့အိမ်ထောင်ကျတော့တာပေါ့ … သူအိမ်ထောင်ကျပြီး အဖေက အလုပ်လုပ်ခိုင်းလို့ မုဒုံမှာပဲအလုပ်လုပ်တော့ သူတို့မိသားစုလည်း ကျွန်တော်တို့နဲ့ အတူနေရင်း သားသမီးတွေမွေးတော့ အိမ်မှာ ကလေးတွေချည်း(၉)ယောက်တောင်ပေါ့ … ကျွန်တော်တို့ငယ်ငယ်ကတော့ အဖွားတွေရှာထားတာရယ် အဒေါ်တွေရှာထားတာရယ်နဲ့တော်တော်ကြီးကို စီးပွားရေးတောင့်တင်းတော့ အဖေက မတောင့်မတနဲ့ သူလုပ်ချင်တဲ့ ဆိုရှယ်လစ် (နောက်တော့သူကိုယ်တိုင်က ရှစ်ဆယ်လိုလို့ပြောတဲ့) နိုင်ငံရေးကို စိတ်တိုင်းကျ လုပ်နေပါတော့တယ် …

ကျွန်တော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ဆိုရင် အပေါင်ကအဒေါ်တွေဆီကိုပို့ထားတတ်ပါတယ် …
ဒီအပြင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အိမ်တွေကလည်းအိမ်တိုင်းလိုလို အဲဒီတုံးက ကလေးတွေရှိပါတယ် …
လသာတဲ့ည ဒါမှမဟုတ် မီးလာရင် အိမ်ရှေ့ကလမ်းတစ်ခြမ်းကို စည်းတား၊ အဖေက ဝါးလုံးတွေထောင်၊ မီးကြိုးသွယ်ပြီး၊ ထုတ်ဆီးထိုးတာတို့၊ စတဲ့ကစားနည်းမျိုးစုံနဲ့ ကလေးတွေစုပြီး ကစားစေပါတယ် … ဒီလိုဆိုတော့ … စဉ်းစားသာကြည့် ဘယ်လောက်ပျော်စရာကောင်းသလဲလို့ …

ကျွန်တော်(၄)တန်းအောင်တော့ အစ်မအကြီးဆုံး မနီလာက(၁၀)တန်းအောင်ပါတယ် … သူကလည်းဝါသနာပါတာက အင်ဂျင်နီယာပါ .. ဒါပေမယ့် အမှတ်ကောင်းတော့အားလုံးက ဆရာဝန်လိုင်းတက်ဖို့တိုက်တွန်းကြပါတယ် … သူကလည်း အားလုံးကိုလွန်ဆန်ပြီး ကိုယ့်ဝါသနာကို အကောင်မထည်မဖေါ်နိုင်ခဲ့ပါဘူး … ဆေးကျောင်းကိုသာတက်ခဲ့ပါတယ် …
ဒုတိယအစ်မ မကြူက ၁၉၈၁ ထင်တယ်.. (၁၀)တန်းအောင်ပြီး မော်လမြိုင်မှာ ဒေသကောလိပ်တက်ရပါတယ် … တတိယအစ်မ မဝါကတော့ ၁၉၈၄ မှာ(၁၀)တန်းအောင်ပါတယ် … အဲဒီတုံးက ကျွန်တော်က(၈)တန်းပါ …
အဖေက ၁၉၈၀ ကျော်လောက်ကစပြီး မဆလအမှားတစ်ထောင်ရဲ့သားကောင်ဖြစ်လာပါတယ် … အဲဒီအချိန်အထိ သူ့မှာက မိသားစုအတွက်သိပ်ပြီးအပူအပင်မရှိသေးပါဘူး .. အဲဒီမှာ လယ်သမားတွေဆီကနေ စပါး အတင်းအကြပ်ဝယ်တာတွေ စလာပါပြီ …

မနီလာ ဆေးကျောင်းစတက်ပေမယ့် အဒေါ်တွေကပဲထောက်ပံ့ခဲ့တာများပါတယ် …
အိမ်မှာလည်းအမေက တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ဥစားကြက်မွေးမြူရေးလုပ်တာ တော်တော်အောင်မြင်ပါတယ် … ကြက်အကောင်ရေ လေးငါးထောင်လောက်ထိရှိလာပါတယ် … ကျွန်တော်တို့လည်း ကျောင်းကပြန်လာရင် ကြက်စာကြွေး၊ ကြက်ဥကောက်လုပ်ရပါတယ် …
အစ်မကြီးမနီလာက ကုသိုလ်ကံကောင်းတော့ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရတဲ့ အချိန်ကထဲက ဆေးကျောင်းတက်နေပါပြီ …

No comments:

Post a Comment