Monday, August 29, 2011

ကျွန်တော့်ရဲ့နောင်တ .... မေခ၊ မလိခ နဲ့ မြစ်ကြီးဧရာဝတီ


နောင်တ ဆိုတဲ့အတိုင်း နောင်မှ တရ တာပါပဲ …. ဒီလိုပါ … နောင်တ ဆိုတာ အမျိုးမျိုးရှိပါတယ် …. ကိုယ်လုပ်သင့်တာ မလုပ်ခဲ့မိလို့ ရတဲ့နောင်တ …. ကိုယ်မလုပ်သင့်တာကိုမှ ရွေးလုပ်ခဲ့မိလို့ ရတဲ့နောင်တ …. အိုစုံနေတာပါပဲ …. အသက်ကြီးလာတာနဲ့အမျှ ရလာတဲ့နောင်တတွေကို ငွေလိုသာစုထားလို့ရရင် မဟာသူဌေးကြီး ဖြစ်နေလောက်ရောပေါ့ …

ကျွန်တော် ဒီကနေ့ပြောပြချင်တဲ့နောင်တက သွားသင့်တာကို အခွင့်အရေးလေးရတုံး မသွားခဲ့မိလို့ အခုလို (၁၆)နှစ် လောက်ကြာမှ ရတဲ့နောင်တ အကြောင်းပါ ….

ဧရာဝတီ …. သူနဲ့ပါတ်သက်ရင် ကျွန်တော်တို့လို အောက်ပြည်အောက်ရွာ မွန်ပြည်နယ်သားတွေက အနေနဲနဲစိမ်းတယ်လို့ ပြောရမယ်ထင်ပါတယ် … သံလွင်ကသာ ကျွန်တော်တို့နဲ့ ဖွားဖက်တော်လိုဖြစ်နေတာကိုး … ဒါပေမယ့်လည်းပဲ အရွယ်ရောက်သိတတ်စ အတန်းပညာသင်ကျောင်း စနေပြီဆိုတာနဲ့ သူ့အကြောင်းကို ကြားရတော့တာပါပဲ … ငယ်ငယ်က သူ့ကိုကိုယ်တွေ့ မမြင်ဖူးခင်ကထဲက သူနဲ့ပါတ်သက်ပြီး အကြိုက်ဆုံးသီချင်းတစ်ပုဒ်ရှိခဲ့ပါတယ် …

မြစ်ကြီးဧရာဝတီတဲ့ ….

ဧရာဝတီ … မြစ်ကြီး ဧရာဝတီ ….

နာမည်ကျော် အဆိုတော်ကြီး မေဆွိရဲ့မိခင် အဆိုတော်ရုပ်ရှင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်ဆိုတဲ့ အရမ်းနားထောင်လို့ကောင်းပြီး ကျွန်တော်တို့ငယ်ငယ်က ရေဒီယိုကနေ မကြာမကြာ လွှင့်ပေးတတ်တဲ့ သီချင်းထဲက စာသားလေးပါ ….

နောက်တော့ရော … ကျွန်တော်(၈)တန်းနှစ်လောက်မှာ အိမ်မှာ ကားစပါယ်ယာလုပ်တဲ့ ကမာဝက်ရွာသား ကိုဝင်းထွဋ် ဆိုတာရှိပါတယ် သူကဂစ်တာလေးလဲတီး …. ကိုခင်ဝမ်းရဲ့သီချင်းတော်တော်များများကိုဆိုတတ်တော့ မဟာသဘာဝရှင် ဧရာဝတီကို ထပ်ပြီး ရင်းနှီးရပြန်ပါတယ် …. နောက်ထပ်အသက်နဲနဲရလာတော့ ကိုထူးအိမ်သင်ရဲ့ ရာဇဝင်များရဲ့သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ ကိုဆုံရပြန်ပါတယ် …. အဲဒီလောက်အထိကတော့ သူနဲ့ သေသေချာချာ မပတ်သက်ဖူးသေးပါဘူး …

နောင်တရရတဲ့ အကြောင်းလေးမပြောခင် ဒီနောင်တနဲ့ပါတ်သက်တဲ့ ကျွန်တော့်အကြောင်းလေးပြောပြချင်ပါသေးတယ် …

ကျွန်တော့်က ၁၉၉၄ ဒီဇင်ဘာမှာ စိုက်ပျိုးရေးဘွဲ့နဲ့ ကျောင်းပြီးကထဲက လူသုံးဆေးတွေရောင်းတဲ့ Company မှာ ဝင်ပြီး အလုပ် လုပ်ခဲ့ပါတယ် … ကျောင်းလည်းအပြီး အလုပ်လည်းတန်းရဆိုပါတော့ … အဲဒီမှာ ကျွန်တော်က စစချင်းတော့ ရန်ကုန်မှာပေါ့ … အလုပ်ဝင်ပြီး (၄)လအကြာ ၁၉၉၅ မေလမှာ Mandalay မှာ ရုံးခွဲဖွင့်တော့ ကျွန်တော့်နဲ့ လုပ်ဖော်ကိုင်ဖက်(၃)ယောက်ကို အဲဒီမှာ သွားပြီးတာဝန်ထမ်းဆောင်ဖို့ Company က စေလွှတ်ပါတယ် … အဲဒီကထဲက ကျွန်တော်မြန်မာပြည် တစ်နံတစ်လျားကို ပတ်ပြီးသွားရတော့တာပါပဲ … Mandalay ကနေ မူဆယ်၊ တမူး၊ မြစ်ကြီးနား၊ မိုးကောင်း အိုစုံနေတာပါပဲ …

၁၉၉၅ မှာပါပဲ … ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မဝါဝါခိုင်တို့ မြစ်ကြီးနားမြို့ကို ရထားစီးပြီး တစ်ခေါက် ရောက်ခဲ့ပါတယ် … အဲဒီတုံးက မြစ်ကြီးနားက ကျွန်တော်တို့ဆီကဆေးတွေ ဖြန့်ဖြူးနေတဲ့ ( ) ဆေးဆိုင်က ကိုအောင်ကြီးနဲ့ ကိုပေါက်ပေါက်က ကျွန်တော်တို့ကို ရောက်တုံးရောက်ခိုက် မေခနဲ့ မေလိခ မြစ်ဆုံကိုသွားလည်ဖို့ တိုက်တွန်းပါတယ် … အထူးသဖြင့်ကျွန်တော့်ကိုပါ၊ မဝါဝါခိုင်က တစ်ခေါက်ရောက်ဖူးပြီးသားကိုး …

မဝါဝါခိုင်ကလည်း မြစ်ဆုံရဲ့အလှအပတွေကိုပြောပြတာပေါ့ … ဒါနဲ့ကျွန်တော်လည်း မြစ်ဆုံကို ဘယ်လိုသွားရမလဲ? ဘယ်လောက်ဝေးလဲ? ဘယ်လောက်ကြာမလဲ နဲ့ ဘယ်လောက်ကုန်မလဲ? စတဲ့ လဲပေါင်းများစွာကို သူတို့တွေကို မေးကြည့်တာပေါ့ … ရတဲ့ အချက်အလက်က ကားနဲ့ဆိုမြန်မယ် … ပိုက်ဆံကုန်မယ် … စက်ဘီးနဲ့လဲသွားလို့ရသတဲ့ နဲနဲတော့ ဝေးတယ်တဲ့ … လမ်းမှာ သတိထားသွားရမယ်လို့လည်း ပြောသေးတာ … နောက်ပြီး ကားငှားပြီးသွား ရအောင်လည်း ကိုယ်က Company ဝန်ထမ်းလခစားဆိုတော့ မချမ်းသာ … ဒါနဲ့ပဲ မဝါဝါခိုင်နဲ့ ကျွန်တော် စက်ဘီး တစ်ယောက် တစ်စီးစီငှားပြီး မြစ်ဆုံကို စက်ဘီးစီးသွားမယ်ဆိုပြီး ထွက်ခဲ့ကြပါတယ် …

တစ်နာရီ တစ်နာရီခွဲ သာသာလောက် ခရီးရောက်တော့ ကရိန်နော်ဆိုတဲ့ ဧရာဝတီ မြစ်ကမ်းဘေးကိုရောက်ပါတယ် … အဲဒီမှာ စားသောက်ဆိုင်လေးတွေနဲ့ View Point ရှိတော့ ခဏလောက် နားရအောင်ဆိုပြီး အအေးဝင်သောက်တာပေါ့ … ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် မြစ်ရေကို ကြည်ကြည်လင်လင်မြင်ဖူးတာ အဲဒီမှာပါပဲ … ဧရာဝတီမြစ်ရေ ကြည်ကြည် လင်လင်ထဲမှာ ကျောက်တုံးကလေးတွေနဲ့ ကျွန်တော်တို့ မော်လမြိုင်ဖက် အောက်ပြည်စကားနဲ့ပြောရရင် လှမှလှပေါ့ …

ကျွန်တော်တို့ထွက်လာတာကိုက နောက်ကျနေတာဆိုတော့ အဲဒီကိုရောက်တဲ့အချိန်က မနက်(၁၀)နာရီလောက်ရှိပါပြီ… နောက်ပြီး ကျွန်တော်ဆိုတဲ့ အကောင်ကလဲ အလုပ်နဲ့သာ သွားလာနေရတာ အားတဲ့အချိန်ဆို နားနားနေနေ နေချင်တာကိုး … ဒါနဲ့ အဲဒီမှာ ထမင်းဆိုင်က ထမင်းမှာစား အအေးသောက်နဲ့ မွန်းတည့်(၁၂)နာရီလောက် ရောက်သွားပါလေရော …

စားသောက်ပြီးလို့ ဆက်သွားမယ်လုပ်တော့ ကျွန်တော်က မဝါဝါခိုင်ကို ဘယ်လောက်ထပ်သွားရမလဲ မေးတော့ သူက အခုမှ လေးပုံတစ်ပုံလောက်ရောက်သေးတာ နောက်ထပ်(၃)(၄) နာရီလောက်ဆက်စီးမှ ရောက်မယ်တဲ့ … ဒါနဲ့ကျွန်တော်ကလည်း တစ်ယောက်ထည်းဆို ပြသနာမရှိဘူး … သူက မိန်းကလေး ဆိုတော့ ပြန်မှဖြစ်မယ်ဆိုပြီး ကရိန်နော်ကနေပဲ လှည့်ပြန်ခဲ့ကြပါတယ် …

တကယ်တမ်းက ပိုက်ဆံနည်းနည်းစီ အကုန်ခံပြီး ကားငှားသွားလိုက်ရင် မြစ်ဆုံကိုသေချာပေါက်ရောက်တာပါ ….

ဒီလိုနဲ့ လှပတဲ့ မေခနဲ့မလိခတို့ပေါင်းဆုံရာ မြစ်ဆုံနဲ့ လွဲခဲ့ရပါတော့တယ် … စိတ်ထဲမှာတော့ တစ်နေ့နေ့ အခြေအနေပေးရင် ရောက်အောင်ပြန်လာမယ်ပေါ့ ….

ဒါကတော့ ကျွန်တော်နဲ့ မဟာသဘာဝအရှင် ဧရာဝတီရဲ့ ပထမဇာတ်လမ်းပါ …

နောက်တစ်ခါ ၁၉၉၈ ခုနှစ်ကုန်လောက်ရောက်တော့ ကျွန်တော်စဉ်းစားမိတယ် … ငါကတော့ ကိုယ်ရထားတဲ့ဘွဲ့နဲ့ လုပ်နေတာက တစ်ခြားစီဖြစ်နေပြီ … စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့ အလုပ်တစ်ခုခုတော့ရှာပြီး ပြောင်းလုပ်မှ သင့်တော်မယ်လို့စဉ်းစားမိတယ် … ဒါနဲ့ အလုပ်ရှာတော့ အဆင့်မြင့် သီးနှံအခြောက်ခံ သိုလှောင်ရုံတွေကို မြန်မာပြည်မှာ စတင်မိတ်ဆက်ပေးမယ့် Myanmar Grain System ဆိုတဲ့ Company ကို ၁၉၉၉ ခုနှစ် ဇန်နာဝါရီလမှာ ကျွန်တော် အလုပ်ပြောင်းပြီး လုပ်ဖြစ်တယ် ဆိုပါတော့ …

အဲဒီ Company က ရန်ကုန်မြို့ ဆောက်လုပ်ရေးလောကမှာ အောက်ခံ Foundation ပိုင်ရိုက်တဲ့ Myanmar V Pile ရဲ့ Company ရဲ့ ကိုယ်ခွဲတစ်ခုပါ … ဆိုလိုတာက ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့ Company ဆိုတော့ ဝန်ထမ်းအများစုက အင်ဂျင်နီယာတွေပါ … အဲဒီတုံးက ဖြစ်ချင်တော့ Company ကလည်း ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ကုန်ကျစားရိတ်တွေ တိုင်းတာဖို့ရှိနေချိန် .. ကျွန်တော်ကလည်း အစေ့ထုတ်ပြောင်းနဲ့ပါတ်သက်တဲ့ လိုအပ်တဲ့ အချက်အလက်တွေအတွက် ရှမ်းပြည်နယ်ကို သွားရဖို့ရှိနေတော့ ကျွန်တော်နဲ့ မြို့ပြအင်ဂျင်နီယာ ညောင်လေးပင်သား ကိုမျိုးသန့် (အခုတော့ မြန်မာ့အာမခံလုပ်ငန်း၊ ရာဖြတ်ဌာနမှာ တာဝန်ထမ်းဆောင်နေသူ)တို့ နှစ်ယောက်ကို ကားတစ်စီးနဲ့ လွှတ်လိုက်ပါတယ် …. အစီအစဉ်က ရှမ်းပြည် အောင်ပန်းဖက်ကို အရင်သွား … အဲဒီကနေ မကွေးကိုဖြတ်ဆင်းပြီး မြစ်ကြောင်းထိန်းသိမ်းရေးမှာ အလုပ်သမားခအပါအဝင် လိုအပ်တာတွေရဲ့ ဒေသဈေးနှုန်းတွေကို စုံစမ်းပြီး တွက်ချက်ကြဖို့ပါ …. ကျွန်တော်ကလည်း အစေ့ထုတ်ပြောင်းနဲ့ ပါတ်သက်တဲ့ စာရင်းအချက်အလက်တွေကို ရှာဖွေ စုဆောင်းဖို့ပေါ့ ….

လမ်းမှာ ကျွန်တော်လည်း ကိုမျိုးသန့်နဲ့ စကားတွေပြော ဆွေးနွေးကြတော့ နှစ်ပေါင်းထောင်သောင်းချီ ကျန်းကျန်းမာမာ နေလာရာက အဲဒီအချိန်ကထဲကစပြီး ဖျားနာစပြုနေတဲ့ ဧရာဝတီကို ကယ်တင်ဖို့ တစ်ချို့လိုအပ်တဲ့နေရာမှာ သောင်တူး၊ တစ်ချို့လိုအပ်တဲ့နေရာကြတော့ သောင်ဖြစ်အောင် ပြန်လုပ် စတဲ့ မြစ်ကြောင်းထိန်းသိမ်းရေးမှာ လိုအပ်တဲ့ လုပ်ပုံလုပ်နည်း နည်းစံနစ်တစ်ချို့ကိုသိခဲ့ရပါတယ် ….

မကွေးကနေ အောင်လံ၊ ပြည်စတဲ့ မြို့တွေကိုဖြတ်သန်းရင်း ဖျားနာစပြုနေတဲ့ ဧရာဝတီကို နဖူးတွေ့ဒူးတွေ့ မျက်မြင်ကိုယ်တွေ့ တွေ့ရပါတော့တယ် … အဲဒီတုံးကတော့ ဖျားနာစပြုနေတာတောင် ဧရာဝတီဟာ ခမ်းနားဆဲပါပဲ ….

ဒါကတော့ ကျွန်တော်နဲ့ မဟာသဘာဝအရှင် ဧရာဝတီရဲ့ ဒုတိယဇာတ်လမ်းပါ … ကျွန်တော်နဲ့ သူမရဲ့နောက်ထပ် ဇာတ်လမ်းတွေက အများသား …….

ဒီလိုနဲ့ အကြောင်းမညီညွတ်တော့ အဲဒီ Company ကနေထွက်ခဲ့ပြန်ပါတယ် …

၂၀၀၁ ဇန်နာဝါရီလမှာ ကျွန်တော် Japan နိုင်ငံက Sumitomo Corporation ရဲ့ ရန်ကုန်ရုံးခွဲအောက်က CropScience ဌာနအောက်မှာ Technical Coordinator အနေနဲ့ အလုပ်ဝင်ပြန်ပါတယ် …. လုပ်ရမှာက နိုင်ငံအနှံ့သွားပြီး စိုက်ပျိုးရေး ပိုးသတ်ဆေးတွေကို တောင်သူလယ်သမားတွေ နည်းစံနစ်တကျ သုံးစွဲတတ်အောင် ဟောပြောပို့ချဖို့ပေါ့ …

ဒီလိုနဲ့ ကျွန်တော်နောက်ထပ်တစ်ခါ အထက်မြန်မာပြည် တစ်နံတစ်လျားကိုပတ်ပြီး ခရီးတွေသွားရပါတော့တယ် …

နောက်တစ်ခါ ၂၀၀၂ ခုနှစ်ရောက်တော့ Sumitomo Corporation ကနေ အခုလက်ရှိလုပ်နေတဲ့ Company ရဲ့ ရန်ကုန် ရုံးခွဲကိုပြောင်းပြန်တော့လဲ ဒီလိုအလုပ်ပဲဆိုတော့ ခရီးသွားတာနဲ့ကျွန်တော် အသားကျလာခဲ့ပါတယ် ….

ပြောပြချင်တာက အဲဒီခရီးတွေမှာ မကြာခဏ ဧရာဝတီမြစ်ကို တံတားပေါ်က တစ်မျိုး၊ ကားတင်ကူးတဲ့ဖယ်ရီနဲ့ တစ်ဖုံ အကြိမ်ကြိမ်ဖြတ်ခဲ့ရပါတယ် … တစ်ခါတစ်ရံ မင်းဘူးဖက် ဧရာဝတီကမ်းနဖူးက ရွာတွေကိုရောက်ရင် နုံးတင်မြေနု သဲသောင်ပြင်အသစ်ပေါ်လာတဲ့အခါ စိုက်ပျိုးမြေလုကြလို့ ရွာသားတွေ ပြသနာတက်ကြတာတွေကိုလည်း ကြားရတတ် ပါတယ် …

ဧရာဝတီတိုင်းမှာလည်း ဟင်္သာတရောက်တော့ သူ့အနားပါပဲ၊ ပဲခုးတိုင်းမှာရော … ပြည်တစ်ဖက်ကမ်း ကံမမြို့ဖက် … အောင်လံ .. သရက် စုံနေတာပေါ့ … သူ့အနားပါပဲ …

တစ်ခါတုံးက ပုဂံကနေ ပခုက္ကူမြို့ဖက်ကို ကားတင်တဲ့ဇက်နဲ့ ဖြတ်ကူးနေတုံး ကိုထူးအိမ်သင်ရဲ့ အခမ်းအနားဆုံးသော သက်ရှိကဗျာ ဧရာဝတီကို တိုးတိုးလေးဆိုခဲ့ဖူးပါတယ် ….

တစ်ခါ ၂၀၀၅၊ ၂၀၀၆ တလျှောက်လုံးပြည်ဖက်ရောက်ပြန်တော့ ပြည်မှာရှိတဲ့ ကျောင်းတုံးက သူငယ်ချင်း အောင်သိန်းဦးနဲ့ မြစ်ကမ်းနံဘေးက စားသောက်ဆိုင်မှာထိုင်ဖြစ်ပါတယ် … ညနေ နေဝင်ကာစ မှောင်ပျပျမှာ သူ့ကိုတိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်ကလေးတွေ့ပြန်တော့ ကိုခင်ဝမ်းရဲ့ မြစ်မင်းနဲ့ အေးမြတဲ့မြောက်လေကြောင်းပေါ်က မိုးမချုပ်မီ အိမ်ပြန်မယ့် ငှက်ကလေးတွေကို ငေးရင်း ကိုခင်ဝမ်း သီချင်းကို ဆိုရပြန်ပါတယ် …….

ဒီလိုနဲ့ပဲ ဆရာအော်ပီကျယ်ပြောသလို ကျွန်တော်တို့ ပျော်ရာကို တော်ရာဖြစ်အောင် တစ်ဖက်တစ်လမ်းက ကြိုးစားကြည့်ရင်း နေလာခဲ့တာ ၂၀၀၈ ခုနှစ်ကို ရောက်တဲ့ အထိပါပဲ ….

ဒါပေမယ့်လည်း ပျော်ရာကနေ တော်ရာဖြစ်မလာသေးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုလည်း လောလောဆယ် တော်ရာဖြစ်တဲ့ စကာင်္ပူကို ပြောင်းလာခဲ့ရပါတော့တယ် …

ဘာပဲပြောပြောပေါ့ …. ကျွန်တော်တို့ဇနီးမောင်နှံကတော့ တစ်နေ့မှာသားတော်မောင် သူ့ခြေထောက်ပေါ်မှာသူ ရပ်နိုင်ပြီဆိုရင် ကျွန်တော်တို့ ပျော်ရာမှာ အေးအေးချမ်းချမ်းပြန်နေဖို့ နေ့စဉ်စိတ်ကူးနေဆဲပါပဲ … တစ်နေ့နေ့တော့ မြစ်ဆုံကို အေးအေးလူလူ သွားလည် ဦးမယ်ပေါ့ …. စိတ်ကူးတွေပါ ……….

အခုမှ ကျွန်တော့်ရဲ့နောင်တအကြောင်းပြောပြရတော့မယ် … ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ် အဲဒါကတော့ မနက်ရုံးသွားတိုင်း ညကထုတ်လွှင့်သွားခဲ့တဲ့ မြန်မာသီတင်းတွေကို ဖုန်းထဲက Podcast ကနေ Download လုပ်ပြီး ကားပေါ်မှာ နားထောင်သွားတာပါ … ဒီနေ့မနက်တော့ မြစ်ကြီးနားကထင်ပါတယ် လူုငယ်ဓါတ်ပုံဆရာတစ်ယောက်နဲ့ အင်တာဗျူးမှာ မြစ်ဆုံဟာ အရင်လိုမဟုတ်တော့ပါဘူးတဲ့ …. ကြည်လင်တဲ့ရေ …. လှပအေးချမ်းမှုတွေ …. အို ဘာမှပြန်မရတော့ပါလား ….

လွန်ခဲ့တဲ့ (၁၆)နှစ်လောက်က သွားခဲ့ရင် ရောက်နိုင်ခဲ့ပေမယ့် …. ဘာပဲပြောပြော တစ်နေ့နေ့တော့ မေခနဲ့မလိခ ပေါင်းဆုံရာ မြစ်ဆုံဆိုတာကို အေးအေးလူလူ သွားလည်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့အိမ်မက်တွေ ….

ကျွန်တော်တို့ ပျော်ရာပြန်နေနိုင်တဲ့တစ်နေ့ နှစ်ပေါင်းထောင်သောင်းချီပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင် မြန်မာ တစ်နိုင်ငံလုံးနဲ့ မခွဲအတူနေခဲ့တဲ့ …. မိခင် …….. ဧရာဝတီ …. သူ့ကိုရောအသက်ရှင်လျှက် ပြန်ဆုံချင်ပါသေးတယ် ……….


Sunday, August 14, 2011

ကျွန်တော်နဲ့ ကိုငှက် ... (ဝေးသွားတဲ့အခါ) ....



၁၉၈၆ … (ရေဆင်း)

ကျွန်တော် စိုက်ပျိုးရေးပထမနှစ် … ကျွန်တော် ရေဆင်းရောက်စ ပထမနှစ်မှာ သစ်တောဆောင် ရန်အောင်မြင်မှာ နေရပါတယ် …

ကျွန်တော်တို့ ရန်အောင်မြင်ဆောင် ပထမနှစ်ကျောင်းသားဘဝက ပျော်စရာပေါ့ … အဆောင်မှာ သစ်တော ဒုတိယနှစ်ကျောင်းသား အများစုနဲ့ စိုက်ပျိုးရေးကျောင်းသားတွေပါ …

အဲဒီတုံးက အဆောင် ဟောလ်ကျူတာက ဦးမောင်မောင်ကျော်ပါ … နောက်တော့ တိမွေးကု ကျောင်းမှာ မော်ကွန်းထိန်းတာဝန်ထမ်းဆောင်သွားပါတယ် … ဆရာက စက်မှုလက်မှုဝါသနာထုံပါတယ် … အထူးသဖြင့် ကက်ဆက်တွေ ဘာတွေပြင်ပါတယ် ... သူ့တစ်ခန်းလုံးလည်း လျှပ်စစ်ကရိယာတွေ ရှုပ်ပွနေပါတယ် … ညနေထမင်းစားချိန်က ကျွန်တော်တို့ကျောင်းသားတွေကသိပ်ပျော်ပါတယ် … ဘာလို့လည်းဆိုတော့ ဆရာက စားသောက်ဆောင်မှာ လက်ဖက်ရည်ဆိုင်မှာလို စပီကာကောင်းကောင်းနှစ်လုံးတပ်ပေးထားပြီး သူ့အခန်းကို ဝါယာကြိုးသွယ်ထားပြီး ကက်ဆက်ကနေ သီချင်းတွေနေ့စဉ် ဖွင့်ပေးလေ့ရှိပါတယ် …

ဆရာက အဲဒီတုံးက အောင်မြင်တဲ့ ဂျက်မြသောင်း … ချစ်ကောင်း … စသဖြင့် အလှည့်ကျ ဖွင့်ပေးလေ့ရှိပါတယ် … ကျွန်တော်တို့ကျောင်းသားတွေ ညနေစာ စားရတဲ့ အချိန်က သိပ်ပျော်စရာကောင်းပါတယ် …

တစ်ခါတစ်လေ ဆရာအပြင်သွားစရာရှိတဲ့နေ့တွေဆို ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ် ထမင်း စားရလေ့ ရှိပါတယ် … ဆရာက ကျွန်တော့်အခန်းရဲ့ ဓါးလွယ်ခုတ် အပေါ်ထပ် လှေကားနဲ့ကပ်ရက် အခန်းမှာနေပါတယ် ..

ကျွန်တော့်မှာ အဲဒီတုံးက SANYO MONO ကက်ဆက်ကလေးတစ်လုံးရှိပါတယ် … ကျွန်တော် ကျောင်းကို ရောက်ပြီး တစ်လ .. နှစ်လလောက်မှာ ဆရာနဲ့ရင်းနှီးလာတော့ ကျွန်တော့်မှာ အဲဒီကက်ဆက်လေး ရှိမှန်းလည်းသိရော … ညနေတိုင်း ဒီလိုသီချင်းဖွင့်ပေးတဲ့ အလုပ်ကိုကျွန်တော့်ကို တာဝန်ပေးပါတော့တယ် … ဝါယာကြိုးတွေ … အင်ပရီဖိုင်ယာတွေ … ကျွန်တော့်အခန်းထဲကို ယူချလာ ပါတော့တယ် …

ဆိုလိုတာက ဒီလိုနဲ့ နေ့စဉ်သီချင်းဖွင့်တဲ့ အလုပ်က ကျွန်တော့်ဆီ အလိုလိုရောက်လာပါတော့တယ် … နောက်တော့ ညနေသီချင်းတွေကို ကျွန်တော်ဖွင့်ပေးနေမှန်းသိလာတော့ သူငယ်ချင်းတွေရော … သစ်တော ဒုတိယနှစ်က အစ်ကိုကြီးတွေရော သူတို့နားထောင်ချင်တဲ့ သီချင်းတွေကို တောင်းဆိုတတ်ကြပါတယ် … တစ်ခါတစ်လေ ကက်ဆက်ခွေကို သူတို့ကိုယ်တိုင်ယူလာပေးတတ်ကြပါတယ် …

တစ်နေ့ … သစ်တောဒုတိနှစ်က အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ညနေစာ စားချိန်မှာ လာမေးပါတယ် … ညီလေး … အခုအသစ်ထွက်တဲ့ ထူးအိမ်သင်အခွေမရှိဘူးလားတဲ့ …

ကျွန်တော့်စိတ်ထဲမှာ … ထူးအိမ်သင်တဲ့ … နာမည်ကလည်း ထူးဆန်းလိုက်တာပေါ့ …

နောက်တော့ ကျွန်တော့်ကို အစ်ကိုတစ်ယောက်က သူ့ … (ထူးအိမ်သင်)ရဲ့ ပထမဆုံး နာရီပေါ်က မျက်ရည်စက်များဆိုတဲ့ … အခွေယူလာပေးပါတော့တယ် … ကျွန်တော် နေ့တိုင်းဒီအခွေကိုဖွင့်ပေးတာ လပေါင်းများစွာ ပထမနှစ်ဝက်ကျောင်းပိတ်ချိန် အထိပါပဲ … သူ့သီချင်းတွေကို နေ့တိုင်းနားထောင်ရပေမယ့် ဘယ်ကျောင်းသားမှ သီချင်းခွေပြောင်းပေးဖို့ မတောင်းဆိုခဲ့ကြပါဘူး …

ကျွန်တော်တို့ ကျောင်းသားအားလုံးရဲ့ ပါးစပ်ဖျားက သီချင်းဆိုသံတွေက…. ဝေးသွားတဲ့အခါ … ညီလေးရေ …

၁၉၈၇ (ရေဆင်း)

နာရီပေါ်ကမျက်ရည်စက်များ …

မေ့လိုက်တော့ …

ရက်စက်စွာပြုံးတတ်သော …

ခွင့်မပြု …

ညီလေးရေ …

တစ်နေ့ နေ့တော့ချစ်လာလိမ့်မည် …

ကြိုက်သလိုလုပ်လိုက် …

မရိုးသားတော့ဘူး …

ချစ် …

ဒုတိယနှစ်တစ်ဝက် ကျောင်းပြန်တက်တော့ အဆောင်မှာ နှစ်ပါတ်လည် ညစာစားပွဲလုပ်ဖို့ စီစဉ်ကြပါတယ် …

ကျွန်တော်တို့ ဖျော်ဖြေရေးတီးဝိုင်း တစ်ခုဖွဲ့ ဖြစ်ပါတယ် … ခေါင်းဆောင် လိဒ်ဂစ်တာ ကိုလှမျိုးအောင် (သစ်တော)ပါ … ဘေ့(စ်) ဂစ်တာက အခုဆုံးသွားပြီဖြစ်တဲ့ ကျွန်တော်တို့နဲ့ တစ်နှစ်ထဲကျောင်းဝင်တဲ့ ဘရန်နန်ပါ … ဒရမ်က သစ်တောက ကျိုက်ခမီသား အစ်ကိုတစ်ယောက်ပါ … ကျွန်တော်က ကီးဘုတ် တာဝန်ယူတီးခတ်ရပါတယ် … ကျန်တဲ့အဖွဲ့တွေတော့ သိပ်မမှတ်မိတော့ပါ …

စောစောက သီချင်းခေါင်းစဉ်တွေက သီချင်းသီဆိုမယ့် သူတွေက သူတို့ဆိုမဲ့ သီချင်းခေါင်းစဉ်တွေ လာပေးကြတာပါ …

ဒီလိုနဲ့ ကိုငှက်ကြီး(ထူးအိမ်သင်)ရဲ့ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင် တီးခတ်ရပါတော့တယ် …

အဲဒီတုံးက သစ်တော ဒုတိယနှစ်ကျောင်းသား ကိုကျော်ထိုက်ရဲ့ ကြိုက်သလိုလုပ်လိုက် … က တော်တော် Hot

ဖြစ်သွားပါတယ် …

ကျွန်တော့် အကြိုက်တွေက .. ဆွေးပြီ … ဝေးသွားတဲ့အခါ … ခွင့်မပြု … ညီလေးရေ .. နာရီရဲ့သီချင်း … စိမ်းရက်လေအား …. စတဲ့သူ့သီချင်းတွေပေါ့ ..

ဒီလိုနဲ့ စိုက်ပျိုးရေးကျောင်းတက်နေစဉ် ညစာစားပွဲမျိုးစုံ သီချင်းတွေတီးခတ်ရတိုင်း ကိုငှက်ကြီးရဲ့ သီချင်း အနည်းဆုံး ၃-၄ ပုဒ်လောက် မတီးရတဲ့အခါဆိုတာမရှိပါဘူး …

အိမ်ပြန်ချင်တဲ့အခါတိုင်း ကျောင်းသားတွေပါးစပ်မှာ အမေ့အိမ် သီချင်းကို ဟစ်တတ်ကြပါတယ် …

အဲဒီအချိန်ထိ သူနဲ့ကျွန်တော် တစ်ချိန်ချိန် ရင်းရင်းနှီးနှီး ပတ်သက်ရမယ်လို့ မထင်ခဲ့ပါဘူး ….

၁၉၉၅ (ရန်ကုန်)

ကျွန်တော် ကျောင်းပြီးတော့ ၁၉၉၄ နိုဝင်ဘာလ … ဒီဇင်ဘာလ ပထမအပတ်မှာ ဘွဲ့နှင်းသဘင်ပါ … စာမေးပွဲအောင်မှန်းလည်းသိရော … အိမ်မပြန်တော့ပဲ ဘွဲ့နှင်းသဘင်ကို တစ်ခါထဲတက်ခဲ့ပါတယ် …

ဘွဲ့နှင်းသဘင်ပြီးလို့ အိမ်တောင်မပြန်လိုက်ရပါဘူး … ရန်ကုန်ရောက်ရောက်ချင်း ဒီဇင်ဘာလ ၂၀ ကျော်မှာ Pan American ဆိုတဲ့ ဆေး Company မှာ Marketing Assistant အလုပ်ရပါတယ် …

အဲဒီတုံးက ကျွန်တော်တို့ ဝန်ထမ်းတွေက မောင်နှမ တွေလို ပျော်စရာအရမ်းကောင်းခဲ့ပါတယ် … ဒီလိုနဲ့ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက် ညီမတစ်ယောက် … သူ့နာမည်က သွယ်သွယ်ထွေးတဲ့ … ကျွန်တော်တို့က သူ့ကို မိသွယ်လို့ပဲခေါ်ကြပါတယ် …

တစ်နေ့ လုပ်ဖော်ကိုင်ဖက် ကိုစိန်လွင်ဦးက မိသွယ်ကို ကိုငှက်ကြီးအခွေထွက်ရင် လက်ဆောင်တောင်းပေးဖို့ တောင်းဆိုနေပါတယ် … ဒီတော့မှ ကျွန်တော်လည်း ကိုငှက်နဲ့ မိသွယ်တို့ရဲ့ ပါတ်သက်မှုကိုသိကြတော့တယ် ..

တစ်နေ့တော့ နေ့လည်ခင်း ထမင်းစားချိန် .. ကိုငှက်ကြီး မိသွယ်ဆီခဏ လှည့်ဝင်လာတုံး ရိပ်ခနဲ တစ်ချက် သူ့ ကို ပထမဆုံးတွေ့လိုက်ကြပါတယ် … ဒါကသူ့ကို အပြင်မှာ ပထမဆုံးအကြိမ်တွေ့ဖူးတာပါပဲ …

နောက်တစ်ကြိမ်ကတော့ သူ့ကို မိသွယ်နဲ့တူတူလမ်းမတော်(၁၆)လမ်းက မိတ်ဆွေတစ်ယောက်အိမ်မှာ တစ်ခါဆုံဖူးပါတယ် … အဲဒီမှာ သူ့ရဲ့စာပေအပေါ် အလေးထားပုံကိုတွေ့ရပါတယ် … မိသွယ်က ကိုလေးလို့ခေါ်တော့ ကျွန်တော်တို့လည်း ကိုလေးလို့ပဲခေါ်ခဲ့ကြတာပေါ့ …

နောက်တော့သူတို့နှစ်ယောက်လက်ထပ်သွားပါတယ် …

၁၉၉၆ (ရန်ကုန်)

ကိုငှက်နဲ့ မိသွယ်တို့ အချစ်ဆုံးသမီးလေး မိကွန်ထော ကိုမွေးပါတယ် … ကျွန်တော်လည်း ၁၉၉၆ ဇွန်လမှာ Mild Seven စီးကရက်(ဂျပန်)ဖြန့်ဖြူးတဲ့ Myanmar Indobest Company ကို အလုပ်ပြောင်းပါတယ် …

၁၉၉၇ ခုနှစ်မေလ(၁၁)ရက်

ကျွန်တော့်မင်္ဂလာပွဲကို သူတို့ဇနီးမောင်နှံ သမီးကလေးနဲ့အတူတူ ရောက်လာကြပါတယ် …

၁၉၉၈ (ရန်ကုန်)

Myanmar Indobest (Mild Seven) ကကြီးမှူးပြီး Karaoke အဆိုပြိုင်ပွဲ တစ်ခုပြုလုပ်ပါတယ် ….

အဲဒီအတွက် အစည်းအဝေးထိုင်ကြတော့ အမျိုးသား ကြီးကြပ်ဒိုင်လူကြီးအဖြစ် ကိုငှက် .. လီယိုနဒ် ကိုမောင်မောင်လွင်တို့ကို ဖိတ်ခေါ်ဆောင်ရွက်စေဖို့ဆုံးဖြတ်ကြပါတယ် … ကျွန်တော်နဲ့ မိသွယ်တို့ရင်းနှီးမှန်း အားလုံးသိကြတော့ ကိုငှက်ကိုရအောင် ဖိတ်ခေါ်ပေးဖို့တာဝန်က ကျွန်တော့်ဆီကိုကျရောက်လာပါတော့တယ် .

ဒီလိုနဲ့ ကျွန်တော်သူနေတဲ့ ကျောက်မြောင်းအိမ်ကိုရောက်ခဲ့ပါတယ် … နိုင်ငံကျော် နာမည်ကြီး အဆိုတော်ရဲ့ အိမ်က သာမန်ကျွန်တော်တို့လို တိုက်ခန်းကျဉ်းလေးပါပဲ … သူနဲ့ မတွေ့တော့ မိသွယ်က OASIS စတူဒီယိုကို လိုက်သွားဖို့ပြောပါတယ် … ဒါနဲ့ ကျွန်တော်လည်း OASIS ကိုရောက်ပြန်ပါတယ် …

OASIS ရောက်တော့ သူ သီချင်းလုပ်နေလို့ ခဏစောင့်ရပါသေးတယ် … နောက်တော့ သူထွက်လာပြီး ကျွန်တော်နဲ့တွေ့ပါတယ် … ပထမတော့သူက မလုပ်ချင်ဘူးလို့ ငြင်းပါသေးတယ် …. ကျွန်တော်က အတင်းတောင်းဆိုတော့ သူ နောက်တော့ ရှောရှော ရှုရှု လက်ခံလိုက်ပါတယ် …

ဒါနဲ့ ကျွန်တော်က ကျွန်တော့် ဒါရိုက်တာ နိုင်ငံခြားသားတွေနဲ့တွေ့ပေးဖို့သူ့ကိုခေါ်တော့ … ညီလေး အစ်ကို့ ကားက ဝပ်ရှော့မှာတဲ့ … ဒါနဲ့ ကျွန်တော့်ကားနဲ့ဘဲ သူလိုက်လာပါတယ် …

ရုံးရောက်တော့ သူနဲ့ ကျွန်တော့် လူကြီးတွေတွေ့ကြပြီး အစီအစဉ်တွေဆွေးနွေးကြ .. နောက်တော့ ကျွန်တော်ပဲ OASIS ကိုပြန်လိုက်ပို့ရတာပေါ့ …

Karaoke အဆိုပြိုင်ပွဲတစ်လျောက်လုံး နိုင်ငံကျော် အဆိုတော် ဂီတပညာရှင် ကိုထူးအိမ်သင်ကို ရင်းရင်းနှီးနှီး … အချိန်ကြာကြာ နောက်ဆုံး အဲဒီတစ်ကြိမ်က တွေ့ဆုံခဲ့ရတယ် ….

အဆိုပြိုင်ပွဲ နောက်ဆုံးနေ့ … ကျွန်တော်က စက်ကို ကိုင်တဲ့ ဒီဂျေပါ … နောက်ဆုံးပြိုင်ပွဲက Pioneer Club မှာပါ … ပွဲမစခင် စက်တွေ .. ပရိုဂျက်တာတွေ စမ်းရင်း ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် ကိုသိုက်ထွန်းဝင်းကျော် တို့ ပရိတ်သတ်လူမစုံခင် ကိုငှက်ရဲ့ ဝေးသွားတဲ့အခါသီချင်းကို အတွဲညီညီဆိုကြတော့ ပရိတ်သတ်က အားပေးကြပါတယ် ….

ပြိုင်ပွဲ ပွဲစဉ်တိုင်း သူလည်း Karaoke တစ်ပုဒ်တော့ ပရိတ်သတ်ကိုဆိုပြပါတယ် … ကျွန်တော်လည်း ပွဲစဉ် တစ်လျောက်လုံး Recording လုပ်ထားခဲ့ပါတယ် … အဲဒီအခွေတွေအားလုံး ရန်ကုန်အိမ်မှာ အခုအချိန်အထိ အမှတ်တယ သိမ်းထားဆဲပါ …

ဒါနောက်ဆုံးပါပဲ ….

ဒီနောက်တော့ တွေ့လည်း ခဏတစ်ဖြုတ်ပါပဲ … မိသွယ်က ကျွန်တော့်ဇနီးမိသားစုနဲ့ရင်းနှီးတော့ အထူးသဖြင့် ကျွန်တော့်ဇနီးရဲ့ ညီမ မခိုင်နဲ့ တတွဲတွဲနေကြတာဆိုတော့ တစ်ခါတစ်ရံ ကျွန်တော့် ယောက်ခမနေတဲ့ (၂၄)လမ်းကို သူတို့ရောက်လာတတ်ပါတယ် …

ကျွန်တော့်ဇနီးနဲ့တစ်ခါတစ်ရံ သူတို့မိသားစုတွေ့တတ်ပေမယ့် ကျွန်တော်နဲ့က မဆုံဖြစ်တာများပါတယ် …

ဒီလိုနဲ့ ကျွန်တော်လည်း ၁၉၉၉ ကစလို့ အလုပ်အမျိုးမျိုးပြောင်းနဲ့ ထပ်မတွေ့ကြတော့ပါဘူး …

၂၀၀၄ ခုနှစ် သြဂုတ်လ (၁၄)ရက် …

ကျွန်တော့်ဇနီး ကျွန်တော်ရုံးကိုဖုန်းဆက်ပါတယ် … ကိုငှက်ကြီးဆုံးပြီတဲ့ …

အဲဒီည ကျောက်မြောင်းက သူ့အိမ်ကိုရောက်ပါတယ် … နောက် သူ့ဈာပနကိုလည်း ကျွန်တော်ရောက်ပါတယ် … သူ့ရဲ့နောက်ဆုံးခရီးကို လိုက်ပို့သူတွေများတာ တိုးမပေါက်အောင်ပါပဲ …

သြော် အခုတော့ ၇ နှစ်တောင်ကြာပါပီကော …. ကိုငှက်ရေ တို့တွေဝေးသွားတဲ့အခါ ……….

(ဝေးသွားတဲ့အခါ ကိုငှက်ကြီးအမှတ်တယ) ….

Tuesday, August 9, 2011

အဖေနဲ့သားဇာတ်လမ်း၊ ငါက(၄၁)နှစ်၊ စင်္ကာပူနိုင်ငံကတော့(၄၆)နှစ်၊ Majulah Singapura ("Onward Singapore")

Full webcast replay @ http://www.ndp.org.sg/#/live-webcast/

ဒီတစ်ပါတ်တော့ သြဂုတ်လ(၉)ရက်နေ့ အင်္ဂါနေ့ဟာ ရုံးပိတ်ရက်ဖြစ်နေလို့ တနင်္လာနေ့ကိုခွင့်ယူပြီး မလေးရှားကို သွားလည်ဖြစ်ပါတယ် … 

သြဂုတ်လ(၉)ရက်နေ့ဟာ စင်္ကာပူနိုင်ငံ မလေးရှားကနေ ခွဲထွက်လာတာ(၄၆)နှစ်ရှိပြီဆိုတော့ သူတို့အခေါ် စင်္ကာပူရဲ့(၄၆)နှစ်မြောက်မွေးနေ့ပေါ့ … 

မနေ့ကညနေမှာ မလေးရှားကပြန်ရောက်တော့ ညနေ(၅း၃၀)လောက်ရှိနေပါပြီ … 

ဒါပေမယ့် စင်္ကာပူရောက်တဲ့ ၂၀၀၈ ခုနှစ်ကထဲက သူတို့ရဲ့ National Day Parade ကို TV ကနေ Live လွင့်တာ နှစ်တိုင်းကြည့်ဖြစ်တော့ ဒီနှစ်လည်း အိမ်ပြန်ရောက်တာနဲ့ TV ဖွင့်ပြီး သားနဲ့အတူတူ ကြည့်ဖြစ်ပါတယ် … 

ကျွန်တော်ဆိုရင် ငယ်ငယ်ကလေးထဲက ဘင်ခရာတပ်ဖွဲ့ခေါင်းဆောင်ဆိုတော့ ဒီလို Parade မျိုးတွေ ငယ်ငယ်တုံးကနှစ်စဉ် ပါဝင်ခဲ့ဘူးပါတယ် … 

ကျွန်တော်တို့ငယ်ငယ်ကဆို လွတ်လပ်ရေးနေ့ကစလို့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့၊ ပြောရရင် တစ်နှစ်ပတ်လုံး လတိုင်း ဒီလိုပွဲမျိုးတွေမှာ ပါဝင်ခဲ့ရပါတယ် … အလွန်ပျော်စရာကောင်းခဲ့တာ … 

၁၉၈၆ နောက်ပိုင်းတော့ (၁၀)တန်းအောင်ပြီး ဒီလိုပွဲတွေမှာ သိပ်မပါဖြစ်တော့ပါဘူး … 

ဒီမှာကတော့ သူတို့ရဲ့ National Day Parade ကို တစ်နှစ်နဲ့တစ်နှစ်မတူအောင်ကျင်းပလေ့ရှိပါတယ် … တစ်ခုသတိထားမိတာက ဒီမှာကလူငယ်ကလေးတွေကို ပခုံးပြောင်းပေးဖို့ စည်းရုံးပညာပေးသွားတဲ့ ပုံစံကိုပါ … 

ဒီနှစ်မှာတော့ ဇတ်လမ်းလေးတစ်ပုဒ်ကို ပုံဖေါ်သွားပါတယ် … တစ်ကယ့်ကိုနှစ်သက်စရာပါ … ကျွန်တော်တို့လို သူတို့နိုင်ငံသားမဟုတ်သူတွေတောင် စိတ်ထဲကနေ ကြက်သီးထအောင် အစီအစဉ်ကောင်းတွေကို လုပ်ပြသွားကြပါတယ် … 

ဇာတ်လမ်းလေးက သူ့အဖေရယ်၊ သားကလေးရယ်၊ National Day Parade ကိုလာကြည့်ကြပါတယ် … သားက အခုခေတ်ကလေးတွေပုံစံ PS3 Game စက်ကိုလက်မှာကိုင်ထားပြီး ဆော့နေရင်းနဲ့ ပွဲကိုကြည့်နေပါတယ် … 

နောက်တော့ သားကလေးက အဖေတို့ငယ်ငယ်တုံးက National Day Parade အကြောင်းကိုမေးလိုက်ပါတယ် … အဖေလုပ်သူက သူငယ်ငယ်က ဒီပွဲကိုလာရလို့ ပျော်ရွင်ရပုံတွေကို သူကနောက်ခံပြောပြီး အနည်းငယ်ပြပါတယ် … သားကတော့ ဂိမ်းမှာစိတ်ဝင်စားနေပြီး အဖေပြောပြနေတာမကြားပါဘူး … 

ဒါပေမယ့် သူကိုယ်တိုင် ဂိမ်းထဲမှာလို ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူ့တိုင်းပြည်ကို ကျရောက်လာတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းနေတယ်လို့ထင်လိုက်ပါတယ် … 

သူ့ရဲ့စိတ်ကူးပြီး ဂိမ်းထဲမှာ သူကိုယ်တိုင်ခေါင်းဆောင်ပြီး အကြမ်းဖက်မှုတွေကို နှိမ်နင်းနေတာကို အပြင်မှာ ရဲ၊ မီးသတ်၊ ရေတပ်၊ လေတပ်တွေက ပါဝင်သရုပ်ပြသွားကြပါတယ် … 

ဘယ်လောက်ကြည့်လို့ ကောင်းမလဲဆိုတာစဉ်းစားကြည့်ပါ … စက်ရုပ်တွေသုံးပြီးမိုင်းဗုံးရှင်းတာတွေ … ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်တာတွေ အစုံပါပဲ … တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ တင်ဆက်သွားတာပါ … စစ်အင်အားတွေ၊ နည်းပညာသစ်တွေ သရုပ်ပြတာကို ဇာတ်လမ်းဇာတ်ကွက်နဲ့ လူငယ်လေးတွေ စိတ်ဝင်စားအောင်လုပ်ပြသွားပါတယ် … 

ဒါလဲပြီးရော နောက်တစ်ခုက စင်္ကာပူနိုင်ငံတိုးတက်လာပုံကို ကလေးလေးတစ်ယောက် မွေးဖွားလာပုံနဲ့ နှိုင်းယှဉ်ပြသွားပါသေးတယ် … 

ဇတ်လမ်းတစ်ခုလုံးက ကြည့်ကောင်းလှပါတယ် … နောက်ဆုံးတော့ မီးပန်းတွေပစ်ဖောက်လို့ နိုင်ငံတော်အလံကို လွင့်ထူပြီးအားလုံးအတူတကွ နိုင်ငံတော်သီချင်းသီဆိုကြပါတယ် … 

ဒီနှစ်တော့ Majulah Singapora တဲ့၊ ဆိုလိုတာက စင်္ကာပူရှေ့သို့ပါ … 

စင်္ကာပူနိုင်ငံကို ဒီလိုအခြေအနေရောက်အောင် ဦးစီးဆောင်ရွက်ခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ခေါင်းဆောင်ကြီး လီကွမ်းယူ၊ သူ့နောက်က ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဂိုချုပ်တောင်တို့ဟာ ဒီနှစ်ကစလို့ တာဝန်တွေကနေ အလုံးစုံ အနားယူသွားကြပါပြီ … 

အခုလက်ရှိ President ဖြစ်တဲ့ Mr. S.R. Nathan ကလည်းဒီလမှာ တာဝန်လွဲပြောင်း ပေးပါတော့မယ်။ မကြာခင် ဒီလ (၂၇)ရက်နေ့မှာ President အသစ်ရွေးပွဲကျင်းပပါတော့မယ် … 

ဒီနှစ် ရွေးကောက်ပွဲမှာ ပါလီမန်အမတ်တွေအဖြစ် အသက်(၂၄)နှစ်၊ (၂၇)နှစ်အရွယ် အမျိုးသမီးငယ်လေးတွေပါဝင် ယှဉ်ပြိုင်ခဲ့ကြတာကို သတိရလိုက်မိပါတယ် … 

လူငယ်တွေကို ပခုံးပြောင်းပေးဖို့ ပုံစံချပေးနေတဲ့ စင်္ကာပူနိုင်ငံပါလား … ခေါင်းဆောင်ဟောင်းလီကွမ်းယူဟာ စတိတ်စင်ပေါ်ကနေ သရုပ်ဖေါ်ပြနေတဲ့ ပြကွက်တွေကို ပါလီမန် အဖွဲ့ဝင်များ၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်းလွန်း စတဲ့ခေါင်းဆောင်များနဲ့အတူ ထိုင်ကြည့်နေခဲ့ပါတယ် … 

ကျွန်တော့်တို့ဟာ ဘဝမှာ အသေးအဖွဲလေးတစ်ခုခု အောင်မြင်ရင်တောင် ကျေနပ်ပီတိဖြစ်ကြပါတယ် … 

ဒီလို ဘာမှမရှိတဲ့ ကိုယ့်နိုင်ငံသေးသေးလေးကို သယံဇာတများစွာကြွယ်ဝပိုင်ဆိုင်ကြတဲ့ အခြားနိုင်ငံကြီးတွေထက် အောက်မကျအောင် ဆောင်ရွက်ပေးခဲ့ပြီး ... ဒီလိုဆောင်ရွက်နိုင်ခဲ့တာကို အနားယူခါနီးမှာ အေးအေးချမ်းချမ်း ထိုင်ကြည့်ရတာ ... သူ့ရဲ့ကုသိုလ်ကံ ဘယ်လောက်ကောင်းလိုက်သလဲလို့ စဉ်းစားမိလိုက်ပါတယ် … 

ကျွန်တော်ဆိုရင် အခု အသက်(၄၁)နှစ်ရှိခဲ့ပါပြီ … သူ … စင်္ကာပူနိုင်ငံကတော့(၄၆)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ … သူ့ဘဝက တိုးတက်မှုအပြည့်နဲ့ … 

ကျွန်တော်၊ ကျွန်တော်နဲ့သက်တူရွယ်တူတွေ … အမြဲတမ်းလည်း လီကွမ်းယူလို ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် အေးအေးဆေးဆေး ပြန်ထိုင်ပြီး မကြည့်ရဲ၊ မကြည့်ခဲ့ရတဲ့ သနားစရာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ … 

သူ့ဇတ်လမ်းမှာ သားကနေအဖေကို လက်ဆင့်ကမ်းနေပြီ … ကျွန်တော့်တို့မှာတော့ … အတူတူထိုင်ကြည့်နေတဲ့ သားကိုတောင် လက်ဆင့်ကမ်းစရာ သမိုင်းမရှိ … 

အမှန်အတိုင်းဝန်ခံရရင် Majulah Singapora ကြောင့် ကျွန်တော်မျက်ရည်ဝဲပါတယ် …. 

Video & Links: Full webcast replay @ http://www.ndp.org.sg/#/live-webcast/ Others: 
http://www.ndp.org.sg/#/landing http://www.youtube.com/watch?v=J9-HrLrlSLY 
http://www.youtube.com/watch?v=FENDfBHs5YY&feature=related http://www.youtube.com/watch?v=VIgoiKKa9_E&feature=related http://www.youtube.com/watch?v=sRjCFN7m99g&feature=related