Sunday, August 14, 2011

ကျွန်တော်နဲ့ ကိုငှက် ... (ဝေးသွားတဲ့အခါ) ....



၁၉၈၆ … (ရေဆင်း)

ကျွန်တော် စိုက်ပျိုးရေးပထမနှစ် … ကျွန်တော် ရေဆင်းရောက်စ ပထမနှစ်မှာ သစ်တောဆောင် ရန်အောင်မြင်မှာ နေရပါတယ် …

ကျွန်တော်တို့ ရန်အောင်မြင်ဆောင် ပထမနှစ်ကျောင်းသားဘဝက ပျော်စရာပေါ့ … အဆောင်မှာ သစ်တော ဒုတိယနှစ်ကျောင်းသား အများစုနဲ့ စိုက်ပျိုးရေးကျောင်းသားတွေပါ …

အဲဒီတုံးက အဆောင် ဟောလ်ကျူတာက ဦးမောင်မောင်ကျော်ပါ … နောက်တော့ တိမွေးကု ကျောင်းမှာ မော်ကွန်းထိန်းတာဝန်ထမ်းဆောင်သွားပါတယ် … ဆရာက စက်မှုလက်မှုဝါသနာထုံပါတယ် … အထူးသဖြင့် ကက်ဆက်တွေ ဘာတွေပြင်ပါတယ် ... သူ့တစ်ခန်းလုံးလည်း လျှပ်စစ်ကရိယာတွေ ရှုပ်ပွနေပါတယ် … ညနေထမင်းစားချိန်က ကျွန်တော်တို့ကျောင်းသားတွေကသိပ်ပျော်ပါတယ် … ဘာလို့လည်းဆိုတော့ ဆရာက စားသောက်ဆောင်မှာ လက်ဖက်ရည်ဆိုင်မှာလို စပီကာကောင်းကောင်းနှစ်လုံးတပ်ပေးထားပြီး သူ့အခန်းကို ဝါယာကြိုးသွယ်ထားပြီး ကက်ဆက်ကနေ သီချင်းတွေနေ့စဉ် ဖွင့်ပေးလေ့ရှိပါတယ် …

ဆရာက အဲဒီတုံးက အောင်မြင်တဲ့ ဂျက်မြသောင်း … ချစ်ကောင်း … စသဖြင့် အလှည့်ကျ ဖွင့်ပေးလေ့ရှိပါတယ် … ကျွန်တော်တို့ကျောင်းသားတွေ ညနေစာ စားရတဲ့ အချိန်က သိပ်ပျော်စရာကောင်းပါတယ် …

တစ်ခါတစ်လေ ဆရာအပြင်သွားစရာရှိတဲ့နေ့တွေဆို ကျွန်တော်တို့ တိတ်တိတ်ဆိတ်ဆိတ် ထမင်း စားရလေ့ ရှိပါတယ် … ဆရာက ကျွန်တော့်အခန်းရဲ့ ဓါးလွယ်ခုတ် အပေါ်ထပ် လှေကားနဲ့ကပ်ရက် အခန်းမှာနေပါတယ် ..

ကျွန်တော့်မှာ အဲဒီတုံးက SANYO MONO ကက်ဆက်ကလေးတစ်လုံးရှိပါတယ် … ကျွန်တော် ကျောင်းကို ရောက်ပြီး တစ်လ .. နှစ်လလောက်မှာ ဆရာနဲ့ရင်းနှီးလာတော့ ကျွန်တော့်မှာ အဲဒီကက်ဆက်လေး ရှိမှန်းလည်းသိရော … ညနေတိုင်း ဒီလိုသီချင်းဖွင့်ပေးတဲ့ အလုပ်ကိုကျွန်တော့်ကို တာဝန်ပေးပါတော့တယ် … ဝါယာကြိုးတွေ … အင်ပရီဖိုင်ယာတွေ … ကျွန်တော့်အခန်းထဲကို ယူချလာ ပါတော့တယ် …

ဆိုလိုတာက ဒီလိုနဲ့ နေ့စဉ်သီချင်းဖွင့်တဲ့ အလုပ်က ကျွန်တော့်ဆီ အလိုလိုရောက်လာပါတော့တယ် … နောက်တော့ ညနေသီချင်းတွေကို ကျွန်တော်ဖွင့်ပေးနေမှန်းသိလာတော့ သူငယ်ချင်းတွေရော … သစ်တော ဒုတိယနှစ်က အစ်ကိုကြီးတွေရော သူတို့နားထောင်ချင်တဲ့ သီချင်းတွေကို တောင်းဆိုတတ်ကြပါတယ် … တစ်ခါတစ်လေ ကက်ဆက်ခွေကို သူတို့ကိုယ်တိုင်ယူလာပေးတတ်ကြပါတယ် …

တစ်နေ့ … သစ်တောဒုတိနှစ်က အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ညနေစာ စားချိန်မှာ လာမေးပါတယ် … ညီလေး … အခုအသစ်ထွက်တဲ့ ထူးအိမ်သင်အခွေမရှိဘူးလားတဲ့ …

ကျွန်တော့်စိတ်ထဲမှာ … ထူးအိမ်သင်တဲ့ … နာမည်ကလည်း ထူးဆန်းလိုက်တာပေါ့ …

နောက်တော့ ကျွန်တော့်ကို အစ်ကိုတစ်ယောက်က သူ့ … (ထူးအိမ်သင်)ရဲ့ ပထမဆုံး နာရီပေါ်က မျက်ရည်စက်များဆိုတဲ့ … အခွေယူလာပေးပါတော့တယ် … ကျွန်တော် နေ့တိုင်းဒီအခွေကိုဖွင့်ပေးတာ လပေါင်းများစွာ ပထမနှစ်ဝက်ကျောင်းပိတ်ချိန် အထိပါပဲ … သူ့သီချင်းတွေကို နေ့တိုင်းနားထောင်ရပေမယ့် ဘယ်ကျောင်းသားမှ သီချင်းခွေပြောင်းပေးဖို့ မတောင်းဆိုခဲ့ကြပါဘူး …

ကျွန်တော်တို့ ကျောင်းသားအားလုံးရဲ့ ပါးစပ်ဖျားက သီချင်းဆိုသံတွေက…. ဝေးသွားတဲ့အခါ … ညီလေးရေ …

၁၉၈၇ (ရေဆင်း)

နာရီပေါ်ကမျက်ရည်စက်များ …

မေ့လိုက်တော့ …

ရက်စက်စွာပြုံးတတ်သော …

ခွင့်မပြု …

ညီလေးရေ …

တစ်နေ့ နေ့တော့ချစ်လာလိမ့်မည် …

ကြိုက်သလိုလုပ်လိုက် …

မရိုးသားတော့ဘူး …

ချစ် …

ဒုတိယနှစ်တစ်ဝက် ကျောင်းပြန်တက်တော့ အဆောင်မှာ နှစ်ပါတ်လည် ညစာစားပွဲလုပ်ဖို့ စီစဉ်ကြပါတယ် …

ကျွန်တော်တို့ ဖျော်ဖြေရေးတီးဝိုင်း တစ်ခုဖွဲ့ ဖြစ်ပါတယ် … ခေါင်းဆောင် လိဒ်ဂစ်တာ ကိုလှမျိုးအောင် (သစ်တော)ပါ … ဘေ့(စ်) ဂစ်တာက အခုဆုံးသွားပြီဖြစ်တဲ့ ကျွန်တော်တို့နဲ့ တစ်နှစ်ထဲကျောင်းဝင်တဲ့ ဘရန်နန်ပါ … ဒရမ်က သစ်တောက ကျိုက်ခမီသား အစ်ကိုတစ်ယောက်ပါ … ကျွန်တော်က ကီးဘုတ် တာဝန်ယူတီးခတ်ရပါတယ် … ကျန်တဲ့အဖွဲ့တွေတော့ သိပ်မမှတ်မိတော့ပါ …

စောစောက သီချင်းခေါင်းစဉ်တွေက သီချင်းသီဆိုမယ့် သူတွေက သူတို့ဆိုမဲ့ သီချင်းခေါင်းစဉ်တွေ လာပေးကြတာပါ …

ဒီလိုနဲ့ ကိုငှက်ကြီး(ထူးအိမ်သင်)ရဲ့ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင် တီးခတ်ရပါတော့တယ် …

အဲဒီတုံးက သစ်တော ဒုတိယနှစ်ကျောင်းသား ကိုကျော်ထိုက်ရဲ့ ကြိုက်သလိုလုပ်လိုက် … က တော်တော် Hot

ဖြစ်သွားပါတယ် …

ကျွန်တော့် အကြိုက်တွေက .. ဆွေးပြီ … ဝေးသွားတဲ့အခါ … ခွင့်မပြု … ညီလေးရေ .. နာရီရဲ့သီချင်း … စိမ်းရက်လေအား …. စတဲ့သူ့သီချင်းတွေပေါ့ ..

ဒီလိုနဲ့ စိုက်ပျိုးရေးကျောင်းတက်နေစဉ် ညစာစားပွဲမျိုးစုံ သီချင်းတွေတီးခတ်ရတိုင်း ကိုငှက်ကြီးရဲ့ သီချင်း အနည်းဆုံး ၃-၄ ပုဒ်လောက် မတီးရတဲ့အခါဆိုတာမရှိပါဘူး …

အိမ်ပြန်ချင်တဲ့အခါတိုင်း ကျောင်းသားတွေပါးစပ်မှာ အမေ့အိမ် သီချင်းကို ဟစ်တတ်ကြပါတယ် …

အဲဒီအချိန်ထိ သူနဲ့ကျွန်တော် တစ်ချိန်ချိန် ရင်းရင်းနှီးနှီး ပတ်သက်ရမယ်လို့ မထင်ခဲ့ပါဘူး ….

၁၉၉၅ (ရန်ကုန်)

ကျွန်တော် ကျောင်းပြီးတော့ ၁၉၉၄ နိုဝင်ဘာလ … ဒီဇင်ဘာလ ပထမအပတ်မှာ ဘွဲ့နှင်းသဘင်ပါ … စာမေးပွဲအောင်မှန်းလည်းသိရော … အိမ်မပြန်တော့ပဲ ဘွဲ့နှင်းသဘင်ကို တစ်ခါထဲတက်ခဲ့ပါတယ် …

ဘွဲ့နှင်းသဘင်ပြီးလို့ အိမ်တောင်မပြန်လိုက်ရပါဘူး … ရန်ကုန်ရောက်ရောက်ချင်း ဒီဇင်ဘာလ ၂၀ ကျော်မှာ Pan American ဆိုတဲ့ ဆေး Company မှာ Marketing Assistant အလုပ်ရပါတယ် …

အဲဒီတုံးက ကျွန်တော်တို့ ဝန်ထမ်းတွေက မောင်နှမ တွေလို ပျော်စရာအရမ်းကောင်းခဲ့ပါတယ် … ဒီလိုနဲ့ အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက် ညီမတစ်ယောက် … သူ့နာမည်က သွယ်သွယ်ထွေးတဲ့ … ကျွန်တော်တို့က သူ့ကို မိသွယ်လို့ပဲခေါ်ကြပါတယ် …

တစ်နေ့ လုပ်ဖော်ကိုင်ဖက် ကိုစိန်လွင်ဦးက မိသွယ်ကို ကိုငှက်ကြီးအခွေထွက်ရင် လက်ဆောင်တောင်းပေးဖို့ တောင်းဆိုနေပါတယ် … ဒီတော့မှ ကျွန်တော်လည်း ကိုငှက်နဲ့ မိသွယ်တို့ရဲ့ ပါတ်သက်မှုကိုသိကြတော့တယ် ..

တစ်နေ့တော့ နေ့လည်ခင်း ထမင်းစားချိန် .. ကိုငှက်ကြီး မိသွယ်ဆီခဏ လှည့်ဝင်လာတုံး ရိပ်ခနဲ တစ်ချက် သူ့ ကို ပထမဆုံးတွေ့လိုက်ကြပါတယ် … ဒါကသူ့ကို အပြင်မှာ ပထမဆုံးအကြိမ်တွေ့ဖူးတာပါပဲ …

နောက်တစ်ကြိမ်ကတော့ သူ့ကို မိသွယ်နဲ့တူတူလမ်းမတော်(၁၆)လမ်းက မိတ်ဆွေတစ်ယောက်အိမ်မှာ တစ်ခါဆုံဖူးပါတယ် … အဲဒီမှာ သူ့ရဲ့စာပေအပေါ် အလေးထားပုံကိုတွေ့ရပါတယ် … မိသွယ်က ကိုလေးလို့ခေါ်တော့ ကျွန်တော်တို့လည်း ကိုလေးလို့ပဲခေါ်ခဲ့ကြတာပေါ့ …

နောက်တော့သူတို့နှစ်ယောက်လက်ထပ်သွားပါတယ် …

၁၉၉၆ (ရန်ကုန်)

ကိုငှက်နဲ့ မိသွယ်တို့ အချစ်ဆုံးသမီးလေး မိကွန်ထော ကိုမွေးပါတယ် … ကျွန်တော်လည်း ၁၉၉၆ ဇွန်လမှာ Mild Seven စီးကရက်(ဂျပန်)ဖြန့်ဖြူးတဲ့ Myanmar Indobest Company ကို အလုပ်ပြောင်းပါတယ် …

၁၉၉၇ ခုနှစ်မေလ(၁၁)ရက်

ကျွန်တော့်မင်္ဂလာပွဲကို သူတို့ဇနီးမောင်နှံ သမီးကလေးနဲ့အတူတူ ရောက်လာကြပါတယ် …

၁၉၉၈ (ရန်ကုန်)

Myanmar Indobest (Mild Seven) ကကြီးမှူးပြီး Karaoke အဆိုပြိုင်ပွဲ တစ်ခုပြုလုပ်ပါတယ် ….

အဲဒီအတွက် အစည်းအဝေးထိုင်ကြတော့ အမျိုးသား ကြီးကြပ်ဒိုင်လူကြီးအဖြစ် ကိုငှက် .. လီယိုနဒ် ကိုမောင်မောင်လွင်တို့ကို ဖိတ်ခေါ်ဆောင်ရွက်စေဖို့ဆုံးဖြတ်ကြပါတယ် … ကျွန်တော်နဲ့ မိသွယ်တို့ရင်းနှီးမှန်း အားလုံးသိကြတော့ ကိုငှက်ကိုရအောင် ဖိတ်ခေါ်ပေးဖို့တာဝန်က ကျွန်တော့်ဆီကိုကျရောက်လာပါတော့တယ် .

ဒီလိုနဲ့ ကျွန်တော်သူနေတဲ့ ကျောက်မြောင်းအိမ်ကိုရောက်ခဲ့ပါတယ် … နိုင်ငံကျော် နာမည်ကြီး အဆိုတော်ရဲ့ အိမ်က သာမန်ကျွန်တော်တို့လို တိုက်ခန်းကျဉ်းလေးပါပဲ … သူနဲ့ မတွေ့တော့ မိသွယ်က OASIS စတူဒီယိုကို လိုက်သွားဖို့ပြောပါတယ် … ဒါနဲ့ ကျွန်တော်လည်း OASIS ကိုရောက်ပြန်ပါတယ် …

OASIS ရောက်တော့ သူ သီချင်းလုပ်နေလို့ ခဏစောင့်ရပါသေးတယ် … နောက်တော့ သူထွက်လာပြီး ကျွန်တော်နဲ့တွေ့ပါတယ် … ပထမတော့သူက မလုပ်ချင်ဘူးလို့ ငြင်းပါသေးတယ် …. ကျွန်တော်က အတင်းတောင်းဆိုတော့ သူ နောက်တော့ ရှောရှော ရှုရှု လက်ခံလိုက်ပါတယ် …

ဒါနဲ့ ကျွန်တော်က ကျွန်တော့် ဒါရိုက်တာ နိုင်ငံခြားသားတွေနဲ့တွေ့ပေးဖို့သူ့ကိုခေါ်တော့ … ညီလေး အစ်ကို့ ကားက ဝပ်ရှော့မှာတဲ့ … ဒါနဲ့ ကျွန်တော့်ကားနဲ့ဘဲ သူလိုက်လာပါတယ် …

ရုံးရောက်တော့ သူနဲ့ ကျွန်တော့် လူကြီးတွေတွေ့ကြပြီး အစီအစဉ်တွေဆွေးနွေးကြ .. နောက်တော့ ကျွန်တော်ပဲ OASIS ကိုပြန်လိုက်ပို့ရတာပေါ့ …

Karaoke အဆိုပြိုင်ပွဲတစ်လျောက်လုံး နိုင်ငံကျော် အဆိုတော် ဂီတပညာရှင် ကိုထူးအိမ်သင်ကို ရင်းရင်းနှီးနှီး … အချိန်ကြာကြာ နောက်ဆုံး အဲဒီတစ်ကြိမ်က တွေ့ဆုံခဲ့ရတယ် ….

အဆိုပြိုင်ပွဲ နောက်ဆုံးနေ့ … ကျွန်တော်က စက်ကို ကိုင်တဲ့ ဒီဂျေပါ … နောက်ဆုံးပြိုင်ပွဲက Pioneer Club မှာပါ … ပွဲမစခင် စက်တွေ .. ပရိုဂျက်တာတွေ စမ်းရင်း ကျွန်တော် နဲ့ လုပ်ဖော်ကိုင်ဖက် ကိုသိုက်ထွန်းဝင်းကျော် တို့ ပရိတ်သတ်လူမစုံခင် ကိုငှက်ရဲ့ ဝေးသွားတဲ့အခါသီချင်းကို အတွဲညီညီဆိုကြတော့ ပရိတ်သတ်က အားပေးကြပါတယ် ….

ပြိုင်ပွဲ ပွဲစဉ်တိုင်း သူလည်း Karaoke တစ်ပုဒ်တော့ ပရိတ်သတ်ကိုဆိုပြပါတယ် … ကျွန်တော်လည်း ပွဲစဉ် တစ်လျောက်လုံး Recording လုပ်ထားခဲ့ပါတယ် … အဲဒီအခွေတွေအားလုံး ရန်ကုန်အိမ်မှာ အခုအချိန်အထိ အမှတ်တယ သိမ်းထားဆဲပါ …

ဒါနောက်ဆုံးပါပဲ ….

ဒီနောက်တော့ တွေ့လည်း ခဏတစ်ဖြုတ်ပါပဲ … မိသွယ်က ကျွန်တော့်ဇနီးမိသားစုနဲ့ရင်းနှီးတော့ အထူးသဖြင့် ကျွန်တော့်ဇနီးရဲ့ ညီမ မခိုင်နဲ့ တတွဲတွဲနေကြတာဆိုတော့ တစ်ခါတစ်ရံ ကျွန်တော့် ယောက်ခမနေတဲ့ (၂၄)လမ်းကို သူတို့ရောက်လာတတ်ပါတယ် …

ကျွန်တော့်ဇနီးနဲ့တစ်ခါတစ်ရံ သူတို့မိသားစုတွေ့တတ်ပေမယ့် ကျွန်တော်နဲ့က မဆုံဖြစ်တာများပါတယ် …

ဒီလိုနဲ့ ကျွန်တော်လည်း ၁၉၉၉ ကစလို့ အလုပ်အမျိုးမျိုးပြောင်းနဲ့ ထပ်မတွေ့ကြတော့ပါဘူး …

၂၀၀၄ ခုနှစ် သြဂုတ်လ (၁၄)ရက် …

ကျွန်တော့်ဇနီး ကျွန်တော်ရုံးကိုဖုန်းဆက်ပါတယ် … ကိုငှက်ကြီးဆုံးပြီတဲ့ …

အဲဒီည ကျောက်မြောင်းက သူ့အိမ်ကိုရောက်ပါတယ် … နောက် သူ့ဈာပနကိုလည်း ကျွန်တော်ရောက်ပါတယ် … သူ့ရဲ့နောက်ဆုံးခရီးကို လိုက်ပို့သူတွေများတာ တိုးမပေါက်အောင်ပါပဲ …

သြော် အခုတော့ ၇ နှစ်တောင်ကြာပါပီကော …. ကိုငှက်ရေ တို့တွေဝေးသွားတဲ့အခါ ……….

(ဝေးသွားတဲ့အခါ ကိုငှက်ကြီးအမှတ်တယ) ….

1 comment:

  1. Greetings from Finland. This, through a blog is a great get to know other countries and their people, nature and culture. Come take a look Teuvo images and blog to tell all your friends that your country flag will stand up to my collection of flag higher. Sincerely, Teuvo Vehkalahti Finland

    ReplyDelete