Tuesday, August 9, 2011

အဖေနဲ့သားဇာတ်လမ်း၊ ငါက(၄၁)နှစ်၊ စင်္ကာပူနိုင်ငံကတော့(၄၆)နှစ်၊ Majulah Singapura ("Onward Singapore")

Full webcast replay @ http://www.ndp.org.sg/#/live-webcast/

ဒီတစ်ပါတ်တော့ သြဂုတ်လ(၉)ရက်နေ့ အင်္ဂါနေ့ဟာ ရုံးပိတ်ရက်ဖြစ်နေလို့ တနင်္လာနေ့ကိုခွင့်ယူပြီး မလေးရှားကို သွားလည်ဖြစ်ပါတယ် … 

သြဂုတ်လ(၉)ရက်နေ့ဟာ စင်္ကာပူနိုင်ငံ မလေးရှားကနေ ခွဲထွက်လာတာ(၄၆)နှစ်ရှိပြီဆိုတော့ သူတို့အခေါ် စင်္ကာပူရဲ့(၄၆)နှစ်မြောက်မွေးနေ့ပေါ့ … 

မနေ့ကညနေမှာ မလေးရှားကပြန်ရောက်တော့ ညနေ(၅း၃၀)လောက်ရှိနေပါပြီ … 

ဒါပေမယ့် စင်္ကာပူရောက်တဲ့ ၂၀၀၈ ခုနှစ်ကထဲက သူတို့ရဲ့ National Day Parade ကို TV ကနေ Live လွင့်တာ နှစ်တိုင်းကြည့်ဖြစ်တော့ ဒီနှစ်လည်း အိမ်ပြန်ရောက်တာနဲ့ TV ဖွင့်ပြီး သားနဲ့အတူတူ ကြည့်ဖြစ်ပါတယ် … 

ကျွန်တော်ဆိုရင် ငယ်ငယ်ကလေးထဲက ဘင်ခရာတပ်ဖွဲ့ခေါင်းဆောင်ဆိုတော့ ဒီလို Parade မျိုးတွေ ငယ်ငယ်တုံးကနှစ်စဉ် ပါဝင်ခဲ့ဘူးပါတယ် … 

ကျွန်တော်တို့ငယ်ငယ်ကဆို လွတ်လပ်ရေးနေ့ကစလို့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့၊ အာဇာနည်နေ့၊ အမျိုးသားနေ့၊ ပြောရရင် တစ်နှစ်ပတ်လုံး လတိုင်း ဒီလိုပွဲမျိုးတွေမှာ ပါဝင်ခဲ့ရပါတယ် … အလွန်ပျော်စရာကောင်းခဲ့တာ … 

၁၉၈၆ နောက်ပိုင်းတော့ (၁၀)တန်းအောင်ပြီး ဒီလိုပွဲတွေမှာ သိပ်မပါဖြစ်တော့ပါဘူး … 

ဒီမှာကတော့ သူတို့ရဲ့ National Day Parade ကို တစ်နှစ်နဲ့တစ်နှစ်မတူအောင်ကျင်းပလေ့ရှိပါတယ် … တစ်ခုသတိထားမိတာက ဒီမှာကလူငယ်ကလေးတွေကို ပခုံးပြောင်းပေးဖို့ စည်းရုံးပညာပေးသွားတဲ့ ပုံစံကိုပါ … 

ဒီနှစ်မှာတော့ ဇတ်လမ်းလေးတစ်ပုဒ်ကို ပုံဖေါ်သွားပါတယ် … တစ်ကယ့်ကိုနှစ်သက်စရာပါ … ကျွန်တော်တို့လို သူတို့နိုင်ငံသားမဟုတ်သူတွေတောင် စိတ်ထဲကနေ ကြက်သီးထအောင် အစီအစဉ်ကောင်းတွေကို လုပ်ပြသွားကြပါတယ် … 

ဇာတ်လမ်းလေးက သူ့အဖေရယ်၊ သားကလေးရယ်၊ National Day Parade ကိုလာကြည့်ကြပါတယ် … သားက အခုခေတ်ကလေးတွေပုံစံ PS3 Game စက်ကိုလက်မှာကိုင်ထားပြီး ဆော့နေရင်းနဲ့ ပွဲကိုကြည့်နေပါတယ် … 

နောက်တော့ သားကလေးက အဖေတို့ငယ်ငယ်တုံးက National Day Parade အကြောင်းကိုမေးလိုက်ပါတယ် … အဖေလုပ်သူက သူငယ်ငယ်က ဒီပွဲကိုလာရလို့ ပျော်ရွင်ရပုံတွေကို သူကနောက်ခံပြောပြီး အနည်းငယ်ပြပါတယ် … သားကတော့ ဂိမ်းမှာစိတ်ဝင်စားနေပြီး အဖေပြောပြနေတာမကြားပါဘူး … 

ဒါပေမယ့် သူကိုယ်တိုင် ဂိမ်းထဲမှာလို ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူ့တိုင်းပြည်ကို ကျရောက်လာတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းနေတယ်လို့ထင်လိုက်ပါတယ် … 

သူ့ရဲ့စိတ်ကူးပြီး ဂိမ်းထဲမှာ သူကိုယ်တိုင်ခေါင်းဆောင်ပြီး အကြမ်းဖက်မှုတွေကို နှိမ်နင်းနေတာကို အပြင်မှာ ရဲ၊ မီးသတ်၊ ရေတပ်၊ လေတပ်တွေက ပါဝင်သရုပ်ပြသွားကြပါတယ် … 

ဘယ်လောက်ကြည့်လို့ ကောင်းမလဲဆိုတာစဉ်းစားကြည့်ပါ … စက်ရုပ်တွေသုံးပြီးမိုင်းဗုံးရှင်းတာတွေ … ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်တာတွေ အစုံပါပဲ … တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ တင်ဆက်သွားတာပါ … စစ်အင်အားတွေ၊ နည်းပညာသစ်တွေ သရုပ်ပြတာကို ဇာတ်လမ်းဇာတ်ကွက်နဲ့ လူငယ်လေးတွေ စိတ်ဝင်စားအောင်လုပ်ပြသွားပါတယ် … 

ဒါလဲပြီးရော နောက်တစ်ခုက စင်္ကာပူနိုင်ငံတိုးတက်လာပုံကို ကလေးလေးတစ်ယောက် မွေးဖွားလာပုံနဲ့ နှိုင်းယှဉ်ပြသွားပါသေးတယ် … 

ဇတ်လမ်းတစ်ခုလုံးက ကြည့်ကောင်းလှပါတယ် … နောက်ဆုံးတော့ မီးပန်းတွေပစ်ဖောက်လို့ နိုင်ငံတော်အလံကို လွင့်ထူပြီးအားလုံးအတူတကွ နိုင်ငံတော်သီချင်းသီဆိုကြပါတယ် … 

ဒီနှစ်တော့ Majulah Singapora တဲ့၊ ဆိုလိုတာက စင်္ကာပူရှေ့သို့ပါ … 

စင်္ကာပူနိုင်ငံကို ဒီလိုအခြေအနေရောက်အောင် ဦးစီးဆောင်ရွက်ခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ခေါင်းဆောင်ကြီး လီကွမ်းယူ၊ သူ့နောက်က ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဂိုချုပ်တောင်တို့ဟာ ဒီနှစ်ကစလို့ တာဝန်တွေကနေ အလုံးစုံ အနားယူသွားကြပါပြီ … 

အခုလက်ရှိ President ဖြစ်တဲ့ Mr. S.R. Nathan ကလည်းဒီလမှာ တာဝန်လွဲပြောင်း ပေးပါတော့မယ်။ မကြာခင် ဒီလ (၂၇)ရက်နေ့မှာ President အသစ်ရွေးပွဲကျင်းပပါတော့မယ် … 

ဒီနှစ် ရွေးကောက်ပွဲမှာ ပါလီမန်အမတ်တွေအဖြစ် အသက်(၂၄)နှစ်၊ (၂၇)နှစ်အရွယ် အမျိုးသမီးငယ်လေးတွေပါဝင် ယှဉ်ပြိုင်ခဲ့ကြတာကို သတိရလိုက်မိပါတယ် … 

လူငယ်တွေကို ပခုံးပြောင်းပေးဖို့ ပုံစံချပေးနေတဲ့ စင်္ကာပူနိုင်ငံပါလား … ခေါင်းဆောင်ဟောင်းလီကွမ်းယူဟာ စတိတ်စင်ပေါ်ကနေ သရုပ်ဖေါ်ပြနေတဲ့ ပြကွက်တွေကို ပါလီမန် အဖွဲ့ဝင်များ၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်းလွန်း စတဲ့ခေါင်းဆောင်များနဲ့အတူ ထိုင်ကြည့်နေခဲ့ပါတယ် … 

ကျွန်တော့်တို့ဟာ ဘဝမှာ အသေးအဖွဲလေးတစ်ခုခု အောင်မြင်ရင်တောင် ကျေနပ်ပီတိဖြစ်ကြပါတယ် … 

ဒီလို ဘာမှမရှိတဲ့ ကိုယ့်နိုင်ငံသေးသေးလေးကို သယံဇာတများစွာကြွယ်ဝပိုင်ဆိုင်ကြတဲ့ အခြားနိုင်ငံကြီးတွေထက် အောက်မကျအောင် ဆောင်ရွက်ပေးခဲ့ပြီး ... ဒီလိုဆောင်ရွက်နိုင်ခဲ့တာကို အနားယူခါနီးမှာ အေးအေးချမ်းချမ်း ထိုင်ကြည့်ရတာ ... သူ့ရဲ့ကုသိုလ်ကံ ဘယ်လောက်ကောင်းလိုက်သလဲလို့ စဉ်းစားမိလိုက်ပါတယ် … 

ကျွန်တော်ဆိုရင် အခု အသက်(၄၁)နှစ်ရှိခဲ့ပါပြီ … သူ … စင်္ကာပူနိုင်ငံကတော့(၄၆)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ … သူ့ဘဝက တိုးတက်မှုအပြည့်နဲ့ … 

ကျွန်တော်၊ ကျွန်တော်နဲ့သက်တူရွယ်တူတွေ … အမြဲတမ်းလည်း လီကွမ်းယူလို ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် အေးအေးဆေးဆေး ပြန်ထိုင်ပြီး မကြည့်ရဲ၊ မကြည့်ခဲ့ရတဲ့ သနားစရာ ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေ … 

သူ့ဇတ်လမ်းမှာ သားကနေအဖေကို လက်ဆင့်ကမ်းနေပြီ … ကျွန်တော့်တို့မှာတော့ … အတူတူထိုင်ကြည့်နေတဲ့ သားကိုတောင် လက်ဆင့်ကမ်းစရာ သမိုင်းမရှိ … 

အမှန်အတိုင်းဝန်ခံရရင် Majulah Singapora ကြောင့် ကျွန်တော်မျက်ရည်ဝဲပါတယ် …. 

Video & Links: Full webcast replay @ http://www.ndp.org.sg/#/live-webcast/ Others: 
http://www.ndp.org.sg/#/landing http://www.youtube.com/watch?v=J9-HrLrlSLY 
http://www.youtube.com/watch?v=FENDfBHs5YY&feature=related http://www.youtube.com/watch?v=VIgoiKKa9_E&feature=related http://www.youtube.com/watch?v=sRjCFN7m99g&feature=related

No comments:

Post a Comment