ပြီးခဲ့တဲ့ အပါတ်က Yahoo News ထဲမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ကို Digital Device များအတွက် ပိုမိုပြီး ပိုက်ဆံသုံးတယ်ဆိုတဲ့ စစ်တမ်းတစ်ခုတွေ့ရပါတယ်။ တစ်ခါ ဒီတစ်ပါတ် Weekend မှာ iOS 5 စနစ်သုံး iPhone 4S က US မှာ နှစ်ရက်ထဲနဲ့ Unit ပေါင်း 4 Million ရောင်းရလိုက်ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ဒီစာစုလေးကို ရေးဖြစ်လိုက်ပါတယ်။
၁၉၉၄ ခုနှစ်၊ ကွန်ပျူတာနှင့် စတင်ထိတွေ့ခြင်း။
ကျွန်တော် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှာ နောက်ဆုံးနှစ်ကျောင်းသားဘဝမှာပေါ့။ ကျွန်တော်တို့နှစ် ကစပြီး နောက်ဆုံးနှစ်မှာ ကျောင်းသားတွေကို သက်ဆိုင်ရာ Specialized Subject ခွဲပြီး ဘာသာအလိုက် သုတေသန အသေးစားလေး တွေလုပ်ခိုင်းကာ နောက်ဆုံးနှစ် စာမေးပွဲမှာ စာတမ်းတစ်စောင် တင်ပေးရပါတယ်။ ကျွန်တော်က နောက်ဆုံးနှစ်မှာ Agri Botany Department ရဲ့ Crop Science ဘာသာကိုယူရပါတယ်။
ကျွန်တော်၊ ပဲခူးက ကိုအောင်ထွန်းသိန်း (ယခုအချိန်အထိ ပဲခူးမှာနေထိုင်သူ)၊ လွိုင်ကော်က မနော်မာလာဦး (ယခု စကာၤပူ)နဲ့ မနန်းခမ်းမြစိန် (ယခု သြစတေးလျ) စုစုပေါင်း သူငယ်ချင်း(၄)ယောက်၊ သုတေသနလုပ်ဖို့ တစ်တွဲ ကျပါတယ်။ ကျွန်တော်တို့လုပ်ရတာက ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနနဲ့ပူးတွဲပြီး တိုက်ရိုက် မျိုးစေ့ချတဲ့ အခါ လေမရှိ၊ ရေမြုပ်နေတဲ့ အခြေအနေမှာ အပင်ပေါက်အကောင်းဆုံး စပါးမျိုးကို စမ်းသပ် ရှာဖွေရတာပါ။
ဒီအတွက် ကျွန်တော်တို့အဖွဲ့ဟာ ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနမှာရှိတဲ့ မျိုးစေ့ဘဏ်မှာ စုဆောင်းထားတဲ့ စပါးမျိုးစေ့တွေ အထဲကနေ ဖြစ်နိုင်ခြေရှိတဲ့ မျိုးစေ့တွေကို ရွေးထုတ်စုဆောင်းရပါတယ်။
သုတေသနပြုလုပ်ပုံ အသေးစိတ်ကိုမပြောတော့ပါဘူး၊ ကျွန်တော့်ခေါင်းစဉ်က ဒီသုတေသနအကြောင်းမှ မဟုတ်တာ၊ ဆိုလိုချင်တာက သုတေသနဆိုတော့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ Computer ကို အသုံးပြုစရာ လိုအပ်လာတာပါ။
အဲဒီတုံးကတော့ ကျွန်တော်တို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် Agronomy ဌာနက သုတေသနဆရာ တစ်ယောက်ဖြစ်တဲ့ ဆရာဦးစံသိန်းဟာ ရေဆင်းစိုက်ပျိုးရေး သုတေသနဖက်ကို ပြောင်းရွေ့သွားတော့ သူနဲ့ အတူတူ တွဲလုပ်ရပါတယ်။ Data အချက်အလက်တွေ ကို statistically significant ဖြစ်သလား မဖြစ်ဖူးလားဆိုတာသိဖို့ကို ဆရာက သူ့ဆီမှာရှိတဲ့ Microsoft DOS စနစ်သုံး PC အဟောင်းကလေးကို ပေးသုံးပါတယ်။ ဒါနဲ့ပဲ ကျွန်တော် ကွန်ပျူတာဆိုတာကို စတင်ထိတွေ့ခဲ့ရပါတော့တယ်။ အဲဒီခေတ်က Microsoft Windows 3.11 ထွက်ရှိကာစပေါ့။ အဲဒီ Windows OS အသစ်မှာ Microsoft Office ပါလာတော့ ရရှိလာတဲ့ Data တွေကို Excel မှာထည့်ပြီး Graph တွေဆွဲခဲ့ရပါတယ်။ ဒီလိုနဲ့ Computer ကို ကျွန်တော်အသဲထဲ စွဲသွားပါတော့တယ်။
၁၉၉၅ ခုနှစ်၊ ကွန်ပျူတာကိုလေ့လာမိသူတစ်ယောက်
ကျွန်တော်ကျောင်းပြီးတာနဲ့ လူသုံးဆေးတွေတင်သွင်းဖြန့်ဖြူးတဲ့ Pan American ဆိုတဲ့ Company မှာ အလုပ် ဝင်ခဲ့ပါတယ်။ စောစောကပြောသလို နောက်ဆုံးနှစ်ကျောင်းသား ဘဝမှာတော့ Computer ဆိုတာ မိတ်ဆက် လောက်ပါပဲ။
ကျွန်တော်တို့ အလုပ်ရှင်က မြန်မာပြည်ဖွား US နိုင်ငံသား ဘဝကနေ ကိုယ့်တိုင်းပြည်ကိုပြန်လာပြီး စီးပွားရေး စလုပ်သူပေါ့။ သူက အဲဒီအချိန်က သူနဲ့ အတူတူခါ်လာတဲ့ ACER နဲ့ UE Singapore က Computer, Fax, Printer စတာတွေတင်သွင်းရောင်းချတဲ့ UE Myanmar ဆိုတဲ့ Company ကလည်း အောင်မြင်ကာစ ဆိုပါတော့။
ဆိုလိုတာက လူကလဲ US ပြန်၊ Computer Company ဆိုတာကလဲ မိတ်ဆွေတွေဆိုတော့ ရုံးမှာ အဲဒီအချိန်ကထဲက လူ(၃)ယောက်ကို Computer တစ်လုံးကျလောက်ရှိအောင်ကို ထားပေးတာပေါ့။ နောက်တစ်ခု သူက အနောက်တိုင်းပုံစံ မိမိဖာသာမိမိ လေ့လာသင်ယူခြင်းကို အားပေးသူတစ်ယောက်ဆိုတော့ အလုပ်ချိန်ပြီးတာနဲ့ ကိုယ့်ဖာသာ ကိုယ်လေ့လာဖို့ ခွင့်ပြုထားပါတယ်။
အဲဒီအချိန်က ကျွန်တော်နေတဲ့နေရာကနေ ခရေပင်လမ်းကရုံးကို (၁)နာရီလောက်ကားစီးရပါတယ်။ ရုံးချိန်က မနက်(၈)နာရီကနေ ညနေ (၅)နာရီခွဲပါ။ ဒါပေမယ့် ညနေ ဆေးခန်းတွေကို သွားရလေ့ရှိတော့ ညပိုင်းမှာ တစ်ခါတစ်ရံ (၉)နာရီ (၁ဝ)နာရီလောက်အထိကို နောက်ကျတတ်ပါတယ်။
ကျွန်တော့်အတွက် လေ့လာချိန်က မနက်ပဲရှိပါတယ်။ ဒါနဲ့ မနက်(၆)နာရီတိတိမှာ အိမ်ကနေထွက်နိုင်အောင် ကြိုးစားရပါတယ်။ ဒါဆိုရုံးကို (၇)နာရီရောက်တာပေါ့ .. သူများတွေမရောက်ခင် (၇)နာရီ ကနေ (၈)နာရီကြား က ကျွန်တော့်ရဲ့ Self Study အချိန်ပေါ့။ ဒီလိုနဲ့ Excel, Microsoft Word, Powerpoint, Pagemaker စတာတွေကို သင်တန်းတက်စရာမလိုဘဲ ကျွမ်းကျင်စွာတတ်မြောက်ခဲ့ရပါတော့တယ်။
၁၉၉၆ ခုနှစ် ဇွန်လ၊ နေရာပြောင်းခြင်း။
ကျွန်တော် Japan Tobacco ရဲ့ Mild Seven ဆေးလိပ်ကို တင်သွင်းဖြန့်ဖြူးတဲ့ Myanmar Indobest ကို ပြောင်းရွေ့ပါတယ်။ အဲဒီမှာ Managing Director က ကျွန်တော့်ထက် (၄)နှစ်ငယ်တဲ့ လူငယ်တစ်ယောက်ပေါ့။ သူကလည်း Computer ကို Crazy ဖြစ်သူတစ်ယောက်ပါပဲ။ ဒါနဲ့ကျွန်တော် ပိုပြီးလို့သာ Computer နဲ့ ပါတ်သက်သော ပညာတွေ တိုးလာပါတော့တယ်။
၁၉၉၇ ခုနှစ်၊ Email ဆိုတာဘာလဲ?
မြန်မာပြည်ရဲ့ ပထမဆုံး Data Service ပေးတဲ့ Eagle IT Company ပေါ်ပေါက်လာပါတယ်။ Eagle က မြန်မာပြည်မှာ Email ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း Company ရဲ့ Email Account တစ်ခုကို ဝယ်ယူအသုံးပြုခဲ့တော့ Email ကို စတင်သုံးတတ်လာပါတယ်။
ဒီအချိန်အထိ ကျွန်တော် ကိုယ်ပိုင် ကွန်ပျူတာဆိုတာ ရုံးမှာရော အိမ်မှာပါ မရှိသေးပါဘူး။
၁၉၉၉ ခုနှစ် အောက်တိုဘာလ၊ ကိုယ်ပိုင်ရုံးသုံး ကွန်ပျူတာနှင့် Email လိပ်စာရရှိခြင်း။
ကျွန်တော်ကိုယ်တိုင် Eagle IT ကို အလုပ်ပြောင်းခဲ့ပါတယ်။ Data Service လုပ်တဲ့ Company ဆိုတော့ လူတိုင်း အလုပ်လုပ်ဖို့ ကိုယ်ပိုင် ကွန်ပျူတာတစ်လုံးစီနဲ့ Email Account တစ်ခုစီ စီစဉ်ပေးထားတာပေါ့။ ဒီလိုနဲ့ မြန်မာပြည်ရဲ့ Internet ခေတ် ကနဦးမှာ အလုပ်ခွင်ထဲမှာ ကိုယ်ပိုင် ကွန်ပျူတာ၊ ကိုယ်ပိုင် Email နဲ့ ဟန်ကျနေတာပေါ့။ သို့ပေမယ့်လည်း ကံဆိုးချင်တော့ အဲဒီနှစ်ကုန်မှာပဲ Eagle IT ဟာ အစိုးရရဲ့ ဖျက်သိမ်းခြင်းကို ခံရပါတော့တယ်။ ကျွန်တော်တို့တစ်တွေလည်း နေရင်းထိုင်ရင်း အလုပ်ပြုတ်ကုန် တော့တာပါပဲ။ ဒါပေမယ့် ကိုယ်ပိုင် ကွန်ပျူတာနဲ့ အီးမေးလ်ရှိချင် စိတ်က ရင်ထဲမှာ ရွစိရွစိနဲ့ပေါ့။ ဒီအချိန်အထိ Mobile ဖုန်းအနားကို မကပ်နိုင်သေးသလို၊ စိတ်လည်းသိပ်မဝင်စားသေးဘူးပေါ့။
ကျွန်တော်နဲ့လက်ဖဝါးတင် ကွန်ပျူတာ၊
(၂ဝဝဝ ပြည့်နှစ်တွင် SHARP Zaurus 5800 PDA အဟောင်းတစ်လုံး လက်ဆောင်ရရှိခြင်း)
မှတ်မှတ်ယယ ၂ဝဝဝ ပြည့်နှစ်မှာပါ။ အဲဒီတုံးက စောစောကပြောသလိုပဲ ကျွန်တော့်ဆီမှာ ကိုယ်ပိုင်ကွန်ပျူတာ ဆိုတာတောင် မရှိသေးပါဘူး။ အဲဒီတုံးက Eagle ကနေ Company က ရပ်ဆိုင်းလိုက်ရတော့ Paul Mitchell ခေါင်းလျှော်ရည်တင်သွင်းဖြန့်ဖြူးတဲ့ Manawmaya Trading Co., Ltd ကိုပြောင်းပြီး အဲဒီမှာ Administrative Officer လုပ်နေချိန်ပေါ့။ ကျွန်တော်က ငွေကြေး ချမ်းသာသူတစ်ယောက် မဟုတ်ပေမယ့် Technical Gadgets တွေကို အလွန်စိတ်ဝင်းစားသူ တစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါပဲ။
ဖြစ်ချင်တော့ အဲဒီ Company ရဲ့ ဒါရိုက်တာတွေက လူငယ်မောင်နှမတွေဖြစ်တဲ့အပြင် အမေရိကား၊ နယူးဇီလန်၊ ထိုင်းတို့မှာ ပညာသင်ခဲ့ကြသူတွေပါ။ သူတို့က အဲဒီအချိန်မှာ Digital Camera၊ Palm Top စတာတွေကို အဲဒီအချိန်ကထဲက သုံးနေကြသူတွေပေါ့၊ အဲဒီရုံးမှာကလည်း ကျွန်တော်က ဒီလို Technical Gadgets တွေကို ဝါသနာထုံသူဆိုတော့ Digital Camera ကနေ ဓါတ်ပုံတွေကို ကွန်ပျူတာထဲ ပြောင်းထည့်တာတို့၊ Palm Top ဓါတ်ခဲကုန်လို့ ပြောင်းထည့်တာတို့၊ Palm Top ထဲက Data တွေပျောက်ပျက် ကုန်လို့ Data တွေပြန်ထည့်ရတာတို့ စတာတွေက ကျွန်တော့်ဆီကိုပဲရောက်လာတာပေါ့။
အဲဒီကထဲက Palm top PDA တို့ 1.2 Megapixle သာရှိသေးတဲ့ Sony Digital Camera တို့ကို ကျွန်တော့်ကိုယ်ပိုင် မဝယ်နိုင်သေးပေမယ့် သုံးစမ်းကြည့်ခဲ့ရပါတယ်။ အဲဒီမှာ Palm top PDA ကို ကျွန်တော် စွဲလမ်းသွားပါတော့တယ်။
တစ်နေ့တော့ သူတို့ရဲ့တစ်ဦးထဲသော မောင်ငယ် ကိုသီဟတစ်ယောက် အသက်(၃ဝ)အရွယ်မှာ ထိုင်းနိုင်ငံတွင် ကွယ်လွန်ခဲ့ပါတယ်။ ကိုသီဟကလည်း ဒီလို Technical Gadgets တွေကို ဝါသနာထုံသူတစ်ယောက်ပါပဲ။ နောက်ပိုင်းတစ်ရက် မှာတော့ သူရဲ့ကျန်ခဲ့တဲ့ပစ္စည်း တွေကိုရှင်းလင်းကြပါတယ်။ အဲဒီမှာ သူအရင်က မသုံးတော့တဲ့ SHARP Zaurus 5800 PDA ကလေးကို နင်ပဲသုံးတတ်တာ နင်ယူလိုက်တော့လို့ သူ့အစ်မက ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော် ကိုယ်ပိုင် PDA တစ်ခု မဝယ်လိုက်ရပဲ ရခဲ့ပါတော့တယ်။

ကျွန်တော့် ပထမဆုံး PDA SHARP Zaurus 5800 (ရန်ကုန်အိမ်တွင်ကျန်ခဲ့သည်)
PDA ဆိုတဲ့အတိုင်း အဲဒီစက်ကလေးက တယ်လီဖုန်းနံပါတ်တွေမှတ်တာ၊ စာတွေရိုက်၊ Fax Modem ပါလို့ Telephone ကြိုးနဲ့ဆက် Fax ပို့လို့လဲရပါတယ်။ သူ့ရဲ့ Memory က 2Mb သာရှိပေမယ့် တော်တော်တန်တန်ကို သုံးလို့ရခဲ့ပါတယ်။
၂ဝဝ၂ ဇူလိုင်၊ (လက်ရှိအလုပ်လုပ်ရာ ကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲသို့ပြောင်ရွေ့ခြင်း)
ဒီလိုနဲ့ ကျွန်တော်လည်း ၂ဝဝဝ ပြည့်နှစ် နှစ်ဆန်းမှာ ဂျပန်နိုင်ငံအခြေစိုက် Sumitomo Corporation ရဲ့ ရန်ကုန်ရုံးခွဲကို အလုပ်ပြောင်းခဲ့ပါတယ်။ တစ်ခါ ၂ဝဝ၂ မေလလောက်မှာ ကျွန်တော်တို့ Project တွေရပ်ကုန်တော့ နောက်ထပ်အလုပ်ရှာရပြန်ပါတယ်။ ဒီတစ်ခါတော့ စကာၤပူအခြေစိုက် စိုက်ပျိုးရေးဆေး ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီရဲ့ ရန်ကုန်ရုံးခွဲမှာ အလုပ်ရပြန်ပါတယ်။
၂ဝဝ၂ ခုနှစ်၊ ကိုယ်ပိုင် PC တစ်လုံးတော့ရှိမှဖြစ်တော့မယ်။
(Show ပြထားသော PC တစ်လုံးကို လျှော့ဈေးဖြင့်ရရှိခြင်း)

မှတ်မှတ်ယယ ပထမဦးဆုံး ကိုယ်ပိုင်သုံးခဲ့ရတဲ့ Acer PC
ဒီလိုနဲ့ ကျွန်တော် ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးဝယ်ချင်လာပါတယ်။ အဟောင်းမဟုတ်ပေမယ့် UE Myanmar ရဲ့ Acer Showroom မှာ Show ပြထားတဲ့ Windows 98SE OS သုံး Intel Pentium III CPU နဲ့ PC ကိုဈေးလျော့ပေးလို့ ကျွန်တော့်ကိုယ်ပိုင် ဝယ်လိုက်ပါတယ်။ အဲဒီကစလို့ ကျွန်တော် ကိုယ်ပိုင် PC ကို စကိုင်ရတယ်ဆိုပါတော့။ အဲဒီအချိန်ကစလို့ ကျွန်တော့်ဆီမှာ Digital Gadget တွေ တဖြည်းဖြည်း စုဆောင်းမိလာပါတော့တယ်။
၂ဝဝ၄ ခုနှစ် ဧပြီလ၊ ကိုယ်ပိုင် Digital Camera နှင့် သင်္ကြန်ကျခြင်း။
ကျွန်တော့်သားကို ၂ဝဝဝ ပြည့်နှစ် ဇွန်လမှာမွေးပါတယ်။ အဲဒီအချိန်က စောစောကပြောတဲ့ Paul Mitchell မှာ အလုပ် လုပ်နေစဉ်ပေါ့။ သားတော်မောင် (၃)(၄)လလောက်မှာ ရုံးက Sony Digital Camera ကို ခဏငှားပြီး သူ့ကို ဓါတ်ပုံရိုက်ပေးလဲ့ပါတယ်။ အဲဒီကထဲက ဒီဂျစ်တယ် ကင်မရာတစ်လုံးလောက် ကိုယ်ပိုင်ရှိရင် ကောင်းမှာပဲလို့ စိတ်ထဲမှာစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးကြီးလွန်းလို့ စိတ်ထဲမှာပဲထားခဲ့ရတာပေါ့။ အဲဒီအချိန်တုံးက ကျွန်တော့်မှာ ရိုးရိုးဖလင်ထည့်ရိုက်တဲ့ ကင်မရာတောင်မရှိသေးတာပါ။ ဒီလိုနဲ့ ၂ဝဝ၄ ခုနှစ် သြင်္ကန်မကျခင် ဆူးလေဘုရားလမ်းက Duty Free Shop မှာ 2 Megapixle သာရှိတဲ့ Fuji FinePix A205 Digital Camera ကလေးကို အဲဒီတုန်းက USD 199 နဲ့ဈေးချတာတွေ့တော့ ဝယ်မိတော့တာပါပဲ။ အဲဒီခေတ်ပေါက်ဈေးနဲ့ ကျပ် တစ်သိန်းခွဲလောက် ကျသင့်တာပေါ့။ ဒီလိုနဲ့ ကိုယ်ပိုင် ဒီဂျစ်တယ်ကင်မရာတစ်လုံး ရလိုက်ပါတော့တယ်။

ကိုယ်ပိုင် Fuji FinePix A205 Digital Camera နဲ့ရိုက်ခဲ့တဲ့ပုံ

2 Megapixle သာရှိတဲ့ ပထမဦးဆုံး ကိုယ်ပိုင် Fuji FinePix A205 Digital Camera
အဲဒီနှစ်ကုန်ပိုင်းလောက်မှာပဲ အသိမိတ်ဆွေတစ်ယောက်က မြန်မာပြည်မှာ Lanscaping Design လာလုပ်တဲ့ သူရဲ့မိတ်ဆွေဂျပန်တစ်ယောက် ဂျပန်ကိုပြန်တော့မှာမို့လို့ သူပြန်ယူမသွားချင်တော့တဲ့ Canon PowerShot A40 Digital Camera လေးကို ကျပ်ခြောက်သောင်းနဲ့ရောင်းလို့ ဝယ်ထားလိုက်ပြန်ပါတယ်။ ဒီလိုနဲ့ ကင်မရာနှစ်လုံးနဲ့ လူဖြစ်နေတာပေါ့။ ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က ပြန်ရောင်းပါဆိုလို့ ခဏသာသုံးရသေးတဲ့ Fuji FinePix A205 လေးကို ကျပ်တစ်သိန်းနှစ်သောင်းနဲ့ အရှုံးခံရောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ ကင်နွန် အဟောင်းကလေးကို ဆက်သုံးခဲ့ပါတယ်။

ဒုတိယမြောက် ကိုယ်ပိုင် Canon PowerShot A40 Digital Camera
၂ဝဝ၄ နှစ်ကုန်၊ Boss ထံမှ 8.9” အရွယ် အိတ်ဆောင် Tablet ကွန်ပျူတာအဟောင်း လက်ဆောင်ရခြင်း၊
ဒီလိုနဲ့ ၂ဝဝ၄ နှစ်ကုန်ကျတော့ ကျွန်တော့် Boss က ရန်ကုန်လာတုံး သူမသုံးတော့တဲ့ Fujitsu Lifebook P1110 ဆိုတဲ့ 8.9” (အခု iPad Size လောက်ပါပဲ) အိတ်ဆောင် Tablet ကွန်ပျူတာအဟောင်းကို ကျွန်တော်သုံးဖို့ ဆိုပြီး ယူလာပေးပါတယ်။ သူက Windows XP နဲ့ သာမာန် PC လိုသုံးလို့ရပြီး အဲဒီခေတ်ကထဲက Touch Screen နဲ့ပါ။ အဲဒီတုံးက Tablet တွေအခုလောက်ခေတ်မစားသေးပါဘူူး။
Fujitsu Lifebook P1110, Tablet ဆိုတာ၊
ဒီ Tablet ကလည်းကျွန်တော်နဲ့ တော်တော်ကြာကြာ လက်တွဲခဲ့တာပါ။ သူက ၂ဝဝ၂ မော်ဒယ်လ်ပါ။ လွန်ခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာမှ ကျွန်တော့် India အလုပ်သမားတစ်ယောက်က လိုချင်တယ်ဆိုလို့ ပေးလိုက်ပါတယ်။ အဲဒီအချိန် အထိ မီးပလပ်ထိုးပြီး သုံးလို့ရနေတုံးပါ။ ဘက်ထရီဝယ်ရင် စကာၤပူဒေါ်လာ ၁၂ဝ ဆိုလို့ မဝယ်ဖြစ်တော့ပါ။
၂ဝဝ၅ မေလ၊ PDA ရှိမှဖြစ်မယ်။
(ကိုယ်ပိုင် Palm PDA တစ်လုံးဝယ်ဖြစ်ခြင်း)
နောက်ပိုင်း PDA တွေ၊ Smart Phone တွေအကြောင်းပြောရင် ကျွန်တော့်ညီကိုပါတည့်ပြောရပါမယ်။ သူကလည်း ကျွန်တော်နဲ့ အတူတူပါပဲ။
၂ဝဝ၅ ခုနှစ်အစပိုင်းလောက်မှာ ကျွန်တော့်ကို စကာၤပူရုံးချုပ်က အစည်းအဝေးတက်ဖို့ ခေါ်ပါလေရော၊ ဒါနဲ့ပဲ နိုင်ငံခြားကို ကိုယ့်စားရိတ်မကုန်ပဲ ရောက်ရပါတော့တယ်။ အလုပ်တွေပြီးလို့ မပြန်ခင်မှာ ၂၄ နာရီဖွင့်တဲ့ Mustafa ကုန်တိုက်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်အလွန်စွဲလမ်းခဲ့တဲ့ Palm top PDA Zire Series အသစ်ကို သွားတွေ့ပါတော့တယ်။ ကျွန်တော် မဝယ်ပဲမနေနိုင်တော့ပါ။ ဒါနဲ့ပဲ ကျွန်တော်မှာ Digital Camera ရှိပြီးသားဆိုတော့ Camera မပါတဲ့ SGD 199 တန် Zire 31 Version ကိုဝယ်ဖြစ်လိုက်ပါတယ်။ ကျွန်တော့်ညီ ကလည်း Camera ပါတဲ့ Version လိုချင်တော့ SGD 499 တန် Zire 72 ကို သူ့အတွက်ဝယ်ခဲ့ပါတယ်။ ဒိလိုနဲ့ပဲ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ ကိုယ်ပိုင် PDA တစ်ယောက်တစ်လုံးစီနဲ့ ဟန်ကျပန်ကျ ဖြစ်ခဲ့ကြပါတယ်။

ကျွန်တော့် ပထမဆုံးကိုယ်ပိုင် Zire 31 PalmOne PDA

ဘက်ထရီသိပ်မကောင်းတော့ပေမယ့် အသုံးပြုနေဆဲ PalmOne Zire 72
ရန်ကုန်ပြန်ရောက်တော့ Company ကလိုအပ်ချက်အရ GSM Mobile လိုင်းတစ်လိုင်းဝယ်ယူလိုက်ရပါတယ်။ ဒီလိုနဲ့ လက်ထဲကို ကိုယ်ပိုင်မဟုတ်ပေမယ့် Mobile ဖုန်းတစ်လုံးရောက်လာတော့တာပေါ့။
၂ဝဝ၆ ခုနှစ်၊ ကျွန်တော်သုံးရန် Acer TravelMate Laptop အသစ်တစ်လုံးရရှိခြင်း။
တစ်ခါ ၂ဝဝ၆ ခုနှစ်ထဲမှာ ကျွန်တော့် Boss က ကျွန်တော်သုံးဖို့ဆိုပြီး Acer TravelMate Laptop အသစ်တစ်လုံးကို စကာၤပူကနေယူလာပေးပါတယ်။ ဒီမှာမှ Laptop အသစ်စက်စက်ကို ကျွန်တော်သုံးဖူးပါတော့တယ်။

အသစ်ဆိုတာ ဒီလိုလားလို့ သိလိုက်ရတဲ့ Acer TravelMate
PDA နဲ့ဖုန်း၊ တစ်ခုထဲမှဖြစ်မယ်။
(ကျွန်တော့်ကိုယ်ပိုင် Windows Mobile 2003SE OS သုံး PDA Smart Phone အဟောင်းတစ်လုံး)
ဒီနှစ်ထဲမှာပဲ ကျွန်တော့်ကို စကာၤပူရုံးချုပ်က အစည်းအဝေးတက်ဖို့ထပ်ခေါ်ပါတယ်။ ကျွန်တော်က ကျွန်တော်လာရင် ကျွန်တော်နဲ့အတူတူ ကျွန်တော့်ညီကိုပါ အလည်ခေါ်ချင်တယ်ပြောတော့ ကျွန်တော့် Boss က ခွင့်ပြုပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ညီအစ်ကို စကာၤပူသာမက၊ မလေးရှားကိုပါ အဆစ်ရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ စကာၤပူတို့ မလေးတို့မှာ O2 တို့ Palm တို့က Mobile Phone+ PDA ဖြစ်တဲ့ Smart Phone တွေ စရောင်းနေပြီ ဆိုပါတော့။ ကျွန်တော်တို့က ကြော်ငြာတွေငေးပေါ့။ PDA ဝယ်ထားတာမကြာသေးတော့ မဝယ်နိုင်သေးပါဘူး။ ဒီလိုနဲ့ မြင်သာမြင် မကြင်ရပဲ ရန်ကုန်ပြန်ရောက်ခဲ့ကြပါတယ်။
စောစောကပြောသလို လက်ထဲမှာ Mobile ဖုန်းလဲရှိလာ၊ PDA တစ်လုံးလဲရှိလာ၊ အဲ Smart Phone တွေ အကြောင်း လည်းသိလာ၊ ဒီလိုနဲ့တစ်နေ့မှာပေါ့ …
ကျွန်တော့်မိတ်ဆွေ Golden Key Company က ကျွန်တော့်ထက် (၃)တန်းလောက်ကြီးတဲ့ ကိုသက်ဦးက သူ့ဆီမှာ Mandalay က သူ့မိတ်ဆွေတစ်ယောက် ဝယ်ထားပြီး သုံရတာအဆင်မပြေလို့ သူ့ကို ပြင်တတ်တဲ့လူ ရှိရင်ပြကြည့်ဖို့ အပ်ထားတဲ့ Windows Mobile 2003 OS စနစ်သုံး O2 တံဆိပ် XDA II Mini Smart ဖုန်းကို ကျွန်တော်က PDA ကိုင်ပြီး ကလိတတ်လို့ဆိုပြီး ပြပါတယ်။ အမှန်တော့ ဖုန်းကဘာမှ မဖြစ်ပါဘူး။ PDA ဆိုတော့ ရိုးရိုးဖုန်းနဲ့မတူပဲ Shutdown နဲ့ Restart လုပ်ဖို့လိုတာပါ။ ဒါနဲ့ကျွန်တော်လုပ်ပေးတော့ လွယ်လွယ်ကူကူပဲ ပြန်သုံးလို့ရပါတယ်။ ဒါပေမယ့်လည်း သူတို့က မသုံးတတ်တော့ နောက်ဆုံး ကျပ်နှစ်သိန်းနဲ့ပေးမယ် ခင်ဗျားပဲသုံးတတ်တာ ခင်ဗျား ယူမလားလို့ မေးပါတယ်။ အဲဒီတုံးကလည်း ဒီဖုန်းက စကာၤပူမှာဆို US 500 လောက်ရှိတော့ ကျွန်တော် ယူလိုက်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ်ပိုင်ဖုန်းမရှိပေမယ့်လည်း Smart ဖုန်းသုံးတဲ့လူ တစ်ယောက် ဖြစ်လာပါတယ်။

(ကျွန်တော်ရဲ့ ပထမဆုံး Smart Phone ဖြစ်တဲ့ O2 XDA II Mini ဟာလွန်ခဲ့တဲ့ (၃)နှစ်ကထဲက ဓါတ်ခဲပျက်သွားလို့ မသုံးဘဲ သိမ်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်လလောက်က eBay ထဲမှာ သူ့ဓါတ်ခဲရှာကြည့်တော့ စကာၤပူမှာ SGD 38 ဒေါ်လာနဲ့ရောင်းတာတွေ့ရပါတယ်။ နောက်ဆုံးတော့ ဟောင်ကောင်က ဆိုင်တစ်ဆိုင်က SGD 10 နဲ့ရောင်းတာတွေ့လို့ eBay ကနေ လှမ်းဝယ်လိုက်ပါတယ်။ တစ်ပါတ်လောက်ကြာတော့ စာအိတ်ကလေးနဲ့ အိမ်ကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကျွန်တော့် ပထမဆုံး Smart Phone O2 လည်း အသက်ပြန်ဝင်လာပါတယ်။)
၂ဝဝ၈ ခုနှစ် မေလ၊ Smart ဖုန်း အသစ်တစ်လုံးဝယ်မှဖြစ်တော့မယ်။
(ကိုယ်ပိုင် Mobile Smart ဖုန်း အသစ်တစ်လုံးဝယ်ဖြစ်ခြင်း)
ဒီလိုနဲ့ ကျွန်တော် ၂ဝဝ၇ ခုနှစ်ကုန်ကျတော့ စကာၤပူကိုတစ်ခေါက်ထပ်ရောက်ရပြန်ပါတယ်။ ဒီတစ်ခါလည်း ကျွန်တော့် မိသားစုကိုပါခေါ်လာချင်တယ်ပြောတော့ လေယာဉ်ခ ကိုယ့်ဖာသာကိုယ်ခံရင် ခေါ်လာဖို့ Boss က ခွင့်ပြုပြန်ပါတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်အမျိုးသမီးရယ်၊ သားရယ် (၃)ယောက်သား စကာၤပူကို တစ်ခေါက်ရောက်လာပါတယ်။ ဒီတစ်ခေါက်တော့ သားတော်မောင်ရဲ့ရှေးရေးအတွက်နဲ့ စကာၤပူပြောင်းနေရင် ကောင်းမလားလို့ တွေးမိလာပါတယ်။
ရန်ကုန်မှာဆိုရင် ကျွန်တော်ရတဲ့လစာနဲ့ အပြင်ကျောင်းမထားနိုင်ပါဘူး။ အစိုးရကျောင်းကျပြန်တော့လဲ ကျွန်တော်တို့ခေတ်နဲ့မတူ ကျူရှင်ယူမှတဲ့၊ ကျွန်တော်တို့ကသူ့ကို အတန်းပိုင်ရဲ့ကျူရှင်မထားတော့ သူ့မှာ အနေရခက်၊ ကျွန်တော်တို့ကလည်း ကျောင်းပြီးကျူရှင် ထပ်ပြန်တစ်လဲလဲ ကလေးကို နားချိန်မရှိအောင် တရစပ် သင်နေတဲ့ပညာရေးကို မကြိုက်၊ ကလေးမှာကလည်း သူ့ရဲ့မတူတဲ့အမြင်တွေကို ဖော်ထုတ်ခွင့်မရတဲ့ ပညာရေးကိုအားမရ စတာတွေနဲ့ လုံးခြာလည်နေချိန်ပေါ့။ ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ ဘယ်အရာမဆို အလကားလိုချင်နေတဲ့ ပတ်ဝန်းကျင်စရိုက်ကို မကြိုက်တော့ပါ။ သူ့ဆီကိုလည်း မကူးစက်စေချင်တော့ပါဘူး။ ဒီလိုနဲ့ပဲ ၂ဝဝ၈ ခုနှစ်ကျတော့ ကျွန်တော်ကအရင် ထွက်ပြီး အလုပ်ရှာကြည့်မယ်လို့စိတ်ကူးမိပါတော့တယ်။ ကျွန်တော့် Boss ကိုမေးတော့ သူ့ဆီမှာတော့ လောလောဆယ် ကျွန်တော့်အတွက် နေရာမရှိပါတဲ့။ သူတစ်ခုကူညီနိုင်တာက ကျွန်တော့်ရဲ့ လက်ကျန်ခွင့်တွေကိုစုပြီးယူရင် (၃) လလောက်ရှိတယ်တဲ့။ အဲဒါကိုယူပြီး အလုပ်ထွက်ရှာဖို့ အကြံပြုပါတယ်။ ဒါနဲ့ ကျွန်တော်တို့ မြန်မာနှစ်ကူးသြင်္ကန်ရုံးပိတ်ရက်နဲ့ ခွင့်ကိုဆက်ယူပြီး စကာၤပူထွက်အလုပ်ရှာတယ်ဆိုပါတော့။
ပြောရင်းနဲ့ Digital device တွေအကြောင်းကနေ ဘယ်တွေရောက်ကုန်ပါလိမ့်။ ဒီလိုနဲ့ အလုပ်ရတယ် ဆိုပါတော့။ တိုတိုပြောရရင် ကျွန်တော်ရောက်ပြီး နှစ်လအတွင်း မိသားစုကိုခေါ်၊ ကလေးကျောင်းရှာ၊ စတာတွေနဲ့ ရှုပ်နေတာပေါ့၊ ကျွန်တော့်ညီကပါ ၂ဝဝ၈ ခုနှစ်အတွင်းမှာပဲ အလုပ်ပြောင်းခဲ့ပါတော့တယ်။ ၂ဝဝ၉ နှစ်ဆန်းစမှာ ကျွန်တော်နဲ့ မိသားစုဟာ စကာၤပူမှာ အမြဲနေထိုင်သူ PR အဆင့်ရောက်ခဲ့ပါတယ်။
စောစောက အကြောင်းပြန်ကောက်ရရင် မြန်မာပြည်မှာ ကိုယ်ပိုင်မဝယ်နိုင်တဲ့ Mobile ဖုန်းကို စကာၤပူရောက်မှ ကိုယ်ပိုင်ဝယ်နိုင်ပါတော့တယ်။ ကျွန်တော်အလုပ်က (၂)နှစ် S Pass ကျပြီးတာနဲ့ မေလထဲမှာပဲ စကာၤပူ Mobile Service Company StarHub ကနေ (၂)နှစ်စာချုပ်နဲ့ GSM Mobile လိုင်းတစ်လိုင်းကို ယူလိုက်ပါတယ်။ ဒီလိုလိုင်းယူဖို့က Pass တစ်ခုခုနဲ့ အနည်းဆုံး(၁)နှစ်နေခွင့်ရထားမှ ရတာပါ။ ဒီလိုလိုင်းယူချိန်မှာ ကိုယ်ကြိုက်တဲ့ ဖုန်းကိုရွေးလို့ရပါတယ်။ တစ်ချို့ မော်ဒယ်လ်ဆိုရင် အလကားပေးတာပေါ့။ အဲဒီအချိန်ကတော့ Palm OS စနစ်သုံး Centro ဆိုတဲ့ဖုန်းကလေးကို ကျွန်တော်ကကြိုက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုရူးပုံပြောရအုံးမယ်။ ကျွန်တော်မထွက်လာခင်ကလေးမှာ မြန်မာပြည်မှာ IT Show လုပ်ပါတယ်။ ကျွန်တော့်ညီက သူ့ရုံးကပေးထားတဲ့ ဆယ်လူလာ ဖုန်းကိုကိုင်နေတာပါ။ သူ့မှာလည်း ကိုယ်ပိုင် GSM ဖုန်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း GSM ကိုင်ရရင် သုံးရအောင်ဆိုပြီး ပြပွဲမှာပြထားတဲ့ Palm Treo 650 PDA ဖုန်းကို ကျပ်သုံးသိန်းပေးဝယ်ခဲ့ပါတယ်။ ဒီမော်ဒယ်နောက်မှာ မော်ဒယ်(၄)မျိုးလောက်ထွက်ပြီးသားပါ။ ကျွန်တော်တို့ကလည်း အားအားရှိရင် ဖုန်းအသစ်ငန်းချင်တိုင်း http://www.gsmarena.com မှာ ခဏခဏ ဝင်ဝင်ပြီးကြည့်တော့ ဖုန်းအသစ်တွက်တိုင်းသိနေတာပေါ့။
ယခုအချိန်အထိ နှစ်ရက်လောက်အားသွင်းစရာမလိုပဲ သုံးလို့ရဆဲဖြစ်တဲ့ ကျွန်တော့်ညီရဲ့ ပထမဆုံး Smart Phone ဖြစ်တဲ့ Palm Treo 650


ဆက်ပြောရရင် စောစောက ကျွန်တော့်ညီရဲ့ သုံးသိန်းတန်ဖုန်းထက် တော်တော်နောက်ကျတဲ့ မော်ဒယ်လ် Palm Centro ဆိုတဲ့ ဒီဖုန်းကိုယူရင် စင်္ကာပူဒေါ်လာ ၉ဝ သာလိုက်ပေးရမှာ ဆိုတော့ လွယ်လွယ်ပဲဝယ်လိုက်ပါတော့တယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက် Smart Phone ပေါ့။

Poly တက်နေတဲ့ ကျွန်တော့်တူမကိုပေးလိုက်တဲ့ ကျွန်တော့် ဒုတိယမြောက် PDA phone Palm Centro (ယခုအထိသုံးနေဆဲပါ)
၂ဝဝ၈ ကုန်ပိုင်းမှာ ကျွန်တော့်ညီလည်း စကာၤပူကိုပြောင်းလာပါတယ်။ သူလည်းပဲ စရောက်ရောက်ချင်း အလုပ် မဝင်ရသေးခင်မှာပဲ သူရဲ့ရှိပြီးသား Palm Treo 650 ကို မသုံးချင်တော့ပဲ Electronic ဘီလူး HTC ရဲ့ Windows Mobile 6.1 OS သုံး HTC 3G ဖုန်းကို StarHub မှာ တစ်ခါထဲ ဝယ်သုံးလိုက်ပါတယ်။ ဆိုလိုတာက အစမှာပြောခဲ့သလို Yahoo ရဲ့ စစ်တမ်းအရ အမျိုးသားတွေဟာ ဒီလို Electronic Gadgets တွေအတွက် ပိုအကုန်ခံကြတာကိုပါ။
Laptop အသစ်တစ်လုံး ဝယ်သုံးမှဖြစ်မှာပါ။
စောစောက Laptop အကြောင်းလည်းပြန်ဆက်ချင်ပါသေးတယ်။ ကျွန်တော် စကာၤပူရောက်တာနဲ့ ရတဲ့အလုပ်က Landscape Company မှာပါ။ ကျွန်တော်က မြန်မာပြည်က အလုပ်ထွက်ခဲ့တော့ ကျွန်တော့်ကိုပေးထားတဲ့ Laptop ကိုလည်းပြန်အပ်ရတာပေါ့။ ဒါပေမယ့်လည်း အလုပ်အသစ်က ရောက်ရောက်ချင်းနေ့မှာပဲ အရင်ကျွန်တော့်နေရာ ကလူသုံးခဲ့တဲ့ Laptop ကို ထုတ်ပေးပါတယ်။ သို့ပေမယ့်လည်း ကျွန်တော့်မိသားစုလည်း (၂)လလောက်နေတော့ရောက်လာ၊ အဲဒီ Laptop ကိုလည်း သယ်သွားသယ်လာမလုပ်ပဲ အလုပ်ထဲမှာပဲ ထားခဲ့ချင်တော့ ကိုယ်ပိုင်တစ်လုံးဝယ်ဖို့စဉ်းစားရပါတယ်။ ဒါနဲ့ IT ပြပွဲရှိတဲ့ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလမှာ စကာၤပူ နိုင်ငံထုတ် Axioo တံဆိပ် Laptop တစ်လုံးကို SGD 700 နဲ့ ဝယ်သုံးဖြစ်လိုက်ပါတယ်။ ပထမဆုံး ကိုယ်ပိုင်ဝယ်တဲ့ Laptop ကလေးပါပဲ။ အခု(၃)နှစ်ကြာလာတော့ ကျွန်တော့်ဇနီးရဲ့တူတော်မောင် အလုပ်လာ လုပ်တော့ သူသုံးရအောင် သူ့ကိုတစ်ဝက်ဈေး အကြွေးနဲ့ရောင်းပေးလိုက်ပါတယ်။
၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာလ၊ တတိယမြောက် ကျွန်တော့်ရဲ့ Smart Mobile
ဒီလိုနဲ့ ကျွန်တော်တစ်နှစ်လောက်ကြာတော့ မော်ဒယ်အသစ်တွေထပ်ထွက်လာပါတယ်။ အဲဒီတုံးကတော့ တစ်နှစ်ပြည့်တာနဲ့ စကာၤပူဒေါ်လာ (၁ဝဝ) အလိုက်ပေးပြီး ဖုန်းအသစ်ယူ၊ နောက်ထပ်(၂) စာချုပ်ထပ်ချုပ် လို့ရပါတယ်။ ကျွန်တော်တို့လို လက်ယားသူတွေအကြိုက်ပေါ့။ ဒါနဲ့ ကျွန်တော်လည်း HTC ရဲ့ Windows Mobile 6.5 OS သုံး HTC Touch2 တစ်လုံးထပ်လဲလိုက်ပြန်ပါတယ်။

တတိယမြောက် Smart Phone ပါ အခုရန်ကုန်က တူတစ်ယောက်ဆီမှာပေါ့
စကာၤပူမှာက 3G Mobile Internet ကလည်း တစ်လကို 12 Gb Data Download လုပ်ခွင့်ရှိပြီး Speed က 7.2 Mb/Second ရှိပါတယ်။
၂ဝ၁၁ ခုနှစ်၊ မတ်လ၊ .... နောက်ထပ် … နောက်ထပ် ကျွန်တော့်အတွက် Smart Mobile များ။
(၁)နှစ်ကျော်ကျော်လောက် နီးပါးငြိမ်နေရာကနေ Android OS သုံး 5” Screen နဲ့ Dell Streak ထွက်လာတော့ မနေနိုင်ပြန်ပါဘူး။ ကျွန်တော်လက်ယားနေပါပြီ။ ကြိုပြီးလဲဖို့ကလည်း ကျွန်တော်တို့လို လူတွေများလာလို့လား မသိဘူး၊ အရင်လိုမရတော့ပါဘူး၊ စာချုပ်တစ်နှစ်သာရှိသေးရင် စကာၤပူဒေါ်လာ ၂ဝဝ အလိုက်ပေးမှသာ ထပ်လဲလို့ ရပါတော့တယ်။ (၂ဝဝ)တောင်မှ အလိုက်ပေးရမှာဆိုတော့ နည်းနည်းရင်ခံပါတယ်။
ကျွန်တော့်ညီကတော့ သူ့ Samsung Ominia II ကလည်းတစ်နှစ်ကျော်လာပါပြီ။ StarHub ကလည်း နောက်ထပ် သူတို့ဆီမှာ Promotion တွေလာလုပ်ပြန်ပါတယ်။ ဒါနဲ့ သူ့ ဖုန်းကို အလိုက်ပေးပြီး သူ့အတွက် တစ်လုံးနဲ့ နောက်ထပ် သူ့နာမည်နဲ့ပဲ ကျွန်တော့်အတွက်တစ်လုံး စုစုပေါင်း Dell Streak နှစ်လုံးကို ယူလိုက်ပြန်ပါတယ်။

Dell Streak!
ဒါပေမယ့် မေလထဲမှာ ကျွန်တော်အလုပ်နဲ့ မြန်မာပြည်ပြန်တော့ ကျွန်တော့် Dell Streak ကို မိတ်ဆွေ တစ်ယောက်က လိုချင်လို့ သူ့ကို စကာၤပူမှာရောင်းတဲ့ဈေးထက် လျှော့ပြီးပေးခဲ့ပါတယ်။
နောက်ဆုံးတော့လည်း iOS နဲ့ iPad, iPhone ပါပဲ။
ကျွန်တော် ပြန်ရောက်တော့ iPad2 ထွက်လာပါပြီ။ ဒါနဲ့ iPad2 32Gb ကို SGD 799 နဲ့ ဝယ်လိုက်ပါတယ်။ နောက်တော့ ကျွန်တော့်ညီနဲ့က ပိုအသုံးတည့်လို့ ကျွန်တော်ခဏသာသုံးပြီး သူပဲ ဝယ်လာတဲ့ ပိုက်ဆံကိုပေးလိုက်ပါတယ်။
၂ဝ၁၁ ခုနှစ်၊ ဇူလိုင်လ၊ iPhone 4 ဆိုရင်တောင် 32Gb မှပြည့်စုံမှာပေါ့။ ကျွန်တော့် StarHub Plan က (၂၁)လပြည့်လာတော့ iPhone 4 32Gb အဖြူရောင်အသစ်ကို SGD 400 လောက် အလိုက်ပေးပြီး (၂)နှစ်စာချုပ်ထပ်ချုပ်လိုက်ပြန်ပါတယ်။
၂ဝ၁၁၊ အောက်တိုဘာလ၊ Steve Jobs, iPhoe 4S, Digital Gadget များနှင့် နှုတ်ဆက်ခြင်း။
Apple CEO ဟောင်း Steve Jobs မကွယ်လွန်ခင် တစ်ရက်အလို အောက်တိုဘာလ (၄)ရက်နေ့မှာ iOS 5 စနစ်သုံး iPhone 4S ကို အမေရိကမှာ စတင်မိတ်ဆက်ပါတယ်။ ဒီတစ်ပါတ်မှာ အလုံးရေ (၄)သန်း ရောင်းလိုက်ပါပြီ။ ကျွန်တော်တို့ဆီမှာတော့ ဒီလကုန် (၂၈)ရက်နေ့မှာ စဖြန့်ပါမယ်။ ကျွန်တော်တို့တစ်တွေ မျက်စပစ်နေပြန်ပါပြီ။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး၊ ကျွန်တော်ရဲ့ ပထမဆုံး Smart Phone ဖြစ်တဲ့ O2 XDA II Mini ဟာလွန်ခဲ့တဲ့ (၃)နှစ်ကထဲက ဓါတ်ခဲပျက်သွားလို့ မသုံးဘဲသိမ်းထားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်လလောက်က eBay ထဲမှာ သူ့ဓါတ်ခဲရှာကြည့်တော့ စကာၤပူမှာ SGD 38 ဒေါ်လာနဲ့ရောင်းတာတွေ့ရပါတယ်။ နောက်ဆုံးတော့ ဟောင်ကောင်က ဆိုင်တစ်ဆိုင်က SGD 10 နဲ့ရောင်းတာတွေ့လို့ eBay ကနေလှမ်းဝယ်လိုက်ပါတယ်။ တစ်ပါတ်လောက်ကြာတော့ စာအိပ်ကလေးနဲ့ အိမ်ကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကျွန်တော့် ပထမဆုံး Smart Phone O2 လည်း အသက်ပြန်ဝင်လာပါတယ်။ ကျွန်တော့်ညီလည်း သူ့ရဲ့ ပထမဆုံး Smart Phone ဖြစ်တဲ့ Palm Treo 650 ကို ပြန်သုံးနေပါသေးတယ်။ သူကလည်း အခုအချိန်အထိ (၂)ရက်လောက် အားပြန်သွင်းစရာ မလိုပဲ သုံးလို့ရပါသေးတယ်။ သို့ပေမယ်လည်း ကျွန်တော်တို့ iPhone အသစ်ကို မျက်စောင်းထိုးနေကြပြန်ပါပြီ။
အခြား Gadget Device တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Laptop တွေ Digital Camera တွေအကြောင်းတော့ အလျင်းသင့်ရင် ပြောပြပါအုံးမယ်။
Back Stories of me (or) Playback time
ကိုကိုမောင်၊ ၂ဝ၁၁ အောက်တိုဘာ (၁၇) ရက်