Monday, October 31, 2011

Blue Ocean Strategy "သမုဒ္ဒရာပြာ မဟာဗျူဟာ"

ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်၊ ဘာသာပြန်သူတစ်ယောက် မဟုတ်သလို၊ စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေး ပညာရှင်တစ်ယောက်လည်း မဟုတ်ပါခင်ဗျာ။ လွန်ခဲ့တဲ့ ၁၇-နှစ်လောက်က စိုက်ပျိုးရေး တက္ကသိုလ် ကနေ ကျောင်းပြီးခဲ့တဲ့ သာမန်ကုမ္ပဏီဝန်ထမ်း တစ်ဦးမျှသာလျှင်ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဖတ်မိဖတ်ရာ ကောင်းနိုးရာရာတွေကိုတော့ တဆင့်ပြန်လည်ပြီး ဖောက်သယ်ချချင်သူ တစ်ယောက်တော့ အသေအချာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ (၁)နှစ်လောက်က ၂ဝဝ၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမေရိကန် နိုင်ငံမှာရော၊ ဒီနေ့အထိပါ ကမ္ဘာကျော်နေတဲ့ Harvard Business School ကနေပုံနှိပ်ထုတ်ဝေသော စာရေးဆရာ W. Chan Kim နဲ့ စာရေးဆရာမ Renée Mauborgne တို့ရဲ့ လူပြောသူပြောများလှတဲ့ Blue Ocean Strategy (မြန်မာလိုပြောရရင်တော့ သမုဒ္ဒရာပြာ၊ မဟာဗျူဟာ) ဆိုတဲ့စာအုပ်ကို ဖတ်ရှုကြည့်ခဲ့ မိပါတယ်။ ဒီစာအုပ်ဟာ အခုဆိုရင် Best Selling Book of the Decade (2000-2010) ဆုအပါအဝင် ဆုပေါင်း(၁ဝ)ဆုလောက် ရရှိထားပြီး ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးကထဲက ပြန်လည်ဝေမျှချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ ဒါနဲ့ပဲ တစ်နေ့ စာမျက်နှာ တစ်မျက်နှာပဲရရ ကြိုးစားပြီးဘာသာပြန်ကာ ဖောက်သယ်ပြန်ချဦးမယ်ဆိုတဲ့ စေတနာစိတ်နဲ့ ဘာသာပြန်ဆိုမှုကိုစတင်ခဲ့ပါတယ်။ ရသလောက်ကို ကျွန်တော့်ရဲ့ Blog နဲ့ Facebook ကနေ ပြန်လည်မျှဝေပါ့မယ်။ ကျွန်တော့်ရဲ့ မတောက်တခေါက် အင်္ဂလိပ်စာ အရည်အသွေးနဲ့ ဘာသာပြန်ရတဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင်တော့ ခွင့်လွတ်ပေးကြဖို့ ကြိုတင်ပြီး တောင်းပန် ပါတယ်။

သမုဒ္ဒရာပြာ မဟာဗျူဟာ၊

ပြိုင်ဖက်များနှင့် ကင်းဝေးသော ဈေးကွက်နေရာလွတ်များ မည်ကဲ့သို့ ဖန်တီးမှာလဲ၊ (နှင့်)

ယှဉ်ပြိုင်မှုများနှင့် မသက်ဆိုင်အောင် ပြုလုပ်ခြင်း။

အပိုင်း(၁) သမုဒ္ဒရာပြာ မဟာဗျူဟာ၊

အခန်း(၁) အပြာရောင် သမုဒ္ဒရာများ ဖန်တီးယူခြင်း၊

အခုအချိန်တွင် ကနေဒါနိုင်ငံ၏ အကြီးဆုံးသော ကမ္ဘာကျော်ဆပ်ကပ် ဖျော်ဖြေတင်ဆက်မှု ကုမ္ပဏီ Cirque du Soleil ရဲ့ CEO ဖြစ်သူ Guy Laliberté ဆိုသူဟာ တစ်ချိန်တုံးကတော့ အကော်ဒီယံတီးမှုတ်သူ တစ်ယောက်၊ ကုလားမခြေထောက်နဲ့ လမ်းလျှောက်သူတစ်ယောက်၊ ပါးစပ်တွင်းမှ မီးများဖြင့်မှုတ်ထုတ်ပြသူ သာမန်လူ တစ်ယောက်မျှသာဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် "Circus of the Sun" မြန်မာဘာသာနဲ့ သူရိယ၏ဆပ်ကပ်များလို့ အနက်အဓိပ္ပါယ်တွင်ပြီး Street performers တွေလို့ခေါ်တဲ့ လမ်းပေါ်မှာ ကပြဖျော်ဖြေသူတွေနဲ့ ၁၉၈၄ ခုနှစ်မှာမှ စတင်ဖွဲ့စည်းခဲ့တဲ့ သူ့ရဲ့ Cirque’s productions ဟာ အခုအခါမှာတော့ ကမ္ဘာအနှံ့ မြို့ကြီးပေါင်း ၉ဝ ကျော်က လူဦးရေ သန်း ၄ဝ ကျော်ရဲ့ ဖျော်ဖြေရေးကို တာဝန်ယူထားပါပြီ။ နှစ်ပေါင်း ၁ဝဝ ကျော်လောက် ကမ္ဘာ့ဆပ်ကပ်လောကမှာ နာမည်ကျော်ကြားမှုကို ထိန်းထားနိုင်ခဲ့တဲ့ Ringling Bros. and Barnum & Bailey တို့ကို နှစ် ၂ဝ အတွင်းမှ Cirque du Soleil ကုမ္ပဏီဟာ ဖြတ်ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်လူသားတွေ စိတ်ဝင်စားမှုနည်းပါးလာနေပြီး တစ်နေ့တစ်ခြား ကျဆင်းလာနေတဲ့ ဆပ်ကပ်လို ဖျော်ဖြေမှုလောကထဲမှာ၊ ဘယ်လိုအကြောင်းတရားတွေကများ သူတို့ကို ဒီလိုအမှတ်ရစရာ ဖြစ်လောက် အောင် လျှင်လျှင်မြန်မြန် တိုးတက်စေခဲ့တာပါသလဲ။ တစ်ခြားတဖက်မှာလည်း ဒီလိုကျေးလက် ဒေသက ပျော်ပွဲရွင်ပွဲတွေမှာ လူကိုယ်တိုင်ပါဝင်ဖျော်ဖြေရတဲ့ ဆပ်ကပ်ပွဲတွေဟာ အားကစားပွဲတွေ၊ တိုးတက် လာနေတဲ့ အိမ်တွင်းရုပ်သံဖျော်ဖြေမှု ကရိယာတွေရဲ့ လောင်းရိပ်အောက်ကို တဖြည်းဖြည်းနဲ့ ကျရောက် လာနေပါတယ်။ ကလေးအများစု ဟာလည်း အရင်တုံးကလို ဆပ်ကပ်ပွဲတွေသွားကြည့်ဖို့ ပူဆာမနေတော့ပဲ Play Station တို့ xBox 360 တို့လို Game စက်ရဖို့ အတွက်သာ မိဘတွေကို ငိုယိုပူဆာ နေကြပါပြီ။

ဒီလိုအကြောင်းအမျိုးမျိုးရဲ့ အကျိုးဆက်ကတော့ ဆပ်ကပ်ပြပွဲတွေဟာ ပရိတ်သတ် အင်အားတဖြည်းဖြည်း ကျဆင်းလာနေပြီး ထို့နည်းတူစွာပဲ အကျိုးအမြတ်လည်း သိပ်မရှိတော့တာကို ရင်ဆိုင်နေကြရပါတယ်။ ဒါတင်မကပဲ ဆပ်ကပ်ပွဲတွေမှာ အသုံးပြုတဲ့ တိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်မှုဆိုပြီး ကာကွယ်မဲ့ အဖွဲ့အစည်းတွေကလည်း ဆပ်ကပ်အဖွဲ့တွေကို လက်ညှိုးထိုးနေကြပါပြီ။ Ringling Bros. and Barnum & Bailey တို့ဟာ ဒီလိုအခြေအနေတွေကို ကျော်ဖြတ်ဖို့နဲ့ ဆပ်ကပ်အဖွဲ့ငယ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် သူတို့ရဲ့အဖွဲ့အစည်းကိုလည်း သေးငယ်ကျစ်လစ်အောင် ပြောင်းလည်းဖွဲ့စည်းခဲ့ကြရပါတယ်။ ပြိုင်ဆိုင်မှု အခြေပြု မဟာဗျူဟာ ရှုထောင့်ကနေကြည့်ရင်တော့ ဆပ်ကပ်လောကဟာ စိတ်ဝင်စားစရာ မရှိတော့ သလောက်ပါပဲ။

Cirque du Soleil ကုမ္ပဏီကို ဒီလိုအခြေအနေမျိုးမှာ အောင်မြင်လာစေတဲ့ အခြားအကြောင်းတစ်ခုကတော့ သူတို့ဟာ ယခင်သမိုင်းထဲကလို ကျေးလက်ဒေသက ကလေးငယ်များနဲ့ တဖြည်းဖြည်းကျုံ့ဝင်လာနေတဲ့ ပရိတ်သတ်ကို ဆွဲဆောင်ပြီး အောင်မြင်လာတာ မဟုတ်သလို Ringling Bros. and Barnum & Bailey တို့ကို ယှဉ်ပြိုင်ပြီးမှ အောင်မြင်လာတာလည်း မဟုတ်ပါဘူး။

Cirque du Soleil ဟာ ပြိုင်ဖက်များနှင့် ကင်းဝေးတဲ့ ဈေးကွက်နေရာလွတ်များ ဖန်တီးယူပြီး၊ ယှဉ်ပြိုင်မှုများနှင့် မသက်ဆိုင်အောင် ပြုလုပ်ခဲ့ခြင်းကသာ သူတို့ကိုအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင့်း ဖြစ်ပါတယ်။ ဒါကတော့ ခေတ်သစ်ဆပ်ကပ်ဖျော်ဖြေပွဲတွေကို စိတ်ဝင်စားမဲ့ ပရိတ်သတ် တစ်စုဖြစ်ပေါ်လာအောင် သူတို့ဆွဲဆောင်ဖန်တီးခဲ့တာပါပဲ။ ဒီပရိတ်သတ်အတွက် တစ်ကြိမ်တစ်ခါမျှ မကြုံဖူး၊ မမြင်ဖူးတဲ့ ဖျော်ဖြေမှုပုံစံအသစ်တစ်မျိုးကို သူတို့တစ်တွေဟာ တည်ထွင်ဖေါ်ဆောင်ခဲ့ပြီး၊ ကလေးငယ်များနဲ့မတူတဲ့ အရွယ်ရောက်ပြီးမျိုးဆက်၊ အဖွဲ့အစည်းကြီးတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပရိတ်သတ်သစ်ဟာ သာမန်ရိုးရာ ဆပ်ကပ်ပွဲတွေမှာ ပေးရတဲ့တန်ဘိုးထက် အဆပေါင်းများစွာကို ပေးပြီး သူတို့ရဲ့ဖျော်ဖြေမှုကို လက်ခံလာကြတာပါပဲ။ ဒါကြောင့်လည်းပဲ သူတို့ရဲ့ အစဦးဆုံး ပွဲစဉ်ရဲ့ခေါင်းစဉ် ကတော့ ဆပ်ကပ်ကို ငါတို့ ပြန်လည်တီထွင်ခြင်းလို့ အမည်ပေးထားခြင်း ဖြစ်ပါတော့တယ်။


နောက်တစ်ကြိမ်မှာ New Market Space ဆိုတဲ့ ဈေးကွက်နေရာလွတ် အကြောင်းပြောကြတာပေါ့။ ကျွန်တော်အားလပ်ချိန်တိုင်းမှာ နည်းနည်းစီ ဘာသာပြန်ပြီး ဝေမျှပေးသွားပါ့မယ်။ နောက်တစ်ကြိမ် ပြန်ဆုံကြတာပေါ့။

နံမည်ကျော် Cirque du Soleil ရဲ့ internet web site ကို ဒီ Link မှာ ကြည့်နိုင်ပါတယ်။ http://www.cirquedusoleil.com/en/home.aspx#/en/home/asia-and-middle-east/philippines.aspx

No comments:

Post a Comment