Sunday, September 30, 2012

ဆောင်ပုဒ်တွေနဲ့ တို့တိုင်းပြည် ....

စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုးတဲ့ ...

ဒီဆောင်ပုဒ်ကလေးနဲ့ပဲ စလိုက်ကြရအောင် .. 

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရတစ်ယောက်ဆိုတော့ ဒီမြန်မာ့ဆောင်ပုဒ်က အသင့်တော်ဆုံးမို့လို့ပါ ...

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ သီရိလင်္ကာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ရုံးခွဲအစီအစဉ်နဲ့ မြန်မာပြည်က စိုက်ပျိုးရေးပညာရှင် လုပ်ဖော်ကိုင်ဖက်တစ်ချို့နဲ့ အတူတူရောက်ဖြစ်ပါတယ်။

လမ်းမှာသွားနေတုံး တစ်ညနေ ရောက်တဲ့ Hotel မှာ Internet ရတုံးရခိုက် Facebook ဝင်ကြည့်တော့ ဒီနှစ်တက္ကသိုလ်ဝင်တန်း အမှတ်တွေ တင်ထားတာတွေ့လိုက်ရတာပေါ့ ... 

ရန်ကုန်နည်းပညာတက္ကသိုလ် ဝင်ခွင့်က ယောက်ျားလေးဆို ၅ဝဝ တဲ့၊ ဆေးတက္ကသိုလ်ကတော့ ၄၉ဝ တဲ့၊ အဲဒီအောက်က Comment ထဲမှာ စိုက်တက္ကသိုလ်က ဆရာဦးမောင်မောင်မြင့်က Comment ပြန်ရေးထားတာ YAU (Yezin Agricultural University) က ၃၂ဝ တဲ့ဗျာ ... 

ဒီလိုတွေ့လိုက်ရလို့ ဒီစာရေးဖြစ်သွားတယ်ဆိုပါတော့။

ကျွန်တော်တို့ ၁၉၉၆/၉၇ လောက်ကဆို အင်ဂျင်နီယာအမှတ်နဲ့ ကပ်ရက်တွေက စိုက်တက္ကသိုလ်ကို ရောက်လာကြတာများပါတယ်။ အခုတော့ ...

ပြောရင်းဝမ်းနည်းလာတယ် ...

သီရိလင်္ကာမှာ စိုက်ပျိုးရေးနဲ့ပါတ်သက်တာတွေ သွားကြည့်ကြတာဆိုတော့ စိုက်ပျိုးရေး အကြောင်းတွေချည်းပြောကြတာပေါ့ဗျာ ...

ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ မြန်မာတွေ လှေနံဓါးထစ်ပြီး မှတ်သားထားတွေကို ကိုယ့်ဖာသာကို ပြောင်းဖို့ကြိုးစားရတော့တာပါပဲ။

ပထမနေ့ ရောက်တာနဲ့ သွားကြတာက Ratnapura ဆိုတဲ့နေရာမှာ ရာဘာ၊ လက်ဖက်၊ ငြုပ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်တွေ ရောစိုက်ထားတဲ့ ကျောက်တောင်စောင်းက စိုက်ခင်းကိုပါ။ 

မနက်စောစော Hotel ကနေစထွက်တာနဲ့ နှစ်လမ်းသွား ကားလမ်းကျဉ်းလေးနဲ့ စတွေ့တာပေါ့။ အံမယ် လမ်းကသာကျဉ်းတာ ကားတွေကတော့ မပြတ်တမ်း ဥဒဟိုကို သွားနေကြတာဗျ ... 

ပြောရအုံးမယ် ရန်ကုန်၊ နေပြည်တော်လမ်းလို လမ်းကျယ်ကြီးမဟုတ်၊ လမ်းကျဉ်းတယ်ဆိုပေမယ့် လမ်းသားကတော့ ချောနေတာဘဲဗျို့ ... 

နေပြည်တော်လမ်းကတော့ တစ်နေ့ကား ဘယ်နှစ်စီးဖြတ်တယ်ဆိုတာရေတွက်လို့ရပေမယ့် ဒီမယ်တော့ မရေမတွက်နိုင်ဘူးခင်ဗျ ...

ဒါနဲ့ ကျုပ်တို့ရွှေမြန်မာမာတွေ ပထမဆုံး ကိုယ်မှတ်သားထားတဲ့ အဝေးပြေးလမ်းမဆိုတာကျယ်ရမယ်ဆိုတာကို အဝေးပြေးလမ်းမတိုင်းဟာ ကျယ်ဖို့မလို၊ ချောမွေ့ပြီး မြန်မြန်ဆန်ဆန် မောင်းနိုင်ဖို့ပဲလိုတယ်လို့ အယူအဆကိုပြောင်းလိုက်ရတော့တာပါပဲ ... (ဘာဖြစ်လို့လဲဆိုတော့ သီရိလကာၤမှာ သွားခဲ့တဲ့ ခရီးစဉ်အတွင်း ကိုလံဘိုအနီးအနားကလွဲရင် တစ်နိုင်ငံလုံး တောင်ပေါ်၊မြေပြန့် အားလုံး ဒီလိုနှစ်လမ်းသွား ချောချောကလေးပဲမြင်ခဲ့တာဗျ)။ 

နောက်ပြီး အဝေးပြေးလမ်းပေါ်မှာလဲ ဘာဆောင်ပုဒ်မှ မတွေ့ရပဲ ကားမောင်းသူ၊ စက်တပ်ယဉ်မောင်းသူ၊ လမ်းအသုံးပြုသူ၊ စတဲ့ လူတွေရဲ့စိတ်နေစိတ်ထားနဲ့ ချောချောမွေ့မွေ့ အန္တရာယ် ကင်းကင်းမောင်းနေကြတာပါပဲ ....

ဒီလိုနဲ့ ၂ နာရီ ၃ နာရီလောက်မောင်းပြီးတော့ စောစောက ကျောက်တောင်တွေဆီရောက်သွားတာပေါ့။ အဲဒီက ရာဘာခြံရှင်နဲ့တွေ့ပြီး သူ့စိုက်ခင်းရှိရာ တောင်ပေါ်ကိုတက်ကြတာပေါ့။

သူ့စိုက်ခင်းကလည်း ကျောက်တောင်စောင်းမှာပါ။ ရာဘာပင်ကြားမှာ၊ စောစောကပြောတဲ့ လက်ဖက်၊ ငြုပ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်တွေ ရောစိုက်ထားတာပါ ... အားလုံးဖြစ်ထွန်းနေတာတွေ့ရတယ်ဗျ ... 

ဒီမှာလည်း ကျွန်တော်တို့ မြန်မာစိုက်ပျိုးရေးသမားတွေ ကျောက်သား ၃ဝ ရာခိုင်နှုန်းထက်ကျော်တဲ့မြေကို စိုက်ပျိုးရန်မသင့်လို့ လှေနံဓါးထစ် မှတ်ခဲ့တဲ့ အဆိုကို ရိုက်ချိုးလိုက်ရတော့တာပေါ့ ....

ဒီမှာ သူတို့တောင်သူတွေကို အင်တာဗျူးကြတာပေါ့ ... ကျောက်တောင်ပေါ်စိုက်တော့ ဘယ်လိုအချိုးနဲ့ မြေသြဇာဘယ်လိုသုံးသလဲပေါ့ ... 

သူတို့က မြန်မာပြည်မှာလို ရယ်ဒီမိတ် မြေသြဇာ မသုံးဘူးဗျ ... 

သူတို့နိုင်ငံမှာရှိတဲ့ စိုက်ပျိုးရေးပညာသင်တက္ကသိုလ်တွေက သုတေသနတွေလုပ်ပြီး ဒီမြေ၊ ဒီရာသီ၊ ဒီဒေသအတွက် ဒီဓါတ်မြေသြဇာ အချိုးသုံးပါဆိုပြီး တစ်ခါထဲ Guide Line ချပေးတာတဲ့၊ တောင်သူတွေက ကျွန်တော်တို့ အခေါ်  Farm Mix မြေသြဇာကို ကိုယ်တိုင်ရောပြီး သုံးရုံပါပဲတဲ့။

ဒီတော့ ကျွန်တော်တို့လည်း လူဦးရေ သန်း ၂ဝ ကျော်နေထိုင်တဲ့ သီရိလင်္ကာ ကျွန်းနိုင်ငံလေးမှာ စိုက်ပျိုးရေးပညာသင်ပေးတဲ့ တက္ကသိုလ် ဘယ်နှစ်ကျောင်းရှိသလဲမေးတော့တာပေါ့၊
ဒီတော့သူတို့ပြန်ဖြေတာက သီရိလင်္ကာမှာ စိုက်ပျိုးရေးပညာသင်ပေးတဲ့ တက္ကသိုလ်၊ ကောလိပ် ၆ ခုတောင်ရှိသတဲ့ .... 

ဟီးဟီး ... ဒီတစ်ခါတော့ လူဦးရေ သန်း ၆ဝ ကျော်နေပြီး စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုးလို့ ကြွေးကျော်နေတဲ့ ကျုပ်တို့ ရွှေမြန်မာ တစ်ကျောင်းထဲသော စိုက်တက္ကသိုလ်ကျောင်းက ကျောင်းဆင်းတွေ ငိုချင်းချရုံသာရှိတော့တာပေါ့ ...

http://en.wikipedia.org/wiki/List_of_agricultural_universities_and_colleges (ဒီ Link ထဲမှာ YAU စာရင်းမပါ ပါဘူးခင်ဗျာ)

တစ်ထပ်တိုက်အိမ်ပုလေးပါ ... အိမ်မှာ အင်တာနက် Broadband နဲ့ မီးနဲ့ရေနဲ့ တောသာဆိုတယ် ရန်ကုန်ရွှေမြို့တော်နဲ့ကွာပ ... 

အဲဒီမှာလည်းတစ်ခါ ဒီလိုအခြေခံအဆောက်အဦသာရှိရင် မြို့ပေါ်မနေပဲ အလုပ်လုပ်လို့ရတယ်လို့ စိတ်ကိုပြောင်းလိုက်ရပြန်တာပေါ့ ...

ဒီကနေ Nuwara Eliya ကိုဆက်ထွက်တော့ တွေ့တွေ့သမျှတောင်တွေက လက်ဖက်တွေချည်းစိုက်ထားတာတွေတယ်ဗျို့ .... 

မြန်မာအကျင့်အတိုင်း ကျုပ်တို့မြန်မာတွေကတာ့ တွေ့သမျှတောင်၊ လက်ဖက်ဆောင်လို့ ချက်ချင်းလက်တန်း ဆောင်ပုဒ်ကလေးပေးဖြစ်တယ်ဗျ (စိတ်ထဲကပြောတာပါ၊ အပြင်မှာတော့ ဘာဆောင်ပုဒ်မှ မရှိဘူးဗျ)။ ကျုပ်တို့ ချင်းပြည်နယ်ကို ဒီလိုဖြစ်ချင်လှသဗျာ ...

Nuwara Eliya မှာ တစ်ညအိပ်ပြီး၊ နောက်တစ်နေ့ကျတော့ အဲဒီမှာရှိတဲ့ မုန်လာဥနီစိုက်ခင်းကို သွားကြည့်ကြသဗျ ... 

ဒီကိုမရောက်ခင်ကတော့ ၄၊ ၅ လလောက် မိုးမရွာထားဘူးလို့ ပြောသံကြားထားတော့ တော်တော်ခြောက်သွေ့နေမယ်ထင်ထားတာ ... 

မြင်ရတာတော့ ကောင်းလိုက်တဲ့စိုက်ခင်းကြီးပဲဗျို့ ... စိုက်ခင်းပိုင်ရှင်တောင်သူကြီးနဲ့ စကားပြောတော့ သူက မြန်မာပြည်ကို နှစ်ခေါက်တောင်ရောက်ဖူးထားသတဲ့ ... 

သူကဒီစိုက်ခင်းကို စလုပ်တာ ၁၉၆၅ ကထဲကတဲ့ ... အခုတော့ Nuwara Eliya မှာ အကောင်းစားဟိုတယ်၊ စိုက်ပျိုးရေးဆေးဆိုင်နဲ့ ကုန်တင်ကား ၄ စီးလောက်ပိုင်သတဲ့ ... 

သူ့စိုက်ခင်းကို နွားချေးကားအစီး ၂ဝ ထည့်သတဲ့၊ ရေပိုက်တွေကို စိုက်ခင်းဘေးလူသွားလမ်းမှာ သေသေချာချာဆင်ထား၊ တစ်ပါတ်တစ်ခါပဲ ပိုက်ပျော့နဲ့ဆက်ပြီး ပိုက်ထိပ်မှာ ရေပန်းခေါင်းတပ်ပြီး ရေလောင်းသဗျ ... 

နွားချေးထည့်ထားလို့ မြေကြီးက ကျွန်တော်တို့ဆီက ရှမ်းပြည်မှာလို အကောင်းချည်းမဟုတ်ပေမယ့် အစိုဓါတ်ကို ကောင်းကောင်းကြီး ထိန်းထားနိုင်တယ်ခင်ဗျ ... 

ဒီတော့မှ ကျုပ်တို့ရွှေမြန်မာတွေလည်း မိုးမရွာလို့ မိုးမျှော်နေတဲ့ မြန်မာတောင်သူတွေကို သတိရကြတာ ...

တိုတိုပြောရရင်တော့ဗျာ ... လှပတဲ့ ကျွန်းနိုင်ငံ သီရိလင်္ကာကိုရောက်ခဲ့ကြတာပေါ့ ...

ဒီလိုနဲ့ သီရိလင်္ကာကနေ ပြန်လာကြတော့ သူ့နိုင်ငံ ဘယ်လောက်လှလှ၊ တစ်ခုခုလိုနေသလိုပဲဗျ ...

ပြန်ရောက်ရောက်ချင်းပဲတွေးမိတာက ... 

ကျေးရွာအရောက်၊ လမ်းတွေဖောက် ... 
ရိုးမတောင်တန်း၊ ရွှေဖြူလွှမ်းစေရမည် ... 

စတဲ့ အလုပ်မဖြစ်တဲ့ ဆောင်ပုဒ်တွေနဲ့ ကျွန်တော်တို့ ရွှေမြန်မာနိုင်ငံကြီး ကမှ ပြည့်ပြည့်စုံစုံနဲ့ ပိုလှသဗျလို့ တွေးမိတော့တယ် ....

ကျွန်တော်တို့ ဓါတ်ပုံတွေကိုတော့ ဒီ Link မှာ သွားကြည့်ပါတော့ ...

https://www.facebook.com/photo.php?fbid=347198338703990&set=a.347198185370672.80560.100002414807029&type=1&theater

https://www.facebook.com/photo.php?fbid=347215852035572&set=a.347215848702239.80572.100002414807029&type=1&theater

https://www.facebook.com/photo.php?fbid=347331792023978&set=a.347331752023982.80596.100002414807029&type=1&theater

https://www.facebook.com/farmlink.myanmar?ref=ts&fref=ts

ကိုကိုမောင်
၃ဝ၊ ၉၊ ၂ဝ၁၂
၁၃း၃ဝ

Tuesday, August 28, 2012

လမ်းဆုံက ... မြန်မာ

လမ်းဆုံက ... မြန်မာ

စာမရေးဖြစ်တာလည်းကြာပါပြီ။ 

တစ်ခါတစ်လေရေးမယ်ကြံပြန်တော့လည်း တစ်ပိုင်းတစ်စ၊ စပြီးရေးတာနဲ့ တခြားအလုပ်တွေဝင်လာ၊ ဒါနဲ့ပဲရှုပ်နေပြန်တော့ ရေးလက်စကို ဘေးချထားလိုက်၊ အစပြန်မကောက်ဖြစ်ပြန်နဲ့
လုံးချာလည်လိုက်နေတာပါပဲ။ 

အခုတစ်လော မြန်မာပြည်သတင်းတွေကလည်း အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ မွှေးပျံ့နေတော့ တစ်ခါ စာရေးချင်စိတ်တွေက ပေါ်လာပြန်ရော။ 

ဒီစာကိုမရေးခင် ပြောရအုံးမယ် ကျွန်တော်က ပညာရှင် တစ်ယောက်လည်းမဟုတ်၊ ပညာရှင်တွေဖတ်ဖို့ ရေးတာလည်းမဟုတ်လို့ အချက်အလက်မပြည့်စုံတာတွေရှိရင် သီးခံပြီးသာဖတ်ဖို့ ကြိုတင်တောင်းပန်ပါရစေ။

ပြီးခဲ့တဲ့ဇူလိုင်လက မြန်မာပြည်ခဏပြန်ရောက်တော့ ရုံးခွဲအတွက်လူရှာဖြစ်တယ်။ 

အဲဒီမှာ မြန်မာ့ အပြောင်းအလဲမှာ အရှိန်တန့်စေမယ့် လိုအပ်ချက်တစ်ခု သေသေချာချာတွေ့လိုက်ပါရဲ့။ အဲဒါကဘာလည်းဆိုတော့ နိုင်ငံတကာ ဈေးကွက်တန်းဝင် အတွေ့အကြုံ (Skill) ရှိတဲ့လူ (လုပ်သားအင်အား) မြန်မာပြည်မှာ အလွန်တရာကိုမှ ရှားပါးပြတ်လပ် နေတာပါပဲ။ 

ဒီနေရာမှာ ဘွဲ့ရပညာတတ်၊ မာစတာ၊ ဒေါက်တာတွေ ဆိုတာနဲ့၊ အတွေ့အကြုံရှိဆိုတာ၊ ကွာခြားတာကို သတိပြုစေချင်ပါတယ်။

ဘယ်သွားနေလဲ မောင်ရေခဲ …. ဘုရားပွဲကို လှည်းနဲ့ဆို (နိုင်ငံခြားကို သွားသတဲ့ဗျို)

ငယ်ငယ်တုံးကဆိုခဲ့တဲ့ ဒီကဗျာလေးကိုပဲ အထပ်ထပ်ရွတ်နေမိတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ၂ဝ၁၂ သြဂုတ်လထုတ် Myanmar in Transition, Opportunities and Challenges စစ်တမ်းရဲ့ စာမျက်နှာ(၁၅)မှာပါတဲ့ Myanmar’s Strengths, Constraints, Opportunities and Risks ထဲမှာ အားသာချက်ထဲက အချက်တစ်ချက်ကိုတော့ ကျွန်တော်သိပ်ပြီး သဘောမတူချင်ပါဘူး။ 

အဲဒီမှာ နံပါတ်(၂)အနေနဲ့ မြန်မာပြည်ဟာ လူငယ်လုပ်သားအင်အားပေါများခြင်းနဲ့ လုပ်ခလစာဈေးပေါခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတယ်တဲ့။ တကယ်ရောဟုတ်ပါရဲ့လား? 

ကျွန်တော်တို့တစ်တွေ သိကြတဲ့အတိုင်း၊ မြန်မာဟာ နိုင်ငံတကာနဲ့အဆက်ဖြတ် ကိုယ့်မြင်းကိုယ်စိုင်းခဲ့တာ နှစ်ကာလနည်းနည်းကလေးမှ မဟုတ်ခဲ့တာပဲ။ ဒီတော့ ဘာတွေများ အကျိုးအမြတ် ရခဲ့ပါသလဲ? ကျွန်တော်က HR အကြောင်းပြောနေတော့ ဒီအကြောင်းနဲ့ပဲဆက်ရအောင်ပါ။

ဥပမာအနေနဲ့ပြောရရင် ကျွန်တော့် ကျောင်းနေဖက်တစ်ချို့အပါအဝင် ပညာတတ်ဘွဲ့ရ  အစိုးရဝန်ထမ်းဝင်လုပ်ခဲ့သူ တစ်ချို့တစ်ချို့တစ်တွေဟာ၊ နိုင်ငံခြားထွက် ကျောင်းတွေတက် မာစတာတွေ ဒေါက်တာတွေ ဖြစ်ခွင့်ရခဲ့ကြပါတယ်။ 

သို့သော်လည်း သူတို့တစ်တွေ ကိုယ့်တိုင်းပြည်ပြန်ရောက်တော့ လူမှန်နေရာမှန် နေရာရခဲ့ကြပြီး သင်ကြားခဲ့၊  လေ့လာခဲ့တဲ့ ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်ထဲမှာ လွတ်လွတ်လပ်လပ် အသုံးချခွင့်ရခဲ့ကြသူဆိုတာ လက်ချိုးရေလို့ လက်တစ်ဖက်တောင်မှ မပြည့်နိုင်ဘူးဆိုတာ ကျွန်တော်မပြောလည်း လူတိုင်းသိနေတာပါ။

ဒီတော့ အကျိုးဆက်က သူတို့တစ်တွေဟာ အလုပ်ကလည်းထွက်မရ၊ ဘာမှလည်းလုပ်မရနဲ့ ချောင်ထိုးထားတာခံရပြီး ကိုယ်ရည်ကိုယ်သွေးတွေ ကျကုန်တော့တာပါပဲ။ 

ဘာနဲ့တူသလည်းဆိုတော့ အကောင်းစား ဂျာမဏီနိုင်ငံထုတ် BMW အမျိုးအစားပြိုင်ကားဝယ်ပြီး ချိုင့်တွေကျင်းတွေနဲ့လမ်းပဲရှိတော့ ဘာမှလဲလုပ်မရ၊ ထားစရာကလဲမရှိတော့ မိုးထဲ၊ ရေထဲ၊ ပစ်ထားနဲ့ နောက်ဆုံးမှာတော့ ဒီကားဟာသံချေးတက်ပြီး ဒီလိုလမ်းမျိုးမှာ အသုံးတည့်တဲ့ ထော်လာဂျီလောက်တောင် အသုံးမဝင်တော့သလိုပါပဲ။

ဒီတော့ ဆိုလိုရင်းကိုပြန်ဆက်ရအောင်ပါ။ 

အခုနောက်ပိုင်း မြန်မာ့ပညာရေးက ရိုက်ထုတ်ပေးလိုက်တာက ဘွဲ့တွေနဲ့ ဒီဂရီတွေပါ (ဂျပန်ခေတ်က ဂျပန်ပိုက်ဆံလို ထောင်မလဲ၊ သဲကော်ပေါ့)။ အလွတ်ကျက်၊  အာဂုံဆောင်၊ ပညာရေးရဲ့သားကောင်ဖြစ်လာတော့ အရည်အသွေးနိမ့် ဖြစ်လာတာက တစ်ပိုင်းပါ။ 

နောက်တစ်ပိုင်းက အစိုးရက ကိုယ့်မြင်းကိုယ်စိုင်းပြီး ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခဲ့လေတော့ တိုင်းပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးပြီး လူငယ်လုပ်သားတွေရော၊ ပညာတတ်များပါ Brain Drain ရော Labour Drain ပါဖြစ်ပြီး နိုင်ငံရပ်ခြားကို ရောက်ကုန်တာပါပဲ။

မြန်မာပညာတတ် ပညာရှင်တွေနဲ့ တည်ဆောက်နေတဲ့ စင်္ကာပူ …..

ကျွန်တော် ဒီလိုပြောရင်မှားတယ်လို့ ဆိုကြမလား? ကျွန်တော်ကိုယ်တိုင် စင်္ကာပူပြောင်းမနေခင် ၂ဝဝ၇ ခုနှစ်လောက် တုံးကပေါ့။ ပြန်ပြောရရင် ကျွန်တော်(၁ဝ)တန်းအောင်ခဲ့တဲ့ မုဒုံ အထက(၁)ဆိုတာ ကျွန်တော်တို့ခေတ်ကာလ ၁၉၈၈ မတိုင်ခင်ကဆို (အခုတော့ အလှမ်းဝေးနေလို့ မသိတော့ပါ) နှစ်စဉ်နှစ်တိုင်း(၁ဝ)တန်းအောင်စာရင်းထွက်ရင် ဆရာဝန် ဆိုတာ(၁ဝ)ယောက်၊ အင်ဂျင်နီယာဆိုတာ အယောက်(၂ဝ) စသဖြင့် မပါရင် အရပ်စကားနဲ့ပြောရင် အကြိုက်သာ လာပြော ဆိုတဲ့ အထက်တန်းကျောင်းပေါ့။

ကျွန်တော်တို့ ၁၉၈၆ မှာ (၁ဝ)တန်းအေ ရဲ့အတန်းပိုင်က အလွန်တရာမှ တပည့်တွေကိုချစ်ပြီး မြန်မာစာအသင်အပြ ကောင်းတဲ့ အပျိုကြီးဆရာမ ဒေါ်ခင်လှသန်းပါ။ 

ဆရာမရဲ့ မောင်ငယ်က YIT က ဗိသုကာဆရာတစ်ယောက်ပေါ့။ ရေးရင်းနဲ့တောင်ရောက် မြောက်ရောက်ဖြစ်ပြီ။ ပြောချင်တာက ဆရာမတို့နဲ့ ၂ဝဝ၇ ခုနှစ်မှာတွေ့တော့ ဆရာမက သူ စင်္ကာပူကို အလည်သွားတဲ့အကြောင်း၊ စင်္ကာပူရောက်တုံး မြန်မာအင်ဂျင်နီယာများရဲ့ ဆရာကန်တော့ပွဲနဲ့ ဆုံတဲ့အကြောင်းပြောတော့ တော်တော်အံ့သြသွားခဲ့ပါတယ်။ ဒါနဲ့ အကြောင်းစုံမေးတော့မှ YIT ကဆရာများကို စင်္ကာပူရောက် မြန်မာအင်ဂျင်နီယာများက နှစ်စဉ်နှစ်တိုင်း စကာၤပူကို စားရိတ်စားကအကုန် အကျခံ ဖိတ်ခေါ်ပြီး စင်္ကာပူမြေပေါ်မှာ ဆရာကန်တော့ပွဲလုပ်တဲ့အကြောင်းသိရတာပေါ့။

ဆရာမကဆိုသေးတယ်။ သူရဲ့(၁ဝ)တန်းတုံးက တပည့်တစ်ချို့နဲ့ဆုံကြတော့ ပြောကြတယ်တဲ့။ စင်္ကာပူနိုင်ငံကြီး ဒီလိုသာယာလှပ တင့်တယ်နေတာ မြန်မာအင်ဂျင်နီယာများက အားသွန်ကြိုးပမ်း မနားမနေ (အချိန်ပိုလုပ်ခတွေ ထိုက်ထိုက်တန်တန် ရတာကိုး) တည်ဆောက်ပေးနေလို့ပါတဲ့။

ဆိုပါတော့ ဒီလိုနဲ့ နိုင်ငံခြားမထွက်ဖူးဆိုတဲ့ ကျွန်တော်ရော ကျွန်တော့်ညီ အင်ဂျင်နီယာပါ ၂ဝဝ၈ ခုနှစ်မှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို စင်္ကာပူကိုထွက်လာကြပါလေရော ဆိုပါတော့။ အဲဒီတော့မှ ကျွန်တော့်ညီ နှစ်စဉ်သွားတဲ့ စင်္ကာပူက YIT ဆရာကန်တော့ပွဲရဲ့ ကြီးကျယ်ခမ်းနားပုံကို နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့တာပါပဲ။

ဒီလောက်ဆို စောစောက ADB စစ်တမ်းမှာ ပါတဲ့ အချက်ကို ကျွန်တော်သဘောမတူတာ သိလောက်ရောပေါ့။   

မနှစ်က Weekly Eleven ကရေးဖူးတဲ့ သတင်းတစ်ပုဒ်ကို အမှတ်ရနေမိတယ်။ သတင်းက မြန်မာ့လယ်ယာလုပ်ငန်းမှာ လယ်ယာလုပ်သားရှားပါးလာတဲ့ ပြသနာပါ။ ဒီသတင်းနဲ့ဆက်နွယ်ပြီး မနှစ်က ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ ဖြန့်ဖြူးသူ Company ကဝန်ထမ်းတွေကို နည်းပညာပေးဆွေးနွေးပွဲတွေ မြန်မာပြည်မှာ ပြန်လုပ်တိုင်း ရှေ့အလားအလာမှာ လယ်ယာလုပ်သားရှားပါးမှုကြောင့် ဖြစ်လာနိုင်တဲ့ Market Trend ကိုပြောဖြစ်ပါတယ်။ 

ဥပမာ စပါးစိုက်ပျိုးထုတ်လုပ် မှုမှာ ပေါင်းနှိမ်နင်းဖို့ လုပ်သားရှားတော့ ပေါင်းသတ်ဆေးပိုသုံးလာနိုင်တာမျိုး၊ ရိတ်သိမ်းပြီး ချွေလှေ့ချိန်မှာ စက်ကရိယာ၊ အခြောက်ခံစက်တွေလိုအပ်လာတာမျိုး စသဖြင့်ပေါ့။ 

ဒီတော့ စောစောက ADB သုံးသပ်ချင်မှာ အလုပ်သမား အင်အားပေါများပြီး ဈေးသက်သာတာ တဟယ်ရော ဟုတ်ပါရဲ့လားဆိုတာ စဉ်းစားစရာပါ။

နောက်ပြီး ADB က လူဝင်မှုကြီးကြပ်ရေးဌာနက အချက်အလက်ကိုအခြေခံပြီးပြောတာထင်ပါတယ်။ 

ဥပမာဆိုပါတော့ ကျွန်တော့်မွေးရပ်မြေ မုဒုံမြို့မှာဆို ၁၉၉၃-၄ လောက်ကထဲက နိုင်ငံခြားထွက် အလုပ်လုပ်တာခေတ်စားလာပါတယ်။ 

ဆိုပါတော့ အိမ်ထောင်စုတစ်စုမှာ အဖေ၊ အမေ (အသက်-၅ဝ)လောက်စီနဲ့ သား၊ သမီး (၄)ယောက်လောက် ရှိတယ်ဆိုပါစို့။ အခုနေမှာတော့ အဲဒီမှာ အဖေ၊ အမေနဲ့ မြေးတွေရှိရင် မြေးတွေလောက်ပဲ နေရပ်ဒေသမှာ ကျန်နေပြီး အလုပ်လုပ်နိုင်သူအားလုံးကတော့ အထက်တန်းအောင်၊ သာမန်ဘွဲ့တစ်ခုလောက်နဲ့ဆို ထိုင်း (သို့) မလေးရှားကို အောက်လမ်း(ကုန်းလမ်းကတရားမဝင်) အင်ဂျင်နီယာ၊ ဆရာဝန်၊ Professional ဘွဲ့ရ ပညာတတ်တွေဆို အနည်းဆုံး စင်္ကာပူ၊ ဘရူနိုင်း၊ ဒူဘိုင်း စသဖြင့် နိုင်ငံပေါင်းစုံမှာ တရားဝင် အလုပ်လုပ်နေကြတာပါ။ 

ဒီတော့ အောက်လမ်းက သွားကြ သူတွေဆို ဘယ်လိုလုပ်မှတ်တမ်းဝင်ပါ့မလဲ၊ လဝက စာရင်းမှာတော့ ရှိပါရဲ့ မဲပေးတဲ့အခါသုံးဖို့ပေါ့။ လူကတော့ ဘယ်မှာ ရှိပါ့မလဲ။ သိကြတဲ့အတိုင်း မြန်မာပြည်မှာက စာရင်းအရဆို အမြင့်ဆုံးမှာချည်းပဲ။

နောက်တစ်ချက်ကတော့ ADB ကပြောသလို လူငယ်လုပ်သားပေါများပါတယ်ပဲထား သူတို့ကို အဆင်သင့်ရော လုပ်ငန်းခွင်ထဲ ထည့်သုံးလို့ရနိုင်ပါရဲ့လား။

ဒီနေရာမှာ စင်္ကာပူရဲ့ ပညာရေးကိုနည်းနည်းထည့်ပြောမှရပါမယ်။ စင်္ကာပူမှာ Secondary School ပြီးရင် ညံ့တဲ့ ကျောင်းသားတွေက ITE (ကျွန်တော်တို့ဆီက စက်မှုလက်မှု အထက်တန်းကျောင်း အဆင့်ပေါ့) ကျောင်းကိုသာ တက်ရပါတယ်။

သူတို့ကိုဘာတွေသင်သလဲ? ဥပမာဆိုပါတော့ တယ်လီဖုန်း Company တစ်ခုမှာ Line Man ဆိုတဲ့ တယ်လီဖုန်းကြိုး စစ်ဆေးသူဆိုပါတော့။ သူ့အတွက်ဘာလိုအပ်ပါသလဲ? တယ်လီဖုန်းထဲက လျှပ်စစ်ပတ်လမ်းဆားကစ်ကို ဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ သူသိစရာမလိုပါဘူး။ တယ်လီဖုန်းကြိုး ဘယ်လိုအခြေအနေမှာ လဲပစ်ရမယ်။ ဘယ်လိုရာသီဥတုဆို ဘာဖြစ် တတ်တယ်။ ကြိုးဘယ်လိုစနစ်တကျ ဖြတ်ရမယ်။ ဆက်ရမယ်။ ကရိယာတန်ဆာပလာတွေ ဘယ်လိုကိုင်တွယ် အသုံးချရမယ် ဒါတွေသာသိဖို့လိုတာပါ။

နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားတစ်ချို့ကိုအုပ်ချုပ်ပြီး ဆိုဒ်ထဲမှာ Supervise လုပ်သူ ဆိုပါတော့။ ဘယ်နေရာမှာ အားဘယ်လိုသက်ရောက်လို့ ဘာကြောင့် ဒီလိုသံချောင်းမျိုးသုံးမှရမယ်ဆိုတာ သူသိစရာ မလိုပါဘူး။ ဒါတွေက ဗိသုကာအလုပ်ပါ။

ဗိသုကာထုတ်ပေးထားတဲ့ မြေပုံကိုကြည့်ပြီး ဒီနေရာတော့ ဘိလပ်မြေဘယ်လိုလောင်း။ ဒီနေရာတော့ ကားလမ်း၊ ဒီနေရာတော့ မြေတူး။ လုပ်ငန်းခွင်ထဲ Safety အရ ဘယ်လိုဟာကဖြင့် သေသေချာချာ ဂရုစိုက် စသဖြင့် သိဖို့သာလိုပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ထက်ပိုပြီး ပညာရှေ့ပြေးနဲ့သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေးမှာ အခုနေအခါမယ် မာစတာတွေ၊ ဒေါက်တာတွေ ရိုက်ထုတ်နေတာထက် လိုအပ်ရင်လိုအပ်သလို ချက်ချင်းဖြည့်ပေးနိုင်ဖို့ Skill Labour Force ဟာအရေးကြီးနေကြောင်း သူရဲ့ဥရောပခရီးစဉ်တုံးကပြောခဲ့တာပါပဲ။

ပြီးခဲ့တဲ့ အပါတ်က စင်္ကာပူကို အလည်လာတဲ့ မြန်မာပြည်က စိုက်ပျိုးရေးဘွဲ့ရတွေကို ဒီမှာ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ နာမည်ကျော် Garden by the Bay ကိုလိုက်ပို့ဖြစ်ပါတယ်။ 

ညပိုင်းမှာ Super Tree အောက်မှာထိုင်ရင်း ဒီမှာ အလုပ်လုပ်နေကြတဲ့ Junior ညီငယ်နှစ်ယောက်ကို စောင့်နေကြပါတယ်။ 

သူတို့ရောက်လာတော့ ကိုတင်နေလင်းက မြန်မာပြည်က အလည်လာသူတွေကို ကြွားလုံးထုတ်ပါတယ် (ကြွားလည်းကြွားချင်စရာပေကိုး)။ ဒီ Super Tree ကြီးက အောင်ပင်လယ်သားတွေလက်ရာတဲ့၊ Yezin Agricultural University (YAU) မှာ အောင်ပင်လယ် အမျိုးသား အဆောင်က နာမည်ကြီးကိုး (ဆိုးတဲ့နေရာမှာ ပြောတာပါ။ ကျွန်တော်လည်း အောင်ပင်လယ်သားမို့ပါ)။ 

နောက်ပြီး ကိုတင်နေလင်းကပြောသေးတယ် စင်္ကာပူက Park တွေကိုကြည့်လိုက် Horticultural Park မှာ National Park က အမှတ်အများဆုံး ပေးထားတာ သူလုပ်ခဲ့တုံးကတဲ့။ နောက်တစ်ယောက်ကလည်း ဒီဖက်က Landscape က လတ်လတ်ဆတ်ဆတ် သူ့လက်ရာတဲ့။ ဘာလိုလိုနဲ့ မြန်မာပြည်က စိုက်ပျိုးရေးဘွဲ့ရတွေတောင် စင်္ကာပူမြေမှာ အယောက်(၁ဝဝ)နီပါး ရှိနေပါပြီ။ 

တစ်ချို့ဆို JTC Corporation လို အစိုးရတစ်ပိုင်း Company တွေမှာရော၊ National Park လို အစိုးရအလုပ်မှာရော တာဝန်ထမ်းဆောင်နေကြပါတယ်။ 

ဒီအထဲက ၉၁ ကျောင်းဆင်းတစ်ယောက်၊ ၉၃ ကျောင်းဆင်းတစ်ယောက်နဲ့ ၉၄ Senior ကျောင်းဆင်းတစ်ယောက်တို့ဆိုရင် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းတွေ၊ Company တွေနဲ့ပါ။ ကျွန်တော်နဲ့ တစ်နှစ်ထဲပြီးတဲ့ ကျောင်းနေဖက်တွေတောင် တစ်ဝက်လောက်က နိုင်ငံခြားမှာ နေကြ၊ အလုပ်လုပ်ကြ၊ အခြေချကြနဲ့ပါ။

ဒီတော့ ဒီကနေ့ အပြောင်းအလဲမှာ အဆင်ပြေချောမွေ့စေချင်ရင်၊ ဒီလူသားအရင်းအမြစ် အမြန်ုပြည်လည်ဖွံ့ဖြိုးဖို့ ဘယ်လောက်အရေးကြီးနေပြီလည်းဆိုတာ မျက်ဝါးထင်ထင်မြင်နေရပါပြီ။ 

ဒီအတွက် ရှိပြီးသား သံချေးတက်နေတဲ့ BMW တွေကို ဖုန်သုတ်၊ ရေဆေး၊ ဆေးပြန်မှုတ်၊ ပေါလစ်တိုက်လုပ်ရမှာ ဖြစ်သလို (မာစတာတွေ၊ ဒေါက်တာတွေ ပြန်ထုတ်သုံးဖို့ပြောတာပါ)၊ 

ကားဟောင်းဖျက်ပြီး ကားအသစ်သွင်းသလို ပညာရေးစနစ်ဟောင်းကိုဖြို စနစ်သစ်နဲ့ Skill Labour Force ရအောင် မြန်မြန်ထက်ထက်လုပ်ဖို့ လိုနေပါပြီ။

အရင်ကျွန်တော်တို့ခေတ်က စာသင်နှစ်(၅)နှစ်တက်ပြီး ပညာသင်ခဲ့ရတဲ့ YAU ကို (၄)နှစ်ပြောင်း၊ ဟောအခုတော့ စာသင်နှစ်(၅)နှစ် ပြန်ပြောင်းနေပါပြီ။ 

ဒီနှစ် YIT နဲ့ MIT ကိုပြန်ဖွင့်ပြီး စာသင်နှစ်(၆)နှစ်နဲ့ ပြန်သင်မတဲ့။ မဝေးတော့တဲ့ နောက်နှစ်တွေမှာ အင်ဂျင်နီယာ ဆရာကန်တော့ပွဲတွေ ရန်ကုန်မှာ ပြန်မြင်နိုင်မယ်လို့တော့ မျှော်လင့်ရတာပါပဲ။

ဒီကနေ့မြန်မာပြည်ဟာ လမ်းဆုံလမ်းခွမှာ မီးစိမ်းပြထားနေပါပြီ။ 

စိမ်းနေတုံးမှာ ဂီယာတင်ပြီး မောင်းရင်မောင်း၊  မမောင်းပဲနေလို့ကတော့ ………….. စင်္ကာပူက Express Way မှာ ဟိုးအရင် ၁၉၇၀ ကျော်ခေတ်က Mazada B600 လေးဘီးကားနဲ့ တက်မောင်းနေသလို ဖြစ်တော့မပေါ့။

ကိုကိုမောင်
၂၈၊ ၈၊ ၂၀၁၂

Tuesday, January 17, 2012

Free Thinker: ကွာခြားနေတဲ့မျက်နှာများ၊ ဒီကနေ့မြန်မာလူငယ်နဲ့ ကျွန်တော့်သားရဲ့ ဒိုင်ယာရီ

(မှတ်ချက်။         ။ ကျွန်တော့်၏ Facebook Note ကို ကျွန်တော်ဆရာ ဦးအေးငြိမ်း၏ Blog တွင် တင်ထားခဲ့သည့် စာစုဖြစ်ပါသည်။ မူရင်းပို့စ်ကို ဖတ်ချင်ပါက အထက်ပါ လင့်ခ်ကို နှိပ်ပြီး ဓါတ်ပုံများနှင့်တကွ ဖတ်ရှုနိုင်ပါသည်။ သို့သော် ဇော်ဂျီဖြင့် ရေးထားသည့်အတွက် အနည်းငယ် အခက်အခဲဖြစ်နိုင်ပါသည်။) 

ပြီးခဲ့တဲ့ ဒီဇင်ဘာလဒုတိယပတ်လောက်မှာ မြန်မာပြည်ကနေ နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာတစ်ယောက် နိုင်ငံခြားကို ပထမဦးဆုံးအကြိမ်ထွက်ပြီး ရုပ်ရှင်နဲ့ပတ်သက်တာတွေကို အရှေ့တောင်အာရှဒေသမှာရှိတဲ့ နိုင်ငံအချို့ကို သွားရောက်လေ့လာတယ်ဆိုတဲ့ သတင်းတွေကို ဖတ်လိုက်ရပါတယ်။ 

သူနဲ့ မီဒီယာတစ်ချို့ အင်တာဗျူးကြတဲ့ ရုပ်သံသတင်းတွေကိုလည်း အင်တာနက်ကနေတစ်ဆင့် ကြည့်လိုက်ရတယ်။ 

သူ့ရဲ့ စူးရှတဲ့အမြင်နဲ့ ပြည်တွင်းကလူငယ်တွေနဲ့ ပြည်ပကလူငယ်တွေရဲ့ မျက်နှာမှာပေါ်လွင်နေတဲ့ ကွာခြားမှုတွေကို ပြောပြသွားတာလည်း ကြားလိုက်ရပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း ခေါင်းထဲကိုဝင်လာတဲ့ အကြောင်းအရာ တစ်ချို့ကို ဒီလိုရေးဖြစ်လိုက်တာပါ။

လူငယ်တွေရဲ့မျက်နှာပေါ်က ကွာခြားမှုဆိုတော့ လူငယ်တွေအကြောင်းပဲပေါ့။

ပထမဦးဆုံးပြောရမယ့် လူငယ်နဲ့ မိဘများရဲ့ခံယူချက်

လူငယ်နဲ့ မိဘများရဲ့ခံယူချက်ဆိုလို့ ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့ မိသားစုအကြောင်းပါ။ လူငယ်ဆိုလို့ ကျွန်တော့်မှာ သားတစ်ယောက် ရှိပါတယ်။

သူ့ကို ၂ဝဝဝ ပြည့်နှစ် ဇွန်လမှာမွေးပါတယ်။ အခုမှ (၁၁)နှစ်ကျော် (၁၂)နှစ်ထဲမှာ ရှိပါသေးတယ်။ 

ကျွန်တော့်အသက်(၃ဝ) ပြည့်တဲ့နှစ်မှာ သူ့ကို မွေးတာဆိုတော့ သူနဲ့ကျွန်တော်က အနှစ်(၃ဝ)တိတိ အသက်အားဖြင့် ကွာတာပေါ့။ 

မိဘဖြစ်လာတော့ မိဘတွေရဲ့ထုံးစံအတိုင်း ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာပါပဲ။ ဆိုတော့ကာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ နှစ်ယောက်စလုံး သားတစ်ယောက်ထဲ မွေးထားတာဆိုတော့ သူ့အတွက်ပဲ စီမံကိန်းတွေ ချနေကြမယ်ဆိုတာ ကျွန်တော်မပြောလည်း တွေးကြည့်ရင်တောင် လူတိုင်းသိကြမှာပါ။ 

မိဘတိုင်းလည်း ဒီလိုပဲ ဖြစ်မယ်ဆိုတာ သေချာသလောက်ပါပဲ။

ကျွန်တော်ရော၊ ကျွန်တော့်ဇနီးပါ သားမမွေးခင်ကရော၊ အခုအချိန်အထိ သာမန်ကုမ္ပဏီဝန်ထမ်းတွေပေါ့။ 

နှစ်ယောက်စလုံး အလုပ်လုပ်ခဲ့တော့ ရကြတဲ့လခနဲ့ သူဌေးမဖြစ်နိုင်ပေမယ့် နေနိုင်စားနိုင် သာမန်ပါပဲ။ သားကိုမွေးပြီးနောက်တော့ ကလေးကိုပြုစုပျိုးထောင်ခြင်းဟာ ငွေရှာတာထက်အများကြီးပိုပြီး အရေးကြီးတယ်လို့ ခံယူတဲ့အတွက် ကျွန်တော့် ဇနီးသည်ဟာ အလုပ်ထွက်ခဲ့ရပါတယ်။

ကျွန်တော့်သား အကြောင်းမပြောခင် ကျွန်တော့်မိဘ၊ အထူးသဖြင့် ကျွန်တော့်အဖေအကြောင်း ပြောပြ ရအုံးမယ်။ ဒါမှ မိဘရဲ့ခံယူချက်က သားသမီးတွေအပေါ် ဘယ်လိုလွမ်းမိုးတယ်ဆိုတာ မြင်သာမှာမို့လို့ပါ။ ပြီးတော့လည်း တစ်ခါတစ်ရံ ကိုယ်ရည်မှန်းသလို ဖြစ်မလာတာတွေကို မြင်စေချင်လို့ပါ။

ကျွန်တော်တို့မှာ ညီအစ်ကိုမောင်နှမ(၆)ယောက် ရှိပါတယ်။ အားလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် (၂)နှစ်စီလောက်သာ ကွာကြတာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က အခြေအနေကို စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ 

အဖေ အမြဲဆိုခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ ငါ့တို့မှာ မင်းတို့ကို အမွေပေးစရာ ချမ်းသာ ကြွယ်ဝတာ ဘာမှမရှိဘူး။ ပေးစရာဆိုလို့ ပညာအမွေသာရှိတယ်။ 

ကျောင်းပြီးအောင်တော့ အားလုံးကို ကြိုးစားပြီး ထားပေးမယ်ပေါ့။ သို့ပေမယ့်လည်း (၆)ယောက်ဆိုတဲ့ အင်အားကမနည်းတော့ အတော် မလွယ်တာပါ။ 

ဖြစ်ချင်တော့ အစ်မအကြီးဆုံး က ၁၉၇၉ ခုနှစ်မှာ (၁ဝ)တန်းအောင်တော့ အမှတ်ကောင်းပြီး ဆေးတက္ကသိုလ်ကို တက်ခွင့်ရပါတယ်။ သူကတော့ ဆရာဝန်လုပ်ဖို့ထက် အင်ဂျင်နီယာလုပ်ဖို့ကို ပိုပြီးတော့ ဝါသနာပါတယ်လို့ ပြောဖူးပါတယ်။ 

သို့ပေမယ့်လည်း အဖေကရော ကျန်တဲ့ လူကြီးဆွေမျိုးတွေအားလုံးကပါ ဆေးကျောင်းတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဖေ့ စီမံကိန်းနဲ့ မျှော်လင့်ချက်က သူဆေးကျောင်းတက်လို့ (၇)နှစ်ပြီးရင် အငယ်တွေ တက္ကသိုလ်ကျောင်း တက်မဲ့အချိန်မှာ ပြန်ကြည့်မယ်ဆိုရင် မိသားစုအတွက် အသက်ရှုချောင်စရာပေါ့။ 

အမေကတော့ သာမန် အိမ်ရှင်မဆိုတော့ လိုအပ်တဲ့ဝင်ငွေကို ကြက်မွေးမြူရေး၊ အိမ်ဆိုင်ဖွင့် စသဖြင့်နဲ့ တစ်ဖက်တစ်လမ်း ကရှာရပါတယ်။

ဒီလိုနဲ့ ၁၉၈၁ မှာ ဒုတိယအစ်မ(၁ဝ)တန်းအောင်ပါတယ်။ သူတို့အချိန်မှာ စနစ်ပြောင်းပြီး ဒေသကောလိပ် တွေ စပါတယ်။ ဒါနဲ့ သူလည်းပဲ ဒေသကောလိပ်ကနေတဆင့် Zoology လို့ခေါ်တဲ့ သတ္တဗေဒမေဂျာနဲ့ အိမ်နဲ့နီးနီးနားနား မော်လမြိုင်တက္ကသိုလ်မှာပဲ တက်ဖြစ်ပါတယ်။

နောက်တစ်ခါ ၁၉၈၄ ခုနှစ်ကျတော့ တတိယအစ်မက (၁ဝ)တန်းအောင်ပြန်ပါရော။ ဒုတိယနဲ့ တတိယ သူတို့ နှစ်ယောက်က(၃)နှစ်ခြားပါတယ်။ 

ဒီတစ်ခါ သူက ရန်ကုန်စီပွားရေးတက္ကသိုလ် ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က(၈)တန်းရောက်နေပါပြီ။ ကျွန်တော့်ညီက(၆)တန်းနဲ့ အငယ်ဆုံးညီမက(၃)တန်းပါ။ 

စဉ်းစား ကြည့်ရင် ကျွန်တော့်မိဘတွေ တက္ကသိုလ်ကျောင်းသူသမီး(၃)ယောက်နဲ့ တော်တော် ခေါင်းခြောက်နေပြီ ဆိုတာ သိလောက်ပါတယ်။ 

ဒီလိုနဲ့ ကျွန်တော်လည်း ၁၉၈၆ ခုနှစ်မှာ (၁ဝ)တန်း အောင်ပြန်ပါတယ်။ မှတ်မှတ်ရရ ၁၉၈၆ နိုဝင်ဘာလလောက်ထင်ပါတယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကို ကျွန်တော် စတက်ရပါတယ်။

ပြောရရင် ၁၉၈၇ ခုနှစ်မှာ ကျွန်တော့်ဒုတိယအစ်မက မော်လမြိုင်တက္ကသိုလ်ကနေ သတ္တဗေဒမေဂျာနဲ့ ကျောင်းပြီးလာပါတယ်။ ကျွန်တော်တို့ အစ်မကြီးကတော့ သူဝါသနာမပါလို့လားမသိပါဘူး ဆေးကျောင်းမှာ ဆပလီတွေထိပြီး Final Part I နောက်ဆုံးနှစ်ပထမအတန်း မှာပဲရှိသေးတယ်လို့ ထင်ပါတယ်။ ကျောင်းမပြီး သေးပါဘူး။ 

ဒီလိုနဲ့ ဒုတိယအစ်မက ကျောင်းပြီးတာနဲ့ အလယ်တန်းပြ ကျောင်းဆရာတွေခေါ်တော့ ဝင်လျှောက်ရင်း ကျောင်းဆရာမဖြစ်သွားပါတယ်။ ဒီမှာလည်း မြန်မာပြည်ရဲ့ပညာရေးလောက အကြောင်း နည်းနည်းလောက် မြင်ကြည့်မိပါတယ်။ 

အစ်မက သတ္တဗေဒနဲ့ကျောင်းပြီးလာတာဆိုတော့ သူ့ကို Bio လို ဘာသာရပ်မျိုးကို သင်ခိုင်းရင် အလွန်တော်တဲ့ ဆရာမကောင်းတစ်ယောက်ဖြစ်လာမှာ သေချာသလောက်ပါပဲ။ 

သို့ပေမယ့်လည်း အင်္ဂလိပ်စာသင်ခိုင်းတော့ အခုအချိန်မှာ အင်္ဂလိပ်စာဆရာမတစ်ယောက် ဖြစ်လာရပါတယ်။ ကျွန်တော်ဆိုရင်လည်း (၁ဝ)တန်းအောင်ချိန်မှာ သင်္ချာ(၉၇)မှတ်နဲ့ ဂုဏ်ထူးတစ်ဘာသာပါပြီး စုစုပေါင်းရမှတ်(၄ဝ၈)မှတ်နဲ့ ဝါသနာပါတဲ့ အင်ဂျင်နီယာနဲ့ကပ်လွဲခဲ့ပါတယ်။ 

ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နှစ်(၁၉၈၆)မှာ ယောက်ျားလေးတွေရဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ဝင်ခွင့်အမှတ်က စုစုပေါင်း(၄၁ဝ)လောက်သာပါ။ 

မတတ်နိုင်ပါဘူး ကိုယ်ကညံ့လို့ ဒီလောက်အမှတ်ကိုတောင် ကျော်နေအောင် မလုပ်ထား တာပဲကိုး။ ထားပါတော့ …

ပြောချင်တာတွေသိပ်များတော့ လမ်းတွေချော်ကုန်ပြီ။ ဒီလိုနဲ့ ကျွန်တော်လည်း သိပ်ဝါသနာမပါလှပေမယ့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှာ ဒုတိယဦးစားပေး ထည့်ထားမိတော့ တန်းကနဲနေအောင် ရောက်သွားတော့တာပါပဲ။

ဒီလိုနဲ့ ၁၉၈၇ ခုနှစ် နှစ်ကုန်ခါနီး(၃)(၄)လအလို ကျွန်တော်တို့ပထမနှစ်မှာ ၉ဝ၊ ၇၅၊ ၂၅ ကျပ်တန် ငွေတွေ သိမ်းတော့ ပထမနှစ်အတန်းတင်စာမေးပွဲ ဖြေဆိုခါနီးမှာ ကျောင်းတွေပိတ်လိုက်ပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော့်ညီလေးက(၁ဝ)တန်း တက်နေပါပြီ။ 

တက္ကသိုလ်တွေသာပိတ်ပြီး အထက်တန်းကျောင်း တွေတော့ မပိတ်ခဲ့ဘူးလို့ ထင်ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ နှစ်ဆန်းမှာ ကျောင်းတွေပြန်ဖွင့်ပြီး စာမေးပွဲတွေ ပြန်ဖြေရပါတယ်။ ၁၉၈၈ မတ်လမှာ ကျွန်တော့်ညီလည်း (၁ဝ)တန်းစာမေးပွဲဖြေရပါပြီ။

ဒီလိုနဲ့ ကျွန်တော့်ညီငယ်က (၁ဝ)တန်းအောင်ချိန်၊ ကျွန်တော်တို့လည်း ဒုတိယနှစ် စတက်ပြီး သိပ်မကြာခင်ပဲ မြန်မာ့အကွေ့အပြောင်း ၁၉၈၈ အရေးတော်ပုံကြီး စတင်ပါတော့တယ်။ ၁၉၈၈ အရေးတော်ပုံအကြောင်း ပြောရရင် ရှည်လျှားလှပါတယ်။ ကျွန်တော့်ခေါင်းစဉ်နဲ့ လွဲကုန်ပါမယ့်၊ ဒီတော့ ကျွန်တော်တို့အကြောင်းပဲ ဆက်ပြောရအောင်ပါ။

ကျွန်တော့် အဖေရဲ့ စီမံကိန်းမှာ ၁၉၈၈ အရေးတော်ပုံဖြစ်လာမယ်ဆိုတာ မပါခဲ့တော့ အဲဒီအချိန်မှာ ဒုတိယ အစ်မတစ်ယောက်သာ တက္ကသိုလ်ကနေကျောင်းပြီးလို့ ဆရာမဖြစ်နေပြီး အစ်မအကြီးဆုံးကတော့ ဆေးတက္ကသိုလ်မှာ တန်းလန်း၊ တတိယအစ်မက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တန်းလန်း၊ ကျွန်တော်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ တန်းလန်းနဲ့ ကျွန်တော့်ညီငယ်က(၁ဝ)တန်းအောင်ပြီး တက္ကသိုလ် တက်ဖို့ စောင့်နေကြရပါတော့တယ်။

ဒီကြားထဲ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော့်တတိယအစ်မက စက်ချုပ်၊ ကျွန်တော်တို့လည်း အထည်လုပ်ငန်းတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အုန်းသီးပေါတော့ အမေက အုန်းသီးလိုက်ဝယ် ကျွန်တော်တို့ က အုန်းသီးတွေခွဲ၊ အုန်းသားခြောက်လှမ်း၊ ရတဲ့ အုန်းဆံခြောက်ကို ကျွန်တော်က ရန်ကုန်ကို ကားနဲ့တင်၊ အလုံဖက်က အုန်းဆီစက်တွေမှာ သွားပြီးရောင်းရပါတယ်။ 

ကျွန်တော်တို့မြို့မှာ အုန်းသား ခြောက်ပွဲရုံရှိပေမယ့် ရန်ကုန်တက်ရောင်းရင် ဈေးပိုရတော့ ကျွန်တော်အမြဲလိုလို ရန်ကုန်အထိသွားပြီး ရောင်းပါတယ်။ ဒီလိုနည်းမျိုးစုံနဲ့ တစ်ဖက်တစ်လမ်းကနေ ကျောင်းပိတ်ထားချိန်မှာ ကျောင်းဖွင့်ရင် ကျောင်းပြန်တက်ဖို့ ဝင်ငွေရှာထားကြရပါတယ်။

ဒီလိုနဲ့ ၁၉၉၁ ထင်ပါတယ်။ ကျောင်းတွေကို ပြန်ဖွင့်ပြီး (၂)လထဲနဲ့ စာမေးပွဲတွေ စစ်မယ်လို့ဆိုလာပါတယ်။ တစ်ချိန်ထဲမှာ ကျွန်တော့်ညီလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကို တက်ခွင့်ရပါတယ်။ ကျွန်တော့်မိဘတွေ ဘယ်လောက် ခေါင်းခြောက်မယ်ဆိုတာ တွေးကြည့်ရင်သိပါတယ်။ 

ကျွန်တော့် အစ်မကြီးက အဲဒီအချိန်မှာ ဆေးရုံမှာ အလုပ်သင်ဆရာဝန် ဆင်းနေပါပြီ။ ဒီတော့ ကျွန်တော်စဉ်းစားတယ်။ ငါသာ ရိုးရိုးသာမန် မေဂျာတွဲကို ပြောင်းယူပြီး တစ်ဖက်က အလုပ်လုပ်ရင် ပိုအဆင်ပြေမလားတွေးမိပါတယ်။ 

ပြီးတော့ အစ်မကြီးသာ ဆရာဝန်စဖြစ်ပြီဆိုရင် နည်းနည်းတော့ ထောက်ပံ့လာနိုင်မလားပေါ့။ ဆိုတော့ ကျောင်းပြန်တက်ပြီး ဒုတိယနှစ်အောင်မှ ကျောင်းပြောင်းရင် မေဂျာမှာ ဒုတိယနှစ်ကိုပဲ ပြန်တက်ရမယ် ဆိုပြီးတော့ အဲဒီနှစ်ကို ကျွန်တော် ကျောင်းသွားပြီး မတက်ဖြစ်ခဲ့တော့ပါဘူး။

ဒီတော့ တတိယနှစ် စီးပွားရေးတက္ကသိုလ်က တစ်ယောက်နဲ့ ပထမနှစ် စက်မှုတက္ကသိုလ်တစ်ယောက် ကျောင်းသွားတက်ပါတယ်။ 

သူတို့နှစ်ယောက် တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းသွားတက်ချိန်မှာ တက္ကသိုလ်ကျောင်းသားကျွန်တော် ကျောင်းပြန်မတက်ရတဲ့ခံစားချက်ကို အခုအချိန်အထိ ရင်ထဲမှာကျင်နေအောင် ခံစားရဆဲပါပဲ။

ကျွန်တော့်အဖေရဲ့ရည်မှန်းချက်ကို ပြောင်းပြန်ဖြစ်သွားစေတာက ကျွန်တော်တို့ရဲ့အစ်မကြီးဟာ အလုပ်သင်ဆရာဝန် ပြီးပြီးချင်းပဲ သူဖာသာသူ အိမ်ထောင်ပြုသွားတာပါပဲ။ 

ကျွန်တော့်အစ်မကြီးအတွက် မိသားစုက ကုန်ကျခဲ့တာတွေ၊ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အခွန်တော်ငွေတွေထဲကနေ သူတို့ကျောင်းမှာ သူ့အတွက် ကုန်ကျခဲ့တာတွေဟာ အဟောသိကံဖြစ်ခဲ့ရပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကျောင်းပြီးကထဲက ဒီကနေ့အထိ ဆရာဝန်တာဝန်ကို တစ်နှစ်ပြည့်အောင်တောင် ကြိုးစားမထမ်းဆောင်ပဲ သာမန်အိမ်ရှင်မ ဘဝနဲ့ပြီးခဲ့လိုပါပဲ။ 

ဒီလိုဖြစ်လာမယ်လို့သာ စောစောစီးစီးသိခဲ့ရင် သူ့အတွက်အချိန်လည်းကုန်၊ ငွေလည်းပန်းတဲ့ ဒီလမ်းကို ကျွန်တော့်အဖေ ရွေးခဲ့မယ်မထင်ပါဘူး။ အဲဒီလိုအခြေအနေနဲ့ အဲဒီအချိန်ဟာ ကျွန်တော်တို့ မိသားစုဘဝရဲ့ အခက်ခဲဆုံးအချိန်တွေပါပဲ။

ကျွန်တော်တို့မောင်နှမတွေထဲမှာ ကျွန်တော့်ညီလေးဟာ အခက်ခဲဆုံးဘဝနဲ့ တက္ကသိုလ်တက်ခဲ့သူပါ။ သူကျောင်းစတက်ချိန်မှာ ကျွန်တော်တို့နဲ့ မောင်နှမတွေလိုနေကြပြီး တစ်မြို့တည်းနေခဲ့တဲ့ ကျွန်တော့် အစ်မကြီးရဲ့သူငယ်ချင်းနဲ့ သူ့ညီတို့ဟာရန်ကုန်မှာ Metronic ဆိုတဲ့ Safeguard တွေစတင်ဈေးကွက်တင် နေချိန်ပေါ့။ 

သူတို့ ကျေးဇူးကြီးမားပါတယ်။ ကျွန်တော့်ညီလေးကို သူတို့အလုပ်မှာခေါ်ထားပြီး ညဖက်မှာ အလုပ်လုပ်၊ နေ့ဖက်ကျောင်းတက်နဲ့ ထောက်ပံ့ခဲ့ပါတယ်။ 

ကျွန်တော့်ညီဟာ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ပထမနှစ်ကစလို့ နောက်ဆုံးနှစ်တိုင်အောင် ဒီလိုနည်းနဲ့ သူ့ကျောင်းစားရိတ် သူရှာပြီး တက်ရင်း စက်မှုတက္ကသိုလ်ကနေ ၁၉၉၆/၉၇ မှာထင်ပါတယ် ကျောင်းပြီးခဲ့ပါတယ်။

ဆက်ပြောရရင် ကျွန်တော်က ၁၉၉၂ နောက်တစ်နှစ်ကျောင်းပြန်ဖွင့်တော့ ကျွန်တော့်ညီအတွက် စိတ်အေးရတော့ ကျွန်တော်လည်း မေဂျာကို မပြောင်းဖြစ်တော့ဘဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာသာ ကျောင်းပြန်တက်ဖြစ်ပါတယ်။

ကျောင်းကတော့ စာမေးပွဲကျတာမဟုတ်ပဲ တစ်နှစ်နောက်ကျခဲ့ပါတယ်။ ကျွန်တော်ကျောင်းတက်ဖို့လည်း အပြေလည်ချည်းမဟုတ်ပါဘူး။ အမြဲလိုလို ကျွန်တော်ဟာ ကျောင်းပြန် ဖွင့်စအချိန်တွေမှာ တစ်လတန်သည် နှစ်လတန်သည် ကျောင်းနောက်ကျလေ့ရှိပါတယ်။

ကျွန်တော်က ရေဆင်းဆိုတော့ ရန်ကုန်လို အလုပ်မလွယ်ကူပါဘူး။ ဒီတော့ အိမ်နီးနားချင်းတွေရဲ့ တောင်ငူကသစ်စက်မှာ ကျောင်းပိတ်ရက်တွေမှာ အလုပ်လုပ်ပါတယ်။ 

ကျောင်းဖွင့်ရင် နောက်ကျမှ သွားတာက အလုပ်လုပ်ပြီး ပိုက်ဆံစုနေရလို့ပါ။ ရန်ကုန်က အဖေ့မိတ်ဆွေတွေစီမှာလည်း ငွေ ၅ သောင်းကို ငွေတိုးပေးထားပြီး ရတဲ့အတိုး ၂ဝဝဝ ကျပ်ကို ကျောင်းစားရိတ်လုပ်ပြီး ကျောင်းတက်ရပါတယ်။ 

ဒီအချိန်မှာ အိမ်မှာလည်း အဖေ၊ အမေ၊ အကြီး၊ ညီမငယ်နဲ့ ကျောင်းဆရာမ ဒုတိယအစ်မတို့က ထမင်းခြောက် ကျော်ရောင်းတာတို့ အုန်းသီးလှမ်း၊ အုန်းသားခြောက်ရောင်းတာတို့ မျိုးစုံအောင်လုပ်ပြီး ငွေရှာခဲ့ကြ ရပါတယ်။ ကျွန်တော့်ဘဝမှာ လျှာထိုးသစ်တွေ ကုန်ကားပေါ်ထမ်းတင်ဖူးပါတယ်။

ကျွန်တော့်အဖေဟာ အာဏာနဲ့ငွေ၊ လဘ်စားပြီး ထမင်းရှာစားဖို့ကို ကိုယ်တိုင်မလုပ်ခဲ့တဲ့အပြင် အားပေး အားမြှောက်လည်း မလုပ်ခဲ့ပါဘူး။ ကျွန်တော့်အဖေရဲ့ ညီမနှစ်ယောက်က စတိုးဆိုင်ဖွင့်ပြီး သူတို့ပိုက်ဆံနဲ့ပဲ သူတို့အတွက် လိုင်းကား ထောင်ပေးခဲ့ပြီး အဖေကကြည့်ရှုပေးခဲ့တော့ ကျွန်တော်သူငယ်ချင်းတွေကတောင် ကျွန်တော်တို့ကို အဲဒီတုန်းက သူဌေးတွေလို့ ထင်ခဲ့ကြမှာပါ။ နောက်ကွယ်မှာတော့ ကျွန်တော်တို့တစ်တွေ အသေအလဲ ရုန်းကန်ခဲ့ရပါတယ်။

ဆိုပါတော့ ဒီလိုနဲ့ ၁၉၉၄ ခုနှစ်ကုန်မှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ကျွန်တော်ဟာ စိုက်ပျိုးရေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ပါတယ်။ 

ကျွန်တော်တို့ကျောင်းပြီးချိန်မှာ ဗိုလ်ချုပ်မြင့်အောင်က လယ်ဆယ်ဝန်ကြီးဖြစ်နေချိန်နဲ့ ဝန်ကြီးဌာနမှာ အလုပ်ကို ဖေါဖေါသီသီခေါ်နေချိန်ပေါ့။ 

ကျွန်တော့်အတွက်တော့ ကျောင်းပြီးပြီးချင်း ဝန်ကြီး ဌာနရဲ့ အလုပ်ခေါ်တာကို စောင့်မနေနိုင်ပါဘူး။ စာမေးပွဲအောင်ပြီး ရက်ပိုင်းအတွင်း ချက်ချင်းပဲ အဖေ့မိတ်ဆွေ တစ်ယောက်ရဲ့စာရေးပြီးမိတ်ဆက်ပေးလို့ လူသုံးဆေးရောင်းတဲ့ ကုမ္ပ္ပဏီမှာ အလုပ်စပြီး ဝင်လုပ်ရပါတယ်။

ကျွန်တော်ဟာ အဲဒီအချိန်မှာ လစာ ၃၅ဝဝ ကျပ် စပြီးရပါတယ်။ အဲဒီအချိန်က အစိုးရအလုပ်ဝင်လုပ်ရင် လက်ထောက်ကြီးကြပ်ရေးမှူးတစ်ယောက် ရမယ့်လစာက ကျပ် ၁၅ဝဝ လောက်ထင်ပါတယ်။ ကျွန်တော် တွေးတယ်။ ဒီလိုတစ်လ ကျပ် ၁၅ဝဝ ဆိုတာ ငါတစ်ယောက်အတွက် နေဖို့မပါ စားလောက်ရုံပဲ။ ဒီပိုက်ဆံနဲ့ ငါဘယ်လိုအိမ်ကို ထောက်ပံ့မလဲ၊ အဖေကလည်းတခြား မဟုတ်တာလုပ်ကာ ရမယ့်ဝင်ငွေကို မကြိုက်ဖူး။ ဒါနဲ့ပဲ အစိုးရဝန်ထမ်းအလုပ်ကို ပြတ်ပြတ်သားသား ကျောခိုင်းလိုက်ပါတော့တယ်။

အဲဒီအချိန်ကထဲက ကုမ္ပ္ပဏီမျိုးစုံမှာ အလုပ်ပေါင်းစုံအောင် လုပ်ခဲ့ပါတယ်။ 

အမြဲတမ်းလည်း တိုင်းပြည် အတွက် ဝင်ငွေခွန်ကို မှန်မှန်ဆောင်တဲ့ အခွန်ထမ်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ တရားဝင်နိုင်ငံခြားငွေရတဲ့ ကုမ္ပ္ပဏီတွေမှာလုပ်တော့လည်း သူတို့က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို လစာလွဲပေးတော့ ရတဲ့လစာရဲ့ (၁ဝ)ရာခိုင်နှုန်းကို မှန်မှန်ဆောင်ခဲ့ရပါတယ်။

ကျွန်တော့်ညီငယ်ကလည်း စက်မှုတက္ကသိုလ်ကနေကျောင်းပြီးလို့ ၁၉၉၉ ခုနှစ်လောက်ကစပြီး ရန်ကုန်က မလေးရှားပိုင်ဟော်တယ်ကြီးတစ်ခုမှာ လုပ်တော့ နိုင်ငံခြားငွေနဲ့ လစာရခဲ့ပြီး အမြဲအခွန်ဆောင်ခဲ့ကြတာပါ။

ကျွန်တော်ဖခင်မဆုံးခင်က အမြဲလိုလို သူ့မိတ်ဆွေတွေနဲ့တွေ့ရင် သူပြောတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ငါ့သားတွေထောက်ပံ့တဲ့ပိုက်ဆံနဲ့ ငါတို့ထမင်းစားရတာ သိပ်သန့်ရှင်းတယ်တဲ့။ တိုင်းပြည်အတွက် အခွန် ဆောင်ပြီးမှ မိဘကိုပေးကမ်းထောက်ပံ့လို့ပါလို့ အမြဲဆိုခဲ့ပါတယ်။

ဆိုလိုတာက စောစောကပြောသလို မိဘရဲ့ခံယူချက်က သားသမီးတွေကို မှန်ကန်တဲ့လမ်းကြောင်းကို ရောက်အောင် တွန်းပို့ပေးတာပါပဲ။

အခွန်နဲ့ပတ်သက်လို့ ရင်နာစရာပြောစရာတစ်ခုရှိပါတယ်။ 

ကျွန်တော် ၁၉၉၉ နှစ်ကုန်ကနေ ၂ဝဝ၂ ခုနှစ်၊ မေလအထိ Sumitomo Corp ရဲ့ ရန်ကုန်ရုံးခွဲမှာ လုပ်ခဲ့ပါတယ်။ ဒီတော့ လစာကို ဂျပန်ကနေလွဲတော့ လစဉ်အခွန်(၁ဝ)ရာခိုင်နှုန်း ဘဏ်ထဲမဝင်ခင်မှာ ဖြတ်ပါတယ်။ ကျွန်တော့်ဘဏ်စာရင်းမှာ အခွန်ဆောင်ပြီး အရပ်အခေါ် ဒေါ်လာ ၄ဝဝဝ ကျော်ရှိပါတယ်။ 

အဲဒီအချိန်မှာပဲ ၂ဝဝ၂ စက်တင်ဘာလလောက်မှာ ကျွန်တော် တရားရုံးက လေလံပစ်တဲ့ တိုက်ခန်းကို ကျပ်ငွေ သိန်း(၃ဝ)ကျော်နဲ့ လေလံဆွဲဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်ပေါက်ဈေးက တစ်ဒေါ်လာ ၉ဝဝ လောက်ထင်ပါတယ်။ တရားရုံးကနေဝယ်တော့ အရပ်ပွဲစားနဲ့ ဝယ်သလိုမဟုတ်ပါဘူး။ တန်ဘိုးရဲ့ ၇%ကို အခွန်တံဆိပ်ခေါင်းစာချုပ်နဲ့ တရားရုံးမှာ စာချုပ် ချုပ်ရပါတယ်။ မှတ်မှတ်ရရ စာချုပ်တန်ဖိုးချည်း နှစ်သိန်းရှစ်သောင်း လောက်ကျပါတယ်။ နောက်တော့ ၂ဝဝ၅ ခုနှစ်လောက်မှာ ထင်တယ်။ ကျွန်တော် အလုပ်ကိစ္စနဲ့ လိုအပ်လို့ စင်္ကာပူကိုသွားစရာရှိတော့ ပတ်စ်ပို့ လုပ်ရတယ်။ ဒီမှာ ပုံစံ(၁၇)လိုတော့ မြို့နယ်အခွန်ရုံးကိုသွားပါတယ်။ ဒီတော့အခွန်ကင်းရှင်းကြောင်းရဖို့ အိမ်စာချုပ်ပြရပါတယ်။ အိမ်ဝယ်တုံးက MFTB ကနေ ရှိတဲ့ဒေါ်လာတွေ အကုန်ထုတ်ထားတဲ့ ဘဏ်စာရင်း ပြရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ရပ်ကွက်ကိုတာဝန်ကျတဲ့ အခွန်ဝန်ထမ်းက အခွန်မှူးနဲ့ တွေ့ခိုင်းပါတယ်။ နေ့လယ်(၁၁)နာရီလောက်မှာ အခွန်ဦးစီးမှူး မရောက်လာသေးလို့ စောင့်နေရပါတယ်။ 

ခဏနေတော့ ခြေထောက်တစ်ဖက်မရှိတဲ့ အခွန်ဦးစီးမှူးက တန်ဖိုးကြီးတဲ့ ဖင်ကောက်ဗင်ကားနဲ့ ရောက်လာပါတယ်။ 

ကျွန်တော့်လို နှစ်သိန်းရှစ်သောင်းတန်စာချုပ်နဲ့ ချုပ်ထားတဲ့ အိမ်အရောင်းအဝယ်စာချုပ်လိုမျိုး အခွန်ဦးစီးမှူး တစ်ယောက်က မတွေ့ဖူးပါဘူးတဲ့။ 

အခွန်ရုံးကထုတ်ဝေထားတဲ့ အခွန်တံဆိပ်ခေါင်းစာချုပ်ကို မြို့နယ်အခွန်ဦးစီးမှူးတစ်ယောက်က မမြင်ဖူးတာဖြစ်နိုင်စရာလားဗျာ။ 

ဘာပဲဖြစ်ဖြစ် အိမ်ဝယ်တဲ့အတွက် ဝယ်ခွန်ဆောင်ရမယ်လို့ ဆိုပါတယ်။ ကျွန်တော်က ဝယ်ခွန်ဆောင်ရမှာကို သဘောတူပါတယ်၊ ဒါပေမယ့် ကျွန်တော်အိမ်ဝယ်တာ ဝင်ငွေခွန်(၁ဝ)ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန်(၇)ရာခိုင်နှုန်း ဆောင်ပြီးသားနဲ့ ကျွန်တော့် MFTB က FEC ထုတ်ချိန်နဲ့ အိမ်ဝယ်လို့ စာချုပ်ချုပ်တာ တစ်ချိန်ထဲဆိုတာ ပြပါတယ်။ သူကဘာပြောလည်းဆိုတော့ ကျွန်တော့် FEC တွေသွားရောင်းထားတဲ့ တရားဝင်ငွေရောင်းပြေစာ တင်ပြနိုင်သလားတဲ့၊ အဲဒီအချိန်က သိမ်ဖြူငွေလဲကောင်တာလည်း ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှာ မရှိတော့ပါဘူး။ ကျွန်တော်က အပြင်မှာရောင်းတာဆိုတော့ ဘယ်လိုလုပ်ပြေစာရှိမှာလဲ။ 

ဒါနဲ့ပဲ ကျွန်တော့်ကို ပုံစံ(၁၇)ထုတ်ပေးဖို့အတွက် ကြိုတင်ခွန်ကျပ်(၃)သိန်း ဆောင်ခိုင်းပါတယ်။ ကျွန်တော်က (၃)သိန်း ဆိုရင်တော့ နိုင်ငံခြားလည်းမသွားတော့ဘူး။ 

ပုံစံ(၁၇)လဲမယူတော့ဘူး ပြန်တော့မယ်ဆိုတော့ (၂)သိန်း ဆောင်ပေးပါလို့ ထပ်ပြောပါတယ်။ ကျွန်တော့်မှာလည်း အစည်းအဝေးကို မဖြစ်မနေတက်ရမှာဆိုတော့ နောက်ဆုံး အောက်သက်သက်နဲ့ တာမွေကအစိုးရဘဏ်မှာ ကြိုတင်ငွေဆိုပြီး ကျပ်(၂)သိန်းဆောင်ခဲ့ ရပါတယ်။

ဒါတွေရေးပြနေရတာက ကျွန်တော်တို့မိသားစု နိုင်ငံခြားကို ပြောင်ရွေ့အခြေချဖြစ်ပုံကိုပြောချင်လို့ပါ။

လူငယ်အကြောင်းပြောရင်းကနေ ဘယ်တွေအထိရောက်ကုန်မှန်း မသိတော့ပါဘူး။

ကျွန်တော့်သားကို သူများတွေ(၃)နှစ်မှာ စပြီးမူကြိုထားကြတာကို ကျွန်တော်တို့လင်မယားက ဆန့်ကျင်ပြီး (၄)နှစ်ပြည့်ပြီးမှ ဗိုလ်တစ်ထောင်ဘုရားလမ်းက SILTA မှာ စပြီးထားဖြစ်ပါတယ်။ ကျွန်တော့်သားကို အခြေခံကောင်းချပေးခဲ့တဲ့ ပုဂ္ဂလိကကျောင်းကလေး တစ်ကျောင်းပါပဲ။ ဒါတောင် ကျွန်တော်တို့က (၅)နှစ်မှ စထားချင်တာပါ။ အားလုံးက ဝိုင်းပြီး အကြံပေးကြတယ်။ (၅)နှစ်မှစထားရင် ကျောင်းမှာ ဘယ်ဆရာမမှ သူဝလုံးရေးတာ၊ အေ၊ ဘီ၊ စီ၊ ရေးတာ စောင့်နေမှာမဟုတ်ဘူးဆိုလို့ မထားချင်ထားချင်နဲ့ ပို့လိုက်ရတာပါ။

ဒီကျောင်းလေးကလည်း ဖြည်းဖြည်းမှန်မှန်ပါ။ တစ်ချို့တစ်တွေဆို သင်ကြားတာနှေးလို့ဆိုပြီး တစ်ခြား ကျောင်းကို ပြောင်းသွားတာလည်း မနည်းလှပါဘူး။

ကျွန်တော်တို့ လင်မယားကတော့ ခေါင်းခပ်မာမာပါပဲ။ သားက စင်္ကာပူ မပြောင်းခင်အထိ ဒီကျောင်းလေးမှာပဲ စနေ၊ တနင်္ဂနွေတက်ခဲ့တာပါ။ နွေကျောင်းပိတ်ရက် တွေကျတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိတက်ရတာပေါ့။

ဆိုချင်တာက ကျွန်တော်တို့ဟာ ကလေးကိုအရွယ်နဲ့မလိုက်အောင် အလွန်တော်အလွန်တတ် ဖြစ်စေချင်တဲ့ မိဘတွေထဲမှာ မပါပါဘူး။

ဒီလိုနဲ့ ၂ဝဝ၅ ခုနှစ်မှာ အစိုးရကျောင်းမှာ သူငယ်တန်းစတက်ရပါတယ်။ ဒီမှာမှ ပြသနာစပါတော့တယ်။ ကျွန်တော်တို့က အတန်းပိုင်ဆရာ(သို့)ဆရာမရဲ့ ကျူရှင်မှာ မထားပါဘူး။ လိုလည်းမလိုဘူးလို့ ထင်ပါတယ်။

ဒီလိုနဲ့ သူငယ်တန်း၊ အဲဒီကနေ (၁)တန်း၊(၂)တန်း၊ စသဖြင့်တက်ခဲ့ပါတယ်။ ကျူရှင်ကို လုံးလုံးမပို့ခဲ့ပါဘူး။ ဘာဖြစ်လာသလဲဆိုတော့ ကျူရှင်မတက်တဲ့ကျောင်းသားဟာ တက်တဲ့သူနဲ့အခွင့်အရေးမတူပါဘူး။ အမှတ်ကလည်း ဘယ်လိုမှန်မှန်၊ ဘယ်လိုတော်တော် သူတို့လောက် ဘယ်တော့မှမရပါဘူး။ 

ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုပဲ စာဆိုတာ သင်သမျှအကုန်ဖတ်ပြီး စာမေးပွဲမှာ ရသလောက် ဖြေစေချင်ပါတယ်။ ဒါပေမယ့် စာမေးပွဲနီးရင် အနီးကပ်ကျူရှင်တွေဆိုပြီး အတန်းပိုင်တွေက မေးခွန်းတွေ ပေးပါတယ်။ မူလတန်းမှာတောင်ပါ။ ကျောင်းမှာ မိဘအချင်းချင်း ခင်မင်လာကြတော့ ကျူရှင်ထားတဲ့ တစ်ချို့မိဘတွေက မေးခွန်းတွေ ပေးတတ်ပါတယ်။ ဒါကို ကျွန်တော့်ဇနီးကယူလာပြီး စာမေးပွဲမတိုင်မီ အကုန်ကျက်မှတ်စေပြီး စာမေးပွဲဖြေမယ့်မနက်မှာ သူတို့ပေးလိုက်တဲ့ မေးခွန်းတွေကို သွေးပူလေ့ကျင့်ခန်းအဖြစ် ဖြေခိုင်း တတ်ပါတယ်။

နောက်တော့ ကျွန်တော့်သားက နည်းနည်းရိပ်မိလာပါတယ်။ ဖြေခါနီးဆို လေ့ကျင့်ခိုင်းတဲ့ဟာတွေက အမြဲလိုလို အကုန်ပါနေတာကိုပါ။ ကျွန်တော့်သားက မေးပါတယ်။ မေမေကသိရင်လည်း စောစောကထဲက ဒီမေးခွန်းတွေကိုပဲ ကျက်ခိုင်းပါလားတဲ့။ ကျွန်တော်တို့ ရှော့(ခ်)ရလာပါတယ်။

ဒီကြားထဲမှာ ကျွန်တော်က ၂ဝဝ၅ လောက်ကစပြီး နှစ်စဉ်လိုလို စင်္ကာပူကို အစည်းအဝေးလာ တက်ရပါတယ်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလမှာ ထွက်စရာရှိတော့ ဗဟုသုတရအောင်ဆိုပြီး သူတို့သား အမိကိုပါ လေယာဉ်လက်မှတ်ဖိုး အကုန်ခံပြီး ခေါ်လာပါတယ်။ ကျွန်တော့်ကုမ္ပ္ပဏီကို သူတို့ကိုပါ အလည် ခေါ်ချင်တယ်လို့ပြောပြတော့ ကျွန်တော့်ဘော့(စ်)က သဘောကောင်းသူဆိုတော့ ဟိုတယ်ကို မိသားစု နေလို့ရအောင် သူစီစဉ်ပေးမယ်လို့ ပြောပါတယ်။

ကျွန်တော်လည်း အစည်းအဝေး(၃)ရက်အပြင် နောက်ထပ်ခွင့်(၅)ရက်လောက် ထပ်ယူပြီး ခွင့်ယူတဲ့ ရက်တွေမှာ ကျွန်တော့်အမေဖက်က အမျိုးတွေအိမ်မှာ တည်းခိုဖို့စီစဉ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့မိသားစု စင်္ကာပူကို အလည်လာကြတယ် ဆိုပါတော့။ အဲဒီအချိန်အထိ နိုင်ငံခြားမှာ ထွက်နေမယ်လို့ စိတ်ကူးမရှိသေးပါဘူး။

အဲဒီမှာ ကျွန်တော့်အလုပ်တွေပြီးလို့ ဟော်တယ်ကနေ အမျိုးအိမ်ကိုပြောင်းပြီးနေဖြစ်တဲ့အချိန်၊ သူ့အစ်ကို၊ အစ်မတွေနဲ့ အတူတူဆော့ကစားကြသလို၊ သူနဲ့ SILTA မှာ ကျောင်းနေဖက်လည်းဖြစ် စင်္ကာပူကို အရင်ရောက်နှင့်နေတဲ့ သူငယ်ချင်းနဲ့ သူတို့တစ်တွေ ဆုံကြ၊ အတူတူဆော့ကစားကြတော့မှ ကိုဇဂနာ ကြုံတွေ့ရသလို ကျွန်တော်တို့လည်း ခံစားလိုက်ရတာပါပဲ။

စင်္ကာပူမှာ နေကြတဲ့ကလေးတွေရဲ့မျက်နှာနဲ့ မြန်မာပြည်မှာနေတဲ့ သာမန်ကလေးတစ်ယောက်ရဲ့မျက်နှာမှာ ယုံကြည်ချက်၊ လူရာဝင်မှု၊ ရဲရင့်မှုတွေ၊ စသဖြင့် ကွာခြားတယ်ဆိုတာပါပဲ။ ကျွန်တော်ရော၊ ကျွန်တော့်ဇနီးပါ နိုင်ငံခြားနဲ့ နိုင်ငံခြားကလူတွေကို အခုအချိန်အထိ အထင်ကြီးတဲ့စိတ် မရှိကြသေးပါဘူး။ 

ဒါပေမယ့် လွတ်လပ်မှုနဲ့ လူရာဝင်မှုကိုတော့ အလေးထားကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စောစောကလို အပြည့်အဝ ဝင်ငွေခွန်ဆောင်ထားတာတွေကို လူရာမသွင်းမှုတွေ၊ တိုင်းပြည်တိုးတက်အောင် လူတိုင်း လူတိုင်း တိုင်းပြည်ချစ်စိတ်တစ်ခုထဲနဲ့ ကျရာနေရာက ဆောင်ရွက်နေမှုတွေကို၊ သူတို့တစ်တွေသာ တိုင်းပြည်ကိုချစ်သူတွေဆိုပြီးကျွေးကျော်ကာ ဖိနှိပ်ဆက်ဆံမှုတွေအတွက် ဝမ်းနည်းခဲ့ရဘူးပါတယ်။ 

ဒီလို အခြေအနေမှာအပြင် မျိုးဆက်သစ်တွေကို ငွေသာလျှင် အရာရာကို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆိုးထဲမှာ ငွေနောက်လိုက်ပျက်စီးစေမယ့် အပေါစားစိတ်ဓါတ်တွေကို မွေးထုတ်ပေးနေတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ကို လောင်းရိပ်အဖြစ်မခံသင့်တော့ဘူးလို့ တွေးမိလာပါတယ်။

ဒီလိုနဲ့ ၂ဝဝ၈ ခုနှစ် နှစ်ဆန်းစ(၁)ရက်နေ့မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။ 

စိုက်ပျိုးရေးဘွဲ့ရ တစ်ယောက်လည်းဖြစ်တော့ ဘယ်လိုပင်မျိုးရိုးဗီဇကကောင်းပါစေ၊ မြေဆီမြေနှစ်မရှိ၊ ပတ်ဝန်းကျင်မှာ အဖျက်ပိုးမွှား ရောဂါတွေနဲ့ဆိုရင် အရည်အသွေးကောင်း၊ အထွက်နှုန်းမြင့်တဲ့ သီးနှံဖြစ်မလာနိုင်ဘူးဆိုတာ သိနေလေတော့ ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ရဲ့မျိုးဆက်သစ်အတွက် ရေခံမြေခံကောင်းရာပြောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

ဒီလိုနဲ့လိုအပ်တာတွေပြင်ဆင်၊ ကျွန်တော့်ကုမ္ပ္ပဏီကို စင်္ကာပူကိုထွက်ပြီး အလုပ်လုပ်ချင်ကြောင်းအသိပေး၊ သူတို့ဆီမှာ ပေးစရာအလုပ်မရှိဘူးဆိုရင် အလုပ်ထွက်ပြီး တစ်ခြားမှာ ရှာမယ်ဆိုတော့ သူတို့ကလည်း အလုပ်ကမထွက်သေးပဲ ခွင့်ယူပြီး အလုပ်ရှာဖို့ သဘောတူလိုက်ပါတယ်။ သူတို့က ကျွန်တော့်ရိုးသားမှုကို ယုံကြည်ကြသူတွေပါ။ ဒီလိုနဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနှစ်ကူးရုံးပိတ်ရက်မှာ ကျွန်တော်တစ်ယောက်ထဲ နိုင်ငံခြားကို ထွက်ခဲ့ပါတော့တယ်။

ဖြစ်ချင်တော့ ရောက်ပြီး (၂)ပတ်အတွင်းLandscaping Company တစ်ခုမှာ အလုပ်ရပြီး S Pass ကျကာ မေလ(၂)ရက်နေ့မှာ အလုပ်တန်းဝင်ရပါတယ်။

တိုတိုပြောရရင် ဒီလိုနဲ့ (၂)လလောက်အကြာ ၂ဝဝ၈ ခုနှစ် ဇွန်လကုန်လောက်မှာ ကျွန်တော့်မိသားစုကို စင်္ကာပူ ရောက်အောင် ခေါ်လိုက်နိုင်ပါတယ်။ (၆)လအတွင်း အမြဲတမ်းနေထိုင်သူအဆင့်ဖြစ်အောင် ကြိုးစားလိုက်တာ ၂ဝဝ၉ နှစ်ဆန်းမှာ စင်္ကာပူတွင် အမြဲနေထိုင်သူအဆင့်ကို ရရှိလိုက်ပါတယ်။ ဒီကြားထဲမှာ ကျွန်တော့်ညီငယ်လည်း ကျွန်တော်နဲ့ခံစားချက်ခြင်းတူညီလေတော့ တစ်လဒေါ်လာ ၈ဝဝ လောက်ရတဲ့ မြန်မာပြည်က အလုပ်ကိုထွက်ပြီး ကျွန်တော်တို့မိသားစုနောက်ကို လိုက်ခဲ့ပါတော့တယ်။ အခုတော့ ကျွန်တော်လည်း မူရင်းဖြစ်တဲ့ မြန်မာပြည်မှာကထဲက လုပ်ခဲ့တာ့ ကုမ္ပ္ပဏီမှာ ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ခဲ့ပါပြီ။

မြန်မာစာ၊ မြန်မာစကားနဲ့ ကျွန်တော့်သား၊

အခုအချိန်အထိတော့ ကျွန်တော်တို့ စိုက်ပျိုးရေးစကားနဲ့ပြောရရင် ကျွန်တော့်မျိုးဆက်ကို ဗီဇကောင်း တွေချပေး၊ မြေဆီမြေသြဇာကောင်း၊ ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်စေပြီးပေမယ့် အထွက်ကောင်း၊ အရည်အသွေးကောင်းမယ်လို့ အတတ်မပြောနိုင်သေးပါဘူး။ 

လိုအပ်တာတွေကို ပြင်ဆင်ပေးထားတဲ့ သဘောပဲရှိသေးတာပါ။ ထူးခြားတာက သူကစာဖတ်ဝါသနာပါသူတစ်ယောက် ဖြစ်လာပါတယ်။ 

သူဖတ်ချင် တာတွေကို စာကြည့်တိုက်မှာ အချိန်မရွေးရှာလို့ရပါတယ်။ မြန်မာပြည်မှာတုံးကလို လူတောသူတော မတိုးရဲသလို စိတ်ဓါတ်မရှိတော့ပါဘူး၊ အရင်တုံးက စကားနည်းတယ်လို့ပြောခဲ့တဲ့ သူအဖွားတောင် နားညီးအောင် သူပြောနေတတ်ပြီ၊ အင်္ဂလိပ်စကားနဲ့စာမှာ ကျွန်တော်တို့ထက် သူသာနေပါပြီ။

ကျွန်တော်တို့ မြန်မာတွေမှာ တစ်လွဲဆံပင်ကောင်း စိတ်ဓါတ်တွေရှိပါတယ်။ ကိုယ့်ကလေးကို အင်္ဂလိပ်လိုပြောနေမှ လူရာဝင်တယ် ထင်တတ်ကြပါတယ်။ 

ကျွန်တော်တို့ကတော့ ရောက်လာကထဲက အခုအချိန်အထိ အိမ်မှာ မြန်မာစကားကိုပဲ စွဲမြဲစွာပြောစေပါတယ်။ 

သားက အင်္ဂလိပ်လိုပြောရင်တောင် မြန်မာလိုပဲပြန်ဖြေပါတယ်။ ကျွန်တော်တို့ အမြင်ကတော့ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာ ဒီဘာသာစကားကို မတတ်ပဲနေမှာ စိတ်ပူစရာမလိုပါဘူး။ 

မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလိုမရေးတတ်၊ မပြောတတ်ဖြစ်နေမှာကိုသာ စိတ်ပူနေဆဲပါ။ ကံကောင်းချင်တော့ သားက ဟာသကြိုက်ပါတယ်။ သူကြိုက်တဲ့ အကြည်တော်၊ မင်းလူ၊ စတဲ့ ဟာသစာရေးဆရာတွေရဲ့ စာအုပ်တွေဆိုရင် သည်းကြီးမဲကြီး ဖတ်တတ်ပါတယ်။ 

ဒီစာအုပ်တွေကို ရှာဖွေပေးထားရပါတယ်။ မြန်မာစကား အပြောနဲ့အဖတ် အတွက်ကတော့ သိပ်ပြီးမပူရတော့ပါဘူး။ သူထွက်လာတော့ (၂)တန်းအောင် (၃)တန်းတက်ကာစ မှာပါ။ အခုတော့ (၁၁)နှစ်ကျော်လို့(၁၂)ထဲရောက်ပြီး စင်္ကာပူကို ရောက်တာလည်း(၄)နှစ်ထဲမှာ ရောက်နေပါပြီ။ မြန်မာစာအရေးအတွက် သူ့ကို ကျောင်းအားရက်တွေမှာ မြန်မာလို ဒိုင်ယာရီရေးဖြစ်အောင် ကျွန်တော့်ဇနီးက ကြပ်မတ်ပေးပါတယ်။ သူက အကြမ်းအရင်ရေးပြီး သူ့အမေက သတ်ပုံပြင်ပေးပါတယ်။ ပြီးရင်စာအုပ်ထဲမှာ အချောပြန်ရေးလေ့ရှိပါတယ်။ ကျွန်တော့်သားရဲ့ ဒိုင်ယာယီထဲက စာမျက်နှာတစ်ခုကို ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီစာစုကိုအဆုံးသတ်ပါရစေ။

ကိုကိုမောင် (၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၇) ရက်)

Friday, January 13, 2012

မတူညီသော ပုံနှစ်ပုံ

ဒီပုံနှစ်ပုံကို မနှစ်က မေလက ရန်ကုန်ရောက်တုံးရိုက်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ကိုယ်စားပြုပြီးတော့ စိတ်ထဲမှာထားပြီး ရိုက်ခဲ့တာပါ။ ဒီနေ့လိုနေ့မျိုး တစ်ချိန်ချိန်ရောက်ခဲ့ မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒီနေ့တော့ စောင့်ရကြိုးနပ်ပါပြီ။

Tuesday, January 10, 2012

ကွာခြားနေတဲ့မျက်နှာများ၊ ဒီကနေ့မြန်မာလူငယ်နဲ့ ကျွန်တော့်သားရဲ့ ဒိုင်ယာရီ

(မှတ်ချက်။         ။ ကျွန်တော့်၏ Facebook Note ကို ကျွန်တော်ဆရာ ဦးအေးငြိမ်း၏ Blog တွင် တင်ထားခဲ့သည့် စာစုဖြစ်ပါသည်။ မူရင်းပို့စ်ကို ဖတ်ချင်ပါက အောက်ပါလင့်ခ်ကိုနှိပ်ပြီး ဓါတ်ပုံများနှင့်တကွ ဖတ်ရှုနိုင်ပါသည်။ သို့သော် ဇော်ဂျီဖြင့် ရေးထားသည့်အတွက် အနည်းငယ် အခက်အခဲဖြစ်နိုင်ပါသည်။)

http://shwenyein.blogspot.com/2012/01/blog-post_16.html

ကိုကိုမောင် (၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ-၂၇) ရက်)