လမ်းဆုံက ... မြန်မာ
စာမရေးဖြစ်တာလည်းကြာပါပြီ။
တစ်ခါတစ်လေရေးမယ်ကြံပြန်တော့လည်း တစ်ပိုင်းတစ်စ၊ စပြီးရေးတာနဲ့ တခြားအလုပ်တွေဝင်လာ၊ ဒါနဲ့ပဲရှုပ်နေပြန်တော့ ရေးလက်စကို ဘေးချထားလိုက်၊ အစပြန်မကောက်ဖြစ်ပြန်နဲ့
လုံးချာလည်လိုက်နေတာပါပဲ။
အခုတစ်လော မြန်မာပြည်သတင်းတွေကလည်း အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ မွှေးပျံ့နေတော့ တစ်ခါ စာရေးချင်စိတ်တွေက ပေါ်လာပြန်ရော။
ဒီစာကိုမရေးခင် ပြောရအုံးမယ် ကျွန်တော်က ပညာရှင် တစ်ယောက်လည်းမဟုတ်၊ ပညာရှင်တွေဖတ်ဖို့ ရေးတာလည်းမဟုတ်လို့ အချက်အလက်မပြည့်စုံတာတွေရှိရင် သီးခံပြီးသာဖတ်ဖို့ ကြိုတင်တောင်းပန်ပါရစေ။
ပြီးခဲ့တဲ့ဇူလိုင်လက မြန်မာပြည်ခဏပြန်ရောက်တော့ ရုံးခွဲအတွက်လူရှာဖြစ်တယ်။
အဲဒီမှာ မြန်မာ့ အပြောင်းအလဲမှာ အရှိန်တန့်စေမယ့် လိုအပ်ချက်တစ်ခု သေသေချာချာတွေ့လိုက်ပါရဲ့။ အဲဒါကဘာလည်းဆိုတော့ နိုင်ငံတကာ ဈေးကွက်တန်းဝင် အတွေ့အကြုံ (Skill) ရှိတဲ့လူ (လုပ်သားအင်အား) မြန်မာပြည်မှာ အလွန်တရာကိုမှ ရှားပါးပြတ်လပ် နေတာပါပဲ။
ဒီနေရာမှာ ဘွဲ့ရပညာတတ်၊ မာစတာ၊ ဒေါက်တာတွေ ဆိုတာနဲ့၊ အတွေ့အကြုံရှိဆိုတာ၊ ကွာခြားတာကို သတိပြုစေချင်ပါတယ်။
ဘယ်သွားနေလဲ မောင်ရေခဲ …. ဘုရားပွဲကို လှည်းနဲ့ဆို (နိုင်ငံခြားကို သွားသတဲ့ဗျို)
ငယ်ငယ်တုံးကဆိုခဲ့တဲ့ ဒီကဗျာလေးကိုပဲ အထပ်ထပ်ရွတ်နေမိတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ၂ဝ၁၂ သြဂုတ်လထုတ် Myanmar in Transition, Opportunities and Challenges စစ်တမ်းရဲ့ စာမျက်နှာ(၁၅)မှာပါတဲ့ Myanmar’s Strengths, Constraints, Opportunities and Risks ထဲမှာ အားသာချက်ထဲက အချက်တစ်ချက်ကိုတော့ ကျွန်တော်သိပ်ပြီး သဘောမတူချင်ပါဘူး။
အဲဒီမှာ နံပါတ်(၂)အနေနဲ့ မြန်မာပြည်ဟာ လူငယ်လုပ်သားအင်အားပေါများခြင်းနဲ့ လုပ်ခလစာဈေးပေါခြင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတယ်တဲ့။ တကယ်ရောဟုတ်ပါရဲ့လား?
ကျွန်တော်တို့တစ်တွေ သိကြတဲ့အတိုင်း၊ မြန်မာဟာ နိုင်ငံတကာနဲ့အဆက်ဖြတ် ကိုယ့်မြင်းကိုယ်စိုင်းခဲ့တာ နှစ်ကာလနည်းနည်းကလေးမှ မဟုတ်ခဲ့တာပဲ။ ဒီတော့ ဘာတွေများ အကျိုးအမြတ် ရခဲ့ပါသလဲ? ကျွန်တော်က HR အကြောင်းပြောနေတော့ ဒီအကြောင်းနဲ့ပဲဆက်ရအောင်ပါ။
ဥပမာအနေနဲ့ပြောရရင် ကျွန်တော့် ကျောင်းနေဖက်တစ်ချို့အပါအဝင် ပညာတတ်ဘွဲ့ရ အစိုးရဝန်ထမ်းဝင်လုပ်ခဲ့သူ တစ်ချို့တစ်ချို့တစ်တွေဟာ၊ နိုင်ငံခြားထွက် ကျောင်းတွေတက် မာစတာတွေ ဒေါက်တာတွေ ဖြစ်ခွင့်ရခဲ့ကြပါတယ်။
သို့သော်လည်း သူတို့တစ်တွေ ကိုယ့်တိုင်းပြည်ပြန်ရောက်တော့ လူမှန်နေရာမှန် နေရာရခဲ့ကြပြီး သင်ကြားခဲ့၊ လေ့လာခဲ့တဲ့ ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်ထဲမှာ လွတ်လွတ်လပ်လပ် အသုံးချခွင့်ရခဲ့ကြသူဆိုတာ လက်ချိုးရေလို့ လက်တစ်ဖက်တောင်မှ မပြည့်နိုင်ဘူးဆိုတာ ကျွန်တော်မပြောလည်း လူတိုင်းသိနေတာပါ။
ဒီတော့ အကျိုးဆက်က သူတို့တစ်တွေဟာ အလုပ်ကလည်းထွက်မရ၊ ဘာမှလည်းလုပ်မရနဲ့ ချောင်ထိုးထားတာခံရပြီး ကိုယ်ရည်ကိုယ်သွေးတွေ ကျကုန်တော့တာပါပဲ။
ဘာနဲ့တူသလည်းဆိုတော့ အကောင်းစား ဂျာမဏီနိုင်ငံထုတ် BMW အမျိုးအစားပြိုင်ကားဝယ်ပြီး ချိုင့်တွေကျင်းတွေနဲ့လမ်းပဲရှိတော့ ဘာမှလဲလုပ်မရ၊ ထားစရာကလဲမရှိတော့ မိုးထဲ၊ ရေထဲ၊ ပစ်ထားနဲ့ နောက်ဆုံးမှာတော့ ဒီကားဟာသံချေးတက်ပြီး ဒီလိုလမ်းမျိုးမှာ အသုံးတည့်တဲ့ ထော်လာဂျီလောက်တောင် အသုံးမဝင်တော့သလိုပါပဲ။
ဒီတော့ ဆိုလိုရင်းကိုပြန်ဆက်ရအောင်ပါ။
အခုနောက်ပိုင်း မြန်မာ့ပညာရေးက ရိုက်ထုတ်ပေးလိုက်တာက ဘွဲ့တွေနဲ့ ဒီဂရီတွေပါ (ဂျပန်ခေတ်က ဂျပန်ပိုက်ဆံလို ထောင်မလဲ၊ သဲကော်ပေါ့)။ အလွတ်ကျက်၊ အာဂုံဆောင်၊ ပညာရေးရဲ့သားကောင်ဖြစ်လာတော့ အရည်အသွေးနိမ့် ဖြစ်လာတာက တစ်ပိုင်းပါ။
နောက်တစ်ပိုင်းက အစိုးရက ကိုယ့်မြင်းကိုယ်စိုင်းပြီး ကိုယ့်ငါးချဉ်ကိုယ်ချဉ်ခဲ့လေတော့ တိုင်းပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးပြီး လူငယ်လုပ်သားတွေရော၊ ပညာတတ်များပါ Brain Drain ရော Labour Drain ပါဖြစ်ပြီး နိုင်ငံရပ်ခြားကို ရောက်ကုန်တာပါပဲ။
မြန်မာပညာတတ် ပညာရှင်တွေနဲ့ တည်ဆောက်နေတဲ့ စင်္ကာပူ …..
ကျွန်တော် ဒီလိုပြောရင်မှားတယ်လို့ ဆိုကြမလား? ကျွန်တော်ကိုယ်တိုင် စင်္ကာပူပြောင်းမနေခင် ၂ဝဝ၇ ခုနှစ်လောက် တုံးကပေါ့။ ပြန်ပြောရရင် ကျွန်တော်(၁ဝ)တန်းအောင်ခဲ့တဲ့ မုဒုံ အထက(၁)ဆိုတာ ကျွန်တော်တို့ခေတ်ကာလ ၁၉၈၈ မတိုင်ခင်ကဆို (အခုတော့ အလှမ်းဝေးနေလို့ မသိတော့ပါ) နှစ်စဉ်နှစ်တိုင်း(၁ဝ)တန်းအောင်စာရင်းထွက်ရင် ဆရာဝန် ဆိုတာ(၁ဝ)ယောက်၊ အင်ဂျင်နီယာဆိုတာ အယောက်(၂ဝ) စသဖြင့် မပါရင် အရပ်စကားနဲ့ပြောရင် အကြိုက်သာ လာပြော ဆိုတဲ့ အထက်တန်းကျောင်းပေါ့။
ကျွန်တော်တို့ ၁၉၈၆ မှာ (၁ဝ)တန်းအေ ရဲ့အတန်းပိုင်က အလွန်တရာမှ တပည့်တွေကိုချစ်ပြီး မြန်မာစာအသင်အပြ ကောင်းတဲ့ အပျိုကြီးဆရာမ ဒေါ်ခင်လှသန်းပါ။
ဆရာမရဲ့ မောင်ငယ်က YIT က ဗိသုကာဆရာတစ်ယောက်ပေါ့။ ရေးရင်းနဲ့တောင်ရောက် မြောက်ရောက်ဖြစ်ပြီ။ ပြောချင်တာက ဆရာမတို့နဲ့ ၂ဝဝ၇ ခုနှစ်မှာတွေ့တော့ ဆရာမက သူ စင်္ကာပူကို အလည်သွားတဲ့အကြောင်း၊ စင်္ကာပူရောက်တုံး မြန်မာအင်ဂျင်နီယာများရဲ့ ဆရာကန်တော့ပွဲနဲ့ ဆုံတဲ့အကြောင်းပြောတော့ တော်တော်အံ့သြသွားခဲ့ပါတယ်။ ဒါနဲ့ အကြောင်းစုံမေးတော့မှ YIT ကဆရာများကို စင်္ကာပူရောက် မြန်မာအင်ဂျင်နီယာများက နှစ်စဉ်နှစ်တိုင်း စကာၤပူကို စားရိတ်စားကအကုန် အကျခံ ဖိတ်ခေါ်ပြီး စင်္ကာပူမြေပေါ်မှာ ဆရာကန်တော့ပွဲလုပ်တဲ့အကြောင်းသိရတာပေါ့။
ဆရာမကဆိုသေးတယ်။ သူရဲ့(၁ဝ)တန်းတုံးက တပည့်တစ်ချို့နဲ့ဆုံကြတော့ ပြောကြတယ်တဲ့။ စင်္ကာပူနိုင်ငံကြီး ဒီလိုသာယာလှပ တင့်တယ်နေတာ မြန်မာအင်ဂျင်နီယာများက အားသွန်ကြိုးပမ်း မနားမနေ (အချိန်ပိုလုပ်ခတွေ ထိုက်ထိုက်တန်တန် ရတာကိုး) တည်ဆောက်ပေးနေလို့ပါတဲ့။
ဆိုပါတော့ ဒီလိုနဲ့ နိုင်ငံခြားမထွက်ဖူးဆိုတဲ့ ကျွန်တော်ရော ကျွန်တော့်ညီ အင်ဂျင်နီယာပါ ၂ဝဝ၈ ခုနှစ်မှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို စင်္ကာပူကိုထွက်လာကြပါလေရော ဆိုပါတော့။ အဲဒီတော့မှ ကျွန်တော့်ညီ နှစ်စဉ်သွားတဲ့ စင်္ကာပူက YIT ဆရာကန်တော့ပွဲရဲ့ ကြီးကျယ်ခမ်းနားပုံကို နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့တာပါပဲ။
ဒီလောက်ဆို စောစောက ADB စစ်တမ်းမှာ ပါတဲ့ အချက်ကို ကျွန်တော်သဘောမတူတာ သိလောက်ရောပေါ့။
မနှစ်က Weekly Eleven ကရေးဖူးတဲ့ သတင်းတစ်ပုဒ်ကို အမှတ်ရနေမိတယ်။ သတင်းက မြန်မာ့လယ်ယာလုပ်ငန်းမှာ လယ်ယာလုပ်သားရှားပါးလာတဲ့ ပြသနာပါ။ ဒီသတင်းနဲ့ဆက်နွယ်ပြီး မနှစ်က ကျွန်တော်နဲ့ ကျွန်တော်တို့ရဲ့ ဖြန့်ဖြူးသူ Company ကဝန်ထမ်းတွေကို နည်းပညာပေးဆွေးနွေးပွဲတွေ မြန်မာပြည်မှာ ပြန်လုပ်တိုင်း ရှေ့အလားအလာမှာ လယ်ယာလုပ်သားရှားပါးမှုကြောင့် ဖြစ်လာနိုင်တဲ့ Market Trend ကိုပြောဖြစ်ပါတယ်။
ဥပမာ စပါးစိုက်ပျိုးထုတ်လုပ် မှုမှာ ပေါင်းနှိမ်နင်းဖို့ လုပ်သားရှားတော့ ပေါင်းသတ်ဆေးပိုသုံးလာနိုင်တာမျိုး၊ ရိတ်သိမ်းပြီး ချွေလှေ့ချိန်မှာ စက်ကရိယာ၊ အခြောက်ခံစက်တွေလိုအပ်လာတာမျိုး စသဖြင့်ပေါ့။
ဒီတော့ စောစောက ADB သုံးသပ်ချင်မှာ အလုပ်သမား အင်အားပေါများပြီး ဈေးသက်သာတာ တဟယ်ရော ဟုတ်ပါရဲ့လားဆိုတာ စဉ်းစားစရာပါ။
နောက်ပြီး ADB က လူဝင်မှုကြီးကြပ်ရေးဌာနက အချက်အလက်ကိုအခြေခံပြီးပြောတာထင်ပါတယ်။
ဥပမာဆိုပါတော့ ကျွန်တော့်မွေးရပ်မြေ မုဒုံမြို့မှာဆို ၁၉၉၃-၄ လောက်ကထဲက နိုင်ငံခြားထွက် အလုပ်လုပ်တာခေတ်စားလာပါတယ်။
ဆိုပါတော့ အိမ်ထောင်စုတစ်စုမှာ အဖေ၊ အမေ (အသက်-၅ဝ)လောက်စီနဲ့ သား၊ သမီး (၄)ယောက်လောက် ရှိတယ်ဆိုပါစို့။ အခုနေမှာတော့ အဲဒီမှာ အဖေ၊ အမေနဲ့ မြေးတွေရှိရင် မြေးတွေလောက်ပဲ နေရပ်ဒေသမှာ ကျန်နေပြီး အလုပ်လုပ်နိုင်သူအားလုံးကတော့ အထက်တန်းအောင်၊ သာမန်ဘွဲ့တစ်ခုလောက်နဲ့ဆို ထိုင်း (သို့) မလေးရှားကို အောက်လမ်း(ကုန်းလမ်းကတရားမဝင်) အင်ဂျင်နီယာ၊ ဆရာဝန်၊ Professional ဘွဲ့ရ ပညာတတ်တွေဆို အနည်းဆုံး စင်္ကာပူ၊ ဘရူနိုင်း၊ ဒူဘိုင်း စသဖြင့် နိုင်ငံပေါင်းစုံမှာ တရားဝင် အလုပ်လုပ်နေကြတာပါ။
ဒီတော့ အောက်လမ်းက သွားကြ သူတွေဆို ဘယ်လိုလုပ်မှတ်တမ်းဝင်ပါ့မလဲ၊ လဝက စာရင်းမှာတော့ ရှိပါရဲ့ မဲပေးတဲ့အခါသုံးဖို့ပေါ့။ လူကတော့ ဘယ်မှာ ရှိပါ့မလဲ။ သိကြတဲ့အတိုင်း မြန်မာပြည်မှာက စာရင်းအရဆို အမြင့်ဆုံးမှာချည်းပဲ။
နောက်တစ်ချက်ကတော့ ADB ကပြောသလို လူငယ်လုပ်သားပေါများပါတယ်ပဲထား သူတို့ကို အဆင်သင့်ရော လုပ်ငန်းခွင်ထဲ ထည့်သုံးလို့ရနိုင်ပါရဲ့လား။
ဒီနေရာမှာ စင်္ကာပူရဲ့ ပညာရေးကိုနည်းနည်းထည့်ပြောမှရပါမယ်။ စင်္ကာပူမှာ Secondary School ပြီးရင် ညံ့တဲ့ ကျောင်းသားတွေက ITE (ကျွန်တော်တို့ဆီက စက်မှုလက်မှု အထက်တန်းကျောင်း အဆင့်ပေါ့) ကျောင်းကိုသာ တက်ရပါတယ်။
သူတို့ကိုဘာတွေသင်သလဲ? ဥပမာဆိုပါတော့ တယ်လီဖုန်း Company တစ်ခုမှာ Line Man ဆိုတဲ့ တယ်လီဖုန်းကြိုး စစ်ဆေးသူဆိုပါတော့။ သူ့အတွက်ဘာလိုအပ်ပါသလဲ? တယ်လီဖုန်းထဲက လျှပ်စစ်ပတ်လမ်းဆားကစ်ကို ဘယ်လိုတည်ဆောက်ထားတယ်ဆိုတာ သူသိစရာမလိုပါဘူး။ တယ်လီဖုန်းကြိုး ဘယ်လိုအခြေအနေမှာ လဲပစ်ရမယ်။ ဘယ်လိုရာသီဥတုဆို ဘာဖြစ် တတ်တယ်။ ကြိုးဘယ်လိုစနစ်တကျ ဖြတ်ရမယ်။ ဆက်ရမယ်။ ကရိယာတန်ဆာပလာတွေ ဘယ်လိုကိုင်တွယ် အသုံးချရမယ် ဒါတွေသာသိဖို့လိုတာပါ။
နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားတစ်ချို့ကိုအုပ်ချုပ်ပြီး ဆိုဒ်ထဲမှာ Supervise လုပ်သူ ဆိုပါတော့။ ဘယ်နေရာမှာ အားဘယ်လိုသက်ရောက်လို့ ဘာကြောင့် ဒီလိုသံချောင်းမျိုးသုံးမှရမယ်ဆိုတာ သူသိစရာ မလိုပါဘူး။ ဒါတွေက ဗိသုကာအလုပ်ပါ။
ဗိသုကာထုတ်ပေးထားတဲ့ မြေပုံကိုကြည့်ပြီး ဒီနေရာတော့ ဘိလပ်မြေဘယ်လိုလောင်း။ ဒီနေရာတော့ ကားလမ်း၊ ဒီနေရာတော့ မြေတူး။ လုပ်ငန်းခွင်ထဲ Safety အရ ဘယ်လိုဟာကဖြင့် သေသေချာချာ ဂရုစိုက် စသဖြင့် သိဖို့သာလိုပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့ထက်ပိုပြီး ပညာရှေ့ပြေးနဲ့သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေးမှာ အခုနေအခါမယ် မာစတာတွေ၊ ဒေါက်တာတွေ ရိုက်ထုတ်နေတာထက် လိုအပ်ရင်လိုအပ်သလို ချက်ချင်းဖြည့်ပေးနိုင်ဖို့ Skill Labour Force ဟာအရေးကြီးနေကြောင်း သူရဲ့ဥရောပခရီးစဉ်တုံးကပြောခဲ့တာပါပဲ။
ပြီးခဲ့တဲ့ အပါတ်က စင်္ကာပူကို အလည်လာတဲ့ မြန်မာပြည်က စိုက်ပျိုးရေးဘွဲ့ရတွေကို ဒီမှာ နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ နာမည်ကျော် Garden by the Bay ကိုလိုက်ပို့ဖြစ်ပါတယ်။
ညပိုင်းမှာ Super Tree အောက်မှာထိုင်ရင်း ဒီမှာ အလုပ်လုပ်နေကြတဲ့ Junior ညီငယ်နှစ်ယောက်ကို စောင့်နေကြပါတယ်။
သူတို့ရောက်လာတော့ ကိုတင်နေလင်းက မြန်မာပြည်က အလည်လာသူတွေကို ကြွားလုံးထုတ်ပါတယ် (ကြွားလည်းကြွားချင်စရာပေကိုး)။ ဒီ Super Tree ကြီးက အောင်ပင်လယ်သားတွေလက်ရာတဲ့၊ Yezin Agricultural University (YAU) မှာ အောင်ပင်လယ် အမျိုးသား အဆောင်က နာမည်ကြီးကိုး (ဆိုးတဲ့နေရာမှာ ပြောတာပါ။ ကျွန်တော်လည်း အောင်ပင်လယ်သားမို့ပါ)။
နောက်ပြီး ကိုတင်နေလင်းကပြောသေးတယ် စင်္ကာပူက Park တွေကိုကြည့်လိုက် Horticultural Park မှာ National Park က အမှတ်အများဆုံး ပေးထားတာ သူလုပ်ခဲ့တုံးကတဲ့။ နောက်တစ်ယောက်ကလည်း ဒီဖက်က Landscape က လတ်လတ်ဆတ်ဆတ် သူ့လက်ရာတဲ့။ ဘာလိုလိုနဲ့ မြန်မာပြည်က စိုက်ပျိုးရေးဘွဲ့ရတွေတောင် စင်္ကာပူမြေမှာ အယောက်(၁ဝဝ)နီပါး ရှိနေပါပြီ။
တစ်ချို့ဆို JTC Corporation လို အစိုးရတစ်ပိုင်း Company တွေမှာရော၊ National Park လို အစိုးရအလုပ်မှာရော တာဝန်ထမ်းဆောင်နေကြပါတယ်။
ဒီအထဲက ၉၁ ကျောင်းဆင်းတစ်ယောက်၊ ၉၃ ကျောင်းဆင်းတစ်ယောက်နဲ့ ၉၄ Senior ကျောင်းဆင်းတစ်ယောက်တို့ဆိုရင် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းတွေ၊ Company တွေနဲ့ပါ။ ကျွန်တော်နဲ့ တစ်နှစ်ထဲပြီးတဲ့ ကျောင်းနေဖက်တွေတောင် တစ်ဝက်လောက်က နိုင်ငံခြားမှာ နေကြ၊ အလုပ်လုပ်ကြ၊ အခြေချကြနဲ့ပါ။
ဒီတော့ ဒီကနေ့ အပြောင်းအလဲမှာ အဆင်ပြေချောမွေ့စေချင်ရင်၊ ဒီလူသားအရင်းအမြစ် အမြန်ုပြည်လည်ဖွံ့ဖြိုးဖို့ ဘယ်လောက်အရေးကြီးနေပြီလည်းဆိုတာ မျက်ဝါးထင်ထင်မြင်နေရပါပြီ။
ဒီအတွက် ရှိပြီးသား သံချေးတက်နေတဲ့ BMW တွေကို ဖုန်သုတ်၊ ရေဆေး၊ ဆေးပြန်မှုတ်၊ ပေါလစ်တိုက်လုပ်ရမှာ ဖြစ်သလို (မာစတာတွေ၊ ဒေါက်တာတွေ ပြန်ထုတ်သုံးဖို့ပြောတာပါ)၊
ကားဟောင်းဖျက်ပြီး ကားအသစ်သွင်းသလို ပညာရေးစနစ်ဟောင်းကိုဖြို စနစ်သစ်နဲ့ Skill Labour Force ရအောင် မြန်မြန်ထက်ထက်လုပ်ဖို့ လိုနေပါပြီ။
အရင်ကျွန်တော်တို့ခေတ်က စာသင်နှစ်(၅)နှစ်တက်ပြီး ပညာသင်ခဲ့ရတဲ့ YAU ကို (၄)နှစ်ပြောင်း၊ ဟောအခုတော့ စာသင်နှစ်(၅)နှစ် ပြန်ပြောင်းနေပါပြီ။
ဒီနှစ် YIT နဲ့ MIT ကိုပြန်ဖွင့်ပြီး စာသင်နှစ်(၆)နှစ်နဲ့ ပြန်သင်မတဲ့။ မဝေးတော့တဲ့ နောက်နှစ်တွေမှာ အင်ဂျင်နီယာ ဆရာကန်တော့ပွဲတွေ ရန်ကုန်မှာ ပြန်မြင်နိုင်မယ်လို့တော့ မျှော်လင့်ရတာပါပဲ။
ဒီကနေ့မြန်မာပြည်ဟာ လမ်းဆုံလမ်းခွမှာ မီးစိမ်းပြထားနေပါပြီ။
စိမ်းနေတုံးမှာ ဂီယာတင်ပြီး မောင်းရင်မောင်း၊ မမောင်းပဲနေလို့ကတော့ ………….. စင်္ကာပူက Express Way မှာ ဟိုးအရင် ၁၉၇၀ ကျော်ခေတ်က Mazada B600 လေးဘီးကားနဲ့ တက်မောင်းနေသလို ဖြစ်တော့မပေါ့။
ကိုကိုမောင်
၂၈၊ ၈၊ ၂၀၁၂
လမ်းဆုံက မြန်မာ ဒီပိုစ့်လေးစိတ်ဝင်စားဖို့ကောင်းလို့ဖတ်ဖြစ်ခဲ့တယ်
ReplyDeleteမသိသေးတဲ့ ကားအကြောင်း
ပညာရေးတစေ့တစောင်း သိခဲ့ရလို့ကျေးဇူးတင်မိပါတယ်ရှင်
follower လဲလုပ်ခဲ့တယ်