Friday, July 29, 2011

အိမ် (မိသားစုအကြောင်း-၁)

ကျွန်တော့်ပညာရေးအကြောင်း ဆက်ပြီးမပြောခင် အိမ်အကြောင်းပြောချင်ပါသေးတယ် … ကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ … ကျွန်တော်တို့အိမ်မှာက ကျွန်တော်တို့မောင်နှမချည်း(၆)ယောက်နဲ့ အဖေရဲ့မြေးဝမ်းကွဲတွေက(၃)ယောက် စုစုပေါင်း(၉)ယောက် ငယ်စဉ်မှာအတူနေကြပါတယ် …

ဒီအကြောင်းမပြောခင် အဖေနဲ့အမေရဲ့မျိုးရိုးစဉ်ဆက်အကြောင်းပြောပြသင့်တယ်လို့ထင်ပါတယ် …
ကျွန်တော့်အဖေဖက်ကစပြောရရင် အဖေက မောင်နှမ(၅)ယောက်ရှိတဲ့အနက် တစ်ဦးတည်းသောသားတစ်ယောက်ပါ … အဖေဖက်ကအဖိုး၊ အဖွားတွေကိုမမှီလိုက်ပေမယ့် ဖွားလေး၊ ဖွားကြီးတွေကိုတော့မှီလိုက်ပါသေးတယ် …

အဖေ့ရဲ့အဖေ ကျွန်တော်တို့အဖိုးက တောင်ငူဇာတိပေါ့ … ဦးဘိုးထွန်းလို့ခေါ်တယ်လို့ ကြီးဒေါ်တွေပြောတာကြားဖူးပါတယ် … အဖိုးကဘယ်လိုကနေမွန်ပြည်နယ်ကိုရောက်လာပြီး အဖွားနဲ့အိမ်ထောင်ကျသလဲတော့ မသိတော့ပါဘူး … ကျွန်တော်တို့ကိုမွေးတော့ အဖိုးနဲ့အဖွားကမရှိကြတော့ပါဘူး … အဲ သို့ပေမယ့် အဖွားကမုဒုံဇာတိပဲဆိုတော့သူ့ဖက်မှာတော့ ညီအစ်မတွေရှိပါတယ် … ကျွန်တော်တို့မှီသလောက်တော့ ဖွားဖွားကြီး၊ ဖွားဖွားလတ် နဲ့ ဖွားဖွားငယ်တို့ပါ … ဖွားဖွားကြီး၊ ဖွားဖွားလတ်တို့က အပျိုကြီးတွေလို့ထင်ပါတယ် … ဖွားဖွားကြီးက ကျွန်တော်ငယ်စဉ်မှာမှဆုံးတာ …

အဖေရဲ့မောင်နှမတွေက အစဉ်အတိုင်းဆိုရင်-
၁) ဒေါ်ခင်မကြီး၊ ၂) ဒေါ်ခင်မလေး (ကျွန်တော်တို့အခေါ်ကအကြီး) ၃) ဦးမောင်ကြီး (ကျွန်တော့်အဖေပေါ့)၊ ၄) ဒေါ်ခင်တင့် (ကျွန်တော်တို့အခေါ်ကဒေါ်ကြီး) နဲ့ ၅) ဒေါ်တင်အေး (ဒေါ်နီ) (ကျွန်တော်တို့အခေါ်ကဒေါ်ငယ်) စုစုပေါင်း(၅) ယောက်ပေါ့ … ရီတော့ရီရတယ် (၅)ယောက်စလုံးမှာ အဖေနဲ့ သူ့အစ်မအကြီးဆုံး ဒေါ်ခင်မကြီး နှစ်ယောက်ပဲ အိမ်ထောင်ကျပြီး ကျန်တဲ့(၃)ယောက်က အပျိုကြီးတွေပေါ့ …
ဘာလို့ရီရတာလဲဆိုတော့ ကျွန်တော်တို့မောင်နှမ(၆)ယောက်မှာလည်း အခုအချိန်အထိ ကျွန်တော့်အစ်မကြီး မနီလာနဲ့ ကျွန်တော်တို့နှစ်ယောက်သာအိမ်ထောင်ကျသေးလို့ပါ … မျိုးရိုးလိုက်ပုံများကတော့ … ကျန်တာတွေကတော့ လူပျိုကြီး၊ အပျိုကြီးတွေပေါ့ …

ဆက်ပြောရရင် အဖေ့အစ်မကြီး ဒေါ်ခင်မကြီးက အိမ်ထောင်ကျပြီး သားတစ်ယောက်မွေးပါတယ် … သူကတော့ ကလေးမွေးပြီးလို့ မကြာခင် လပိုင်းလောက်မှာပဲဆုံးသွားတယ်လို့ကြားဖူးတယ် …
သူ့ရဲ့အမျိုးသားကလည်း လွပ်လပ်ရေးရကာစ မြန်မာ့တပ်မတော်က စစ်ဗိုလ်တစ်ယောက်ဆိုတော့ ပြည်တွင်းစစ်ကာလမှာပဲ တိုက်ပွဲကျပါလေရော … ဒီတော့ မွေးထားတဲ့ သားကလေးက အဖေတို့မောင်နှမတွေကပဲ စောင့်ရှောက်ပြီး ကြီးပြင်းလာပါတယ် … သူ့နာမည်က ဦးဌေးအောင်ပါ … ကျွန်တော်တို့ရဲ့အစ်ကိုတစ်ဝမ်းကွဲပေါ့ ….
သူ့ကိုတော့ ငယ်စဉ်ထဲက အဖေတို့မောင်နှမတွေကပဲ သားတစ်ယောက်လို အလိုလိုက်ခဲ့တာပေါ့ အဲဒီခေတ်က ကင်မရာလိုချင်ရင် ကင်မရာ၊ စသဖြင့်ပေါ့ … အဖေကအိမ်ထောင်ကျတာနောက်ကျတော့ ကျွန်တော်မွေးခါနီးလောက်မှာ သူလည်းအိမ်ထောင်ကျလို့ ကျွန်တော့်ညီနဲ့ သူ့ရဲ့သမီးကြီး မမိုး(ကျွန်တော်တို့နဲ့ဆိုတူမဝမ်းကွဲပေါ့)ကရွယ်တူနီးပါးမွေးကြတာပါ … ပြီးသူအမျိုးသမီး မမြင့်သန်းကမွေးလိုက် အမေကမွေးလိုက်နဲ့ ကျွန်တော့်အောက်ကနှစ်ယောက်နဲ့ သူ့ သမီးကြီးမမိုး၊ သားလတ် အောင်နိုင်မိုး၊ သားငယ် အောင်နိုင်စိုးတို့က မတိမ်းမယိမ်းတွေဖြစ်ကုန်တော့တာပေါ့ …

အမေဖက်ကတော့ရိုးရှင်းပါတယ် … သူနဲ့ သူ့ရဲ့မောင် ဦးကျော်သိန်း(ဖိုးသူတော်လို့ သူ့ဆွေမျိုးတွေကခေါ်ပါတယ် .. ကျွန်တော်တို့ရဲ့ဦးလေးပေါ့)နှစ်ယောက်တည်းပါပဲ … အမေဖက်ကအဖိုးအဖွားတွေ ကသူတို့မောင်နှမ ငယ်ငယ်ကထဲကဆုံးသွားကြလို့ နှစ်ယောက်စလုံးကို ဆွေမျိုးတွေကဘဲ စောင့်ရှောက်ခဲ့ရတယ်လို့ဆိုပါတယ် ….

ကျွန်တော်တို့မောင်နှမတွေကိုလည်းစဉ်ကြည့်ရင်
၁) အစ်မအကြီးဆုံး မနီလာ၊ ၂) ဒုတိယ ကြူကြူခိုင် (မကြူ)၊ ၃) ဝါဝါ (ကျွန်တော့်သားကကြီးဒေါ်ဝါလို့ခေါ်ပါတယ်) ၄) ကိုကိုမောင် (ကျွန်တော်)၊ ၅) ကိုကိုမြတ် (ကျွန်တော့်သားကဦးမြတ်လို့ခေါ်ပါတယ်) နဲ့ ၆) အိအိခိုင် (ငယ်ငယ်ကတော့ အသားညိုလို့ မဲတူးလို့ခေါ်ရာက ကျွန်တော့်သားကတီတူးလို့ခေါ်ပါတယ်) စုစုပေါင်း(၆)ယောက်ပေါ့ …
ဆွေမျိုးစာရင်းနဲ့တင် အိမ်အကြောင်းကိုမရောက်နိုင်ဘူးဖြစ်နေတယ် … ဆွေစဉ်မျိုးဆက် အကြောင်းကလည်းမပါမဖြစ် ဖြစ်နေတာကိုး …

ကျွန်တော်တို့အိမ်ကလေးက အဖေဖက်က ဘိုးဘွားပိုင်ပါ … အဖိုး၊ အဖွား နဲ့ အဖေရဲ့ကြီးဒေါ်၊ အဒေါ်တွေ အတူတကွနေခဲ့ကြတယ်ထင်ပါတယ် … အဖေနဲ့အကြီးတို့ပြောပြချက်အရတော့ အဖေတို့ငယ်ငယ်က ဆင်းရဲပါတယ် … အဖိုးနဲ့အဖွားက မြို့အဝင်က လမ်းမကြီးဖက်မှာ ရွာတွေကလာရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို တွန်းလှည်းတွေနဲ့သယ်ပြီး မြို့မဈေးမှာ ပြန်ရောင်းပါတယ် … ကျွန်တော့်အဖေငယ်ငယ်က မနက်(၃)နာရီလောက်ထ၊ ဟင်းရွက်တွန်းလှည်းသွားတွန်းရပြီး ဈေးမှာဈေးရောင်းနေတုန်းစာဖတ်ရတယ်လို့ အဖေပြောဖူးပါတယ် …
အမှန်ကဈေးသယ်မျိုးရိုးပေါ့ … နောက်တော့အဖေ (၉) တန်းအောင်နဲ့ကျောင်းထွက်ရပါတယ် … ကောလိပ်ဆက်မတက်နိုင်လို့ ရပ်လိုက်တာလို့ပြောဖူးတယ် … အဖေတို့ခေတ်က ပညာရေးစံနစ်က(၉) တန်းအောင်ဆိုပေမယ့်လို့ အင်္ဂလိပ်လက်အောက်မှာဖြစ်တာတစ်ကြောင်း၊ ရုံးသုံးကလည်း အင်္ဂလိပ်စာတိုတော့ အဖေက အင်္ဂလိပ်စာနဲ့အခြားဘာသာတွေမှာပါ ကျွန်တော်တို့ထက်တော်ပါတယ် …. အဲဒီခေတ်က (၇)တန်းအောင်ရင် အလယ်တန်းပြဆရာပြန်ခန့်ပါတယ် … အဖေက ဆရာဖြစ်သင်တန်းတက်ပြီး အလယ်တန်းပြ ကျောင်းဆရာ ကောင်းတစ်ယောက်ဖြစ်ခဲ့တာပေါ့ … (သူကတော့မပြောပါဘူး … သူ့တပည့်တွေဖြစ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမတွေက ပြန်ပြောပြတာရယ် … သူ့မှာတပည့်တပန်းများတာရယ်ကြောင့်သိရတာပါ …)

ကျွန်တော့်တို့ မမှီလိုက်တဲ့ အဖိုးဦးဘိုးထွန်းက ဈေးသာရောင်းနေပေမယ့် ပညာတတ်ထင်ပါတယ် … ကြီးဒေါ်တွေပြောပြလို့ကြားဖူးတာက သူကတောင်ငူက သစ်စက်သူဌေးသားတဲ့ … တစ်နေ့ ကလေးတွေ ယမ်းမီးခြစ်ကို ဆော့ကစားရာကနေ သစ်စက်ကြီးမီးလောင်ပြီး သူ့မိဘတွေလည်း စီးပွားပျက်၊ နောက်တော့ ဆုံးပါးကုန်လို့ သူလည်း အောက်ပြည်အောက်ရွာကို ရောက်လာတာလို့ဆိုပါတယ် …
ဦးဘိုးထွန်းက သူ့သား ကျွန်တော့်အဖေကို ပညာတတ်ဖြစ်စေချင်ပုံရပါတယ် … အဖေကလည်းသူတကယ်ဖြစ်ချင်တာက စစ်ဗိုလ်ပါ .. သူတို့ခေတ်က လွပ်လပ်ရေးအကြိုဆိုတော့ စစ်ရေးတက်ကြွပုံရပါတယ် …
သူကျောင်းဆရာဖြစ်ပြီးမှ ဗိုလ်သင်တန်းဝင်ဖြေသေးတယ် … ဒါပေမယ့်ကံမပါတော့ သူက လိုတဲ့ ပေါင်ချိန်(၁၂၀) မပြည့်ပါဘူး … ဒီလိုနဲ့ ကျောင်းဆရာ နောက်တော့ ဆိုရှယ်လစ်ခေတ် နိုင်ငံရေးသမားဖြစ်လာပါတယ် …

ဆက်ပြောရင်တော့ ကျွန်တော်တို့ရဲ့ အဖွားဝမ်းကွဲတွေက လူလွတ်တွေနဲ့ဈေးသယ်ကြီးတွေပေါ့ … ကျွန်တော့်အဒေါ်တွေဖြစ်တဲ့ ဒေါ်ကြီးနဲ့ ဒေါ်ငယ်ကလည်းဈေးသယ်တွေပါပဲ …
အဖွားအငယ်ဆုံးနဲ့ အဖွားလတ်က အပေါင်မြို့ကိုပြောင်းပြီး ဈေးမှာ ဈေးရောင်ပါတယ် … ဒေါ်ငယ် (ဒေါ်နီ)ပါဈေးရောင်းခဲ့တာပေါ့ … အဲဒီကနေ ကျွန်တော့် အဒေါ် ဒေါ်ခင်တင့်ကလည်း အဲဒီခေတ်က ရခိုင်ပြည်နယ်ကျောက်ဖြူကနေ ဆရာအတတ်သင်တက်ပြီး မူလတန်းပြဆရာမဖြစ်လာပါတယ် … သူကလည်း စပြီးတာဝန်ကျကထဲက အပေါင်မြို့မှာဆိုတော့ အဖွားငယ်၊ အဖွားလတ်၊ သူ့ညီမ ဒေါ်ငယ် (ဒေါ်နီ) နဲ့နေတာပေါ့ …. သူ့ကိုလည်း အပေါင်မြို့မှာ ဆရာမကြီးလို့ လူသိများပါတယ် … ဒီလိုနဲ့ အဖွားတွေလည်း စီးပွားဖြစ်လို့ အဲဒီတုံးက အပေါင်မြို့လယ်ကောင် ရုပ်ရှင်ရုံနားကပ်လျက်မှာ တိုက်အိမ်ကြီးဆောက်၊ အိမ်ရှေ့မှာ ဈေးဆိုင်တန်းဆောက်ပြီး ဆိုင်ခန်းတွေငှားစားနဲ့ တော်တော်စီးပွားဖြစ်လာပါတယ် … ဒေါ်ကြီးက ကျောင်းပိတ်ရက်တွေမှာ မြို့တက်(မော်လမြိုင်)ဈေးဝယ်ရတယ် … အဝယ်တော်ပေါ့ … နောက်အဖွားတွေဆုံးတော့ သူတို့ညီအစ်မပဲ ဦးစီးပါတယ် …

ဒီအချိန်အတွင်းမှာ ကျွန်တော်တို့မမွေးသေးပါဘူး … ကျွန်တော်တို့ အစ်ကိုဝမ်းကွဲ ကိုဌေးအောင်လည်း အပေါင်သွားလည်ရင်း အပေါင်သူမမြင့်သန်းနဲ့အိမ်ထောင်ကျတော့တာပေါ့ … သူအိမ်ထောင်ကျပြီး အဖေက အလုပ်လုပ်ခိုင်းလို့ မုဒုံမှာပဲအလုပ်လုပ်တော့ သူတို့မိသားစုလည်း ကျွန်တော်တို့နဲ့ အတူနေရင်း သားသမီးတွေမွေးတော့ အိမ်မှာ ကလေးတွေချည်း(၉)ယောက်တောင်ပေါ့ … ကျွန်တော်တို့ငယ်ငယ်ကတော့ အဖွားတွေရှာထားတာရယ် အဒေါ်တွေရှာထားတာရယ်နဲ့တော်တော်ကြီးကို စီးပွားရေးတောင့်တင်းတော့ အဖေက မတောင့်မတနဲ့ သူလုပ်ချင်တဲ့ ဆိုရှယ်လစ် (နောက်တော့သူကိုယ်တိုင်က ရှစ်ဆယ်လိုလို့ပြောတဲ့) နိုင်ငံရေးကို စိတ်တိုင်းကျ လုပ်နေပါတော့တယ် …

ကျွန်တော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ဆိုရင် အပေါင်ကအဒေါ်တွေဆီကိုပို့ထားတတ်ပါတယ် …
ဒီအပြင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အိမ်တွေကလည်းအိမ်တိုင်းလိုလို အဲဒီတုံးက ကလေးတွေရှိပါတယ် …
လသာတဲ့ည ဒါမှမဟုတ် မီးလာရင် အိမ်ရှေ့ကလမ်းတစ်ခြမ်းကို စည်းတား၊ အဖေက ဝါးလုံးတွေထောင်၊ မီးကြိုးသွယ်ပြီး၊ ထုတ်ဆီးထိုးတာတို့၊ စတဲ့ကစားနည်းမျိုးစုံနဲ့ ကလေးတွေစုပြီး ကစားစေပါတယ် … ဒီလိုဆိုတော့ … စဉ်းစားသာကြည့် ဘယ်လောက်ပျော်စရာကောင်းသလဲလို့ …

ကျွန်တော်(၄)တန်းအောင်တော့ အစ်မအကြီးဆုံး မနီလာက(၁၀)တန်းအောင်ပါတယ် … သူကလည်းဝါသနာပါတာက အင်ဂျင်နီယာပါ .. ဒါပေမယ့် အမှတ်ကောင်းတော့အားလုံးက ဆရာဝန်လိုင်းတက်ဖို့တိုက်တွန်းကြပါတယ် … သူကလည်း အားလုံးကိုလွန်ဆန်ပြီး ကိုယ့်ဝါသနာကို အကောင်မထည်မဖေါ်နိုင်ခဲ့ပါဘူး … ဆေးကျောင်းကိုသာတက်ခဲ့ပါတယ် …
ဒုတိယအစ်မ မကြူက ၁၉၈၁ ထင်တယ်.. (၁၀)တန်းအောင်ပြီး မော်လမြိုင်မှာ ဒေသကောလိပ်တက်ရပါတယ် … တတိယအစ်မ မဝါကတော့ ၁၉၈၄ မှာ(၁၀)တန်းအောင်ပါတယ် … အဲဒီတုံးက ကျွန်တော်က(၈)တန်းပါ …
အဖေက ၁၉၈၀ ကျော်လောက်ကစပြီး မဆလအမှားတစ်ထောင်ရဲ့သားကောင်ဖြစ်လာပါတယ် … အဲဒီအချိန်အထိ သူ့မှာက မိသားစုအတွက်သိပ်ပြီးအပူအပင်မရှိသေးပါဘူး .. အဲဒီမှာ လယ်သမားတွေဆီကနေ စပါး အတင်းအကြပ်ဝယ်တာတွေ စလာပါပြီ …

မနီလာ ဆေးကျောင်းစတက်ပေမယ့် အဒေါ်တွေကပဲထောက်ပံ့ခဲ့တာများပါတယ် …
အိမ်မှာလည်းအမေက တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ဥစားကြက်မွေးမြူရေးလုပ်တာ တော်တော်အောင်မြင်ပါတယ် … ကြက်အကောင်ရေ လေးငါးထောင်လောက်ထိရှိလာပါတယ် … ကျွန်တော်တို့လည်း ကျောင်းကပြန်လာရင် ကြက်စာကြွေး၊ ကြက်ဥကောက်လုပ်ရပါတယ် …
အစ်မကြီးမနီလာက ကုသိုလ်ကံကောင်းတော့ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရတဲ့ အချိန်ကထဲက ဆေးကျောင်းတက်နေပါပြီ …

Thursday, July 28, 2011

အိမ် (ပညာသင်ချိန်-၃)

အိမ်.. လို့ ခေါင်းစဉ်တပ်ထားပေမယ့် အိမ် အကြောင်းမရေးရသေးပါဘူး … ကျွန်တော်အဖေက အဲဒီတုံးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ရဲ့ မြို့နယ်ကော်မတီ (လယ်သမား၊ အလုပ်သမားအစည်းအရုံး)မှာပါ။ အခုကျွန်တော့်စာကို ဖတ်နေတဲ့လူတွေကတော့ တစ်မျိုးထင်လိမ့်မယ် …. အဲဒီတုံးက ဆိုရှယ်လစ်စံနစ်ကြောင့် ခံစားရတဲ့ (သူငယ်ချင်းတွေတောင်မသိတဲ့) နောက်ကွယ်က ကျွန်တော်တို့ မိသားစု စံနစ်ရဲ့သားကောင် ဖြစ်ရပုံအကြောင်းတွေ ….. အခုခေတ်စကားနဲ့ဆို (behind the scenes) ပေါ့ …… နောက်ပိုင်းတိုက်ဆိုင်ချိန်ကျရင် ပြည့်ပြည့်စုံစုံပြောပြပါ့မယ်။

နောက်တစ်ခုက(၄)တန်းနှစ်မှာ ကျွန်တော် ရန်ဖြစ်ပုံအကြောင်း ပြောပြရအုံးမယ်။ သူငယ်တန်းကနေ (၄)တန်းအထိမှာ သီဟ၊ သောင်းထွဋ်၊ စတဲ့သူငယ်ချင်းတွေလည်းရှိသေးတယ်။ သောင်းထွဋ်ရဲ့မိဘတွေက မြို့မဈေးမှာ ရွှေဆိုင်ဖွင့်ပါတယ်။ အခုတော့သူက မလေးရှားမှာပါ။ သီဟ မိဘတွေကတော့ ကျွန်တော်တို့နဲ့ အတော်ခင်တဲ့ ဦးခင်မြင့်နဲ့ ဒေါ်စီပါ … ဦးခင်မြင့်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ရဲ့ မြို့နယ်ကော်မတီ ဥက္ကဋ္ဌ(လူကြီးပေါ့)ပါ။ ဒေါ်စီကတော့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဆေးခန်းက ကျန်းမာရေးဝန်ထမ်းဆရာမပါ။

ပြောချင်တာက လူကြီးတွေအချင်းချင်းရင်းနှီးမှုပါ။ တစ်နေ့တော့ ဘယ်လိုစဖြစ်မှန်း အခုတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော်နဲ့သီဟ စကားများပြီးရန်ဖြစ်ပါလေရော၊ စာသင်နေချိန်ဆိုတော့ကျိတ်ပြီးဖြစ်နေတာပေါ့ …. မှတ်မိနေသေးတာကတော့ အဲဒီတုံးက ကျောင်းပြင်နေလို့ ကျောင်းရှေ့ကကွက်လပ်မှာ သဲပုံကြီးတစ်ပုံ ရှိနေတာပါ။ နေ့လည်ကျောင်းဆင်းချိန်လည်းကျရော နှစ်ယောက်သား သဲပုံပေါ်တက်ပြီး နပန်းသတ်တာ နှစ်ယောက်စလုံးမျက်နှာတွေမှာ လက်သဲခြစ်ရာတွေနဲ့ စုတ်ပြတ်ကုန်တာပါပဲ။ ညနေကျတော့ အိမ်မှာ ဆက်တီးခံရတာပေါ့ … သီဟရဲ့အဖေ ဦးခင်မြင့်လည်း ညနေကျတော့အိမ်ကိုရောက်လာပြီး ဖြစ်ကြောင်းကုန်စင်မေးတာပေါ့ .. ကျွန်တော်ထင်တယ် ဒီနေ့အချိန်အထိ ဘယ်ကစဖြစ်တယ်ဆိုတာ နှစ်ယောက်စလုံးမပြောဘူးထင်ပါတယ် .. ကျွန်တော်ကတော့ အဲဒီကထဲက မှတ်ဥာဏ်ထဲကထုတ်ပစ်လိုက်လို့လားမသိဘူး ဘာမှကိုမမှတ်မိတော့ပါဘူး။

ကျွန်တော်သာဆိုးခဲ့တယ် ထင်ပါတယ် … မောင်နှမတွေထဲမှာ ကျွန်တော့်လို တစ်ယောက်မှ ကျော်မကောင်းကြားမကောင်း ရန်မဖြစ်ဖူးပါဘူး။

ဒီလိုနဲ့ကျွန်တော်တို့လည်း(၄)တန်းကိုအောင်လာတယ်ဆိုပါတော့။ ကျွန်တော်တို့အိမ်နားက မူလတန်းကျောင်းက အောင်တော့ အလယ်တန်း နဲ့ အထက်တန်းကို အ.ထ.က(၁) ကျောင်းကြီးမှာ ပြောင်းပြီးတက်ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုံးကတော့ မြို့ကို (မြို့ဆိုတာ မော်လမြိုင်ကို ပြောတာပါ)တောင် မရောက်ဖူးပါဘူး။ ကျွန်တော်ထင်တယ် (၃)တန်းလား (၄)တန်းလားမမှတ်မိတော့ပါဘူး … အဲဒီလောက်မှ မြို့ကို အဖေခေါ်သွားလို့ရောက်ဖူးတာ။

ကျွန်တော်တို့အလယ်တန်းတက်တော့ ကျောင်းက အိမ်နဲ့ဆိုရင် နည်းနည်းဝေးသွားပြီ။ ထမင်းချိုင့်ထည့်သွားရတာပေါ့။ (၅)တန်းစတက်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေ(အေ)ခန်းမှာနေရပါတယ်။ (အေ)ခန်းက မြို့နယ်တစ်ခုလုံးက မူလတန်းကျောင်းပေါင်းစုံက လူတော်တွေချည်း စုလာတာဆိုတော့ သူ့ထက်သူတော်သူတွေချည်းပဲပေါ့။ ကျွန်တော်သာနည်းနည်းရှော်တာ… စောစောက သူငယ်ချင်းတွေလည်း အတူတူပါတာပေါ့။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ကျောင်းက မူလတန်းကျောင်းရှေ့မှာနေတဲ့ သီသီအေး(အခုအင်ဂျင်နီယာ)၊ ခင်မောင်သန်း၊ ကေခိုင်ညွန့်၊ လေးမှုံ၊ သီဟ၊ ကျွန်တော် တစ်တန်းထဲကိုရောက်တယ်ထင်တာပဲ။ ကျန်တဲ့သူတွေတော့ သိပ်မမှတ်မိတော့ပါဘူး။

ပြောရရင်တော့ မူလတန်းတုံးက သူငယ်ချင်း ကေခိုင်ညွန့်ရဲ့ အဖေ ဆရာကြီး ဦးဘညွန့်က အဲဒီတုံးက အ.ထ.က(၁)ရဲ့ ကျောင်းအုပ်ကြီးထင်တယ်။ နောက်တော့သူကမြို့နယ်ပညာရေးမှူးဖြစ်သွားတယ်။ အဲဒီမှာ (၅) တန်း(အေ)ရဲ့အတန်းပိုင်ဆရာက ပထဝီသင်တဲ့ ဆရာဦးမြင့်သိန်းပါ။ ဆရာက ခပ်တည်တည်နေတတ်ပြီး စာမရလို့ကတော့ အဆော်ကြမ်းတယ်လို့ နာမည်ကြီးပါတယ်။ ဆရာ့အမျိုးသမီးကလည်း အဲဒီကျောင်းကဆရာမပါပဲ။ ကျွန်တော်တို့ ကံကောင်းတာလားတော့မသိပါဘူး အဲဒီနှစ်မှာ ဆရာ့သမီး ဝင်းပပထွန်းလည်း ကျွန်တော်တို့နဲ့ တစ်တန်းထဲရောက်လာတယ်။ ဒါတောင်ဆရာက မျက်နှာသာမပေးပါဘူး …… သူ့ပထဝီချိန်မှာ စာမရလို့ကတော့ ဇီးစေ့ကိုဒူးအောက်ကခံပြီး ခုံပေါ်တက် ဒူးထောက်ခိုင်းတတ်ပါတယ် …. သေအောင်နာပေါ့ .. ဟိုတုံးကဆရာတွေများ မျက်နှာမလိုက်တတ်ပါဘူး။ ပထဝီချိန်ကိုရောက်လို့ စာမရရင်တော့ ရင်တုန်နေရတာပေါ့ .. ဆရာကကိုယ့်ကို စာမမေးရအောင်ဆုတောင်းပေတော့ ……

ဒီလိုနဲ့ (၅)တန်းအောင်လာတယ်ဆိုပါတော့ … ကျွန်တော်ကထူးထူးချွန်ချွန်အထဲတော့မပါတော့ပါဘူး .. လူတော်တွေကြားထဲမှာ သာမန်ပဲပေါ့ …

ကျွန်တော်တို့ ငယ်ငယ်တုံးက စာမေးပွဲကြီးဖြေအပြီးနွေရာသီ ကျောင်းပိတ်ရက်တွေဆို ကျောင်းမှာ သင်တန်းတွေရှိပါတယ် .. ကြက်ခြေနီ၊ ဘင်ခရာ စသဖြင့်ပေါ့ .. (၅) တန်းကျောင်းပိတ်တော့ ကျွန်တော်ရယ်၊ ခင်မောင်သန်းရယ် ဘင်ခရာသင်တန်းတက်ကြပါတယ် ………. ဘင်ခရာတက်ဖြစ်ပုံပြောရအုံးမယ် ……

ကျွန်တော်တို့(၄)တန်းနှစ် (၁၉၇၉)ခုနှစ်မှာ တစ်နိုင်ငံလုံး စာတတ်မြောက်ရေး (အသုံးလုံး)ဆိုပြီး … အခုခေတ်လိုဆိုရင် National Project လုပ်ပါတယ် …. အဲဒီတုံးက အခြေအနေကိုပြန်ကြည့်ချင်ရင် ဆရာကြီး ဦးသုခ ရိုက်ကူးပြီး လူကြမ်းကိုအံ့ကျော်ကို အကယ်ဒမီဆုရသွားစေတဲ့ ဘယ်သူပြိုင်လို့လှပါတော့နိုင် ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပေါ့။ (အခု Burmese Classic Website က Classical ရုပ်ရှင်မှာရှိပါတယ် .. http://burmeseclassic.com/show_bnw.php?index=QmFsVGh1UHlpbmc=&s=7&tp=2&title=Bae_Thu_Pyaine_Loe_Hla_Par_Tawt_Naing) ကျွန်တော်တို့မြို့မှာလည်း အဲဒီအထဲက အတိုင်းပါပဲ … ပျော်စရာတွေချည်းပဲပေါ့ ….

ရေးရင်းနဲ့ဘေးချော်တယ်ပြောလည်းခံရမှာပဲ …. ကျွန်တော်ငယ်ငယ်က အလွန်အားကျတဲ့ ကျွန်တော့်ထက်တစ်နှစ်ကြီးတဲ့ ကိုသက်လွင်ဆိုတာရှိတယ် … သူကတစ်တန်းကြီးတယ် … သူနေတဲ့အိမ်က ကျွန်တော်တို့တက်ခဲ့တဲ့ မူလတန်းကျောင်းနဲ့မျက်နှာချင်းဆိုင် အရှေ့တည့်တည့်မှာပါ …. သူ့အဒေါ် ဒေါ်သန်းရွှေကလည်း ကျွန်တော်တို့ အလယ်တန်းမှာအင်္ဂလိပ်စာသင်တဲ့ဆရာမပါ ….

ကိုသက်လွင်ရဲ့ဦးကြီးတော်သူက မြန်မာ့နံမည်ကြီး ပန်းချီဆရာကြီးဦးလွန်းကြွယ်ပေါ့ … အနုပညာနဲ့အနုစိတ်မှာ ကိုသက်လွင်ကမျိုးရိုးလိုက်ပါတယ် .. သူ့မှာ အဖွားဒေါ်အုံးဆိုတာရှိပါတယ် …. ကျွန်တော်တို့အရပ်ဒေသထုံးစံက သက်ကြီးရွယ်အိုတွေကို သင်္ကြန်တစ်ခါ၊ ဝါဆိုတစ်ခါ၊ သီတင်းကျွတ်တစ်ခါ (၃)ခါ အနည်းဆုံး အချိန်ရောက်တာနဲ့ ရပ်ကွက်ထဲက လူကြီးတွေရှိတဲ့အိမ်တွေကို လူရွယ်တွေနဲ့ ကလေးတွေက လှူစရာတွေနဲ့ လှည့်ပြီးကန်တော့ရပါတယ် …

ဆိုလိုတာကတော့ အဖွားအုံးဆီကို သွားပြီးကန်တော့ရင်း ကိုသက်လွင်နဲ့တွေ့ရတာပေါ့ … သူက ငယ်ငယ်လေးကထဲက အဆောက်အဦပုံစံတွေ (အင်ဂျင်နီယာအခေါ် Small Scale Model)ကို နမူနာ ပုံစံတူကို ဗိသုကာပညာရှင်လို လှလှပပ ရှိတာတွေကိုအသုံးပြုပြီး လုပ်ပြတတ်ပါတယ် … ငယ်ငယ်ကတော့ သူ့ကိုဗိသုကာအင်ဂျင်နီယာဖြစ်လာမယ်ထင်ထားတာပေါ့ ….

အသုံးလုံးအောင်ပွဲကို ကျွန်တော်တို့(၄)တန်းမှာ လုပ်တယ်လို့ထင်တယ် .. အဲဒီမှာသူက(၅)တန်းကျောင်းသား၊ ဘင်ခရာတပ်ဖွဲ့ဝင်ပေါ့ .. ဝတ်စုံအဖြူရောင်တွေနဲ့နဲ့ ညီညီညာညာ သီချင်းတွေတီးမှုတ်ရင်း ချီတက်ကြတာ ကြည့်လို့ကောင်းတာနဲ့ ကျွန်တော်လည်း(၅)တန်းရောက်ရင် ဘင်ခရာသင်တန်းတက်မယ်လို့အားခဲထားခဲ့တာ .. (၅)တန်းကျောင်းပိတ်တော့ စာရင်းပေးပြီး တက်ဖြစ်တော့တာပါပဲ …

Saturday, July 23, 2011

အိမ် (ပညာသင်ချိန်-၂)

ကျွန်တော်တို့ မောင်နှမ(၆)ယောက်၊ အကုန်လုံးဖြတ်သန်းခဲ့ကြတဲ့ အိမ်နားက သဘောင်္ဦးမူလတန်းကျောင်း(အခုတော့ အလယ်တန်းကျောင်းဖြစ်နေပါပြီ)အကြောင်းဆက်ပြောပြချင်သေးတယ်။ ကျွန်တော်တို့ခေတ်က မူလတန်းကနေ၊ အလယ်တန်းကို အတက်(၄)တန်းစာမေးပွဲက အစိုးရ(မြို့နယ်အဆင့်)စစ်ပါ။

အဲဒီတုန်းကတော့(၄)တန်းဆရာတွေက ကိုယ့်ကျောင်း အောင်ချက်ကောင်းအောင် ကြိုးစားရပါတယ်။ မှတ်မှတ်ယယ အဲဒီတုန်းက ဆရာဦးရင်မောင်က အရိုက်ကြမ်းတယ်လို့ နံမည်ကြီးတဲ့ ဆရာကြီးပေါ့။ ကျွန်တော်(၄)တန်းနှစ်မှာ သူငယ်ချင်းအသစ်တစ်ယောက်ပြောင်းလာပါတယ်။ သူနံမည်က ခင်မောင်သန်း၊ သူ့အဖေက စိုက်ပျိုးရေးဘွဲ့ရ၊ အရင်ကတော့ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း(လယ်စိုက်ရှင်း) ရာဘာခြံဘက်ကပေါ့။ သူ့အဖေ မြိတ်(ပုလော)ဖက်တာဝန်ကျရာကနေ၊ မုဒုံ ကျုံဖိုက်ရွာရာဘာခြံကိုပြောင်းလာရတာထင်တယ်။ သူ့အဖိုးတွေက ကျွန်တော်တို့ရပ်ကွက်မှာဆိုတော့ ကျွန်တော်တို့ကျာင်းကို ရောက်လာပါရော။

သူရောက်လာကထဲက ပထမအများဆုံးသူဘဲရတော့၊ အရင်ဗိုလ်လုနေကျ မလေးမှုံနဲ့ ကေခိုင်ညွန်က နံပါတ်(၂)၊(၃) ဖြစ်ကုန်ပြီး၊ ကျွန်တော်လည်း(၄) ကိုအလိုလိုရောက်သွားတာပါပဲ။ အဲဒီကထဲက ခင်မောင်သန်းကို ကျွန်တော်တို့မကျော်နိုင်တော့ပါဘူး။ သူနဲ့ကျွန်တော်လည်း အဲဒီကထဲက(၁၀)တန်းအောင်တဲ့အထိ၊ အမြဲတွဲခဲ့တဲ့ သူငယ်ချင်းဖြစ်သွားတော့တာပါပဲ။

ကျွန်တော်တို့(၄)တန်းတက်နေတဲ့ ၁၉၇၉ ခုနှစ်မှာ United Nation ရဲ့ ကလေးများနေ့ကို စည်စည်ကားကား တစ်နိုင်ငံလုံး ကျင်းပခဲ့ပါတယ်။ အဲဒီမှာ တစ်မြို့နယ်လုံး ကလေးတွေကို မြန်မာစာ စာစီစာကုံးပြိုင်ပွဲ၊ အင်္ဂလိပ်စာပြိုင်ပွဲ၊ သချာင်္ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အဆိုအကပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စသဖြင့်ပြိုင်ပွဲတွေ မျိုးစုံ၊ ပျော်ပွဲရွင်ပွဲတွေ မျိုးစုံကျင်းပခဲ့ပါတယ်။ (အခုစဉ်းစားတိုင်းပျော်စရာကြီးပါ)၊ အဲဒီမှာ ကျွန်တော့်ကို ဆရာက သချာင်္၊ ပန်းချီ နဲ့ အုပ်စုလိုက်တေးသရုပ်ဖော်ပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းပါတယ်။ ခင်မောင်သန်း၊ မလေးမှုံ၊ ကေခိုင်ညွန့် တို့ကိုလည်း စာစီစာကုံး၊ အင်္ဂလိပ်စာ၊ သချာင်္၊ ပြိုင်ပွဲတွေ ဝင်ပြိုင်ခိုင်းပါတယ်။ ဆရာက ကျွန်တော်နဲ့ကေခိုင်ညွန့်ကို သချာင်္တော်တယ်ထင်လို့ သချာင်္ပြိုင်ပွဲဝင်ပြိုင်ခိုင်းတာပါ။ အဲဒီမှာ ကျွန်တော်ပန်းချီနဲ့ အုပ်စုလိုက်တေးသရုပ်ဖော်ပြိုင်ပွဲတွေမှာ ပထမမဟုတ်ပေမယ့် ဆုတွေရခဲ့တာပေါ့။

စောစောကပြောသလို ဆရာဦးရင်မောင်က အရိုက်ကြမ်းတယ်လို့နံမည်ကြီးပေမယ့် ဆရာကောင်းတစ်ယောက်ရဲ့ အရည်အချင်းကို ကျွန်တော်မျက်မြင်တွေ့ခဲ့ရပါတယ်။ ဖြစ်ပုံက ပြိုင်ပွဲတွေက တစ်မြို့နယ်လုံးဆိုတော့ ကိုယ့်ကျောင်းမှာပြိုင်ရတာမဟုတ်တော့ ပြိုင်ပွဲကျင်းပရာ ကျောင်းတွေကို ဆရာကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ အဲဒီမှာ သချာင်္ပြိုင်ပွဲကျတော့ ပွဲမဝင်ခင် အပြင်မှာသေသေချာချာ လေ့ကျင့်ခဲ့ပေမယ့် ကျွန်တော်ပြိုင်ပွဲကြောက်ပြီး ရှော်ပါလေရော၊ ကျွန်တော်တို့ပြိုင်ပွဲအချိန်ပြီးလို့ ကိုယ့်အဖြေနဲ့ ကေခိုင်ညွန့်ရဲ့ အဖြေတွေပြန်ပြီးတိုက်ကြည့်တော့မှ ကျွန်တော့်အဖြေတွေက တစ်လွဲတွေဖြစ်ပြီး ကျွန်တော်ထင်တယ် အမှတ်(၃၀)တောင်မရတော့ဘူးပေါ့။

ကျွန်တော့်စိတ်ထဲမှာတော့ ဆရာကတော့ငါ့ကိုယုံကြည်လို့ ပြိုင်ပွဲဝင်ခိုင်းတာ၊ ငါကရှော်တော့ သေချာပေါက် အတီးခံရပြီပေါ့။ ကျွန်တော်ကြောက်တာ ဒူးတွေတောင်တုံတယ်။ အဲဒီတုံးကပြောရမှာပေါ့။ အဲဒါနဲ့ ဆရာလဲလာကြိုတဲ့အချိန်မှာ ကြောက်ကြောက်နဲ့ပဲ အခြေအနေကိုပြောရတာပေါ့။ ဆရာကဘာလုပ်တယ်ထင်လဲ?

အဲဒီအချိန်တုံးက နယ်မြို့လေးဆိုတော့ တစ်မြို့လုံးမှာမှ မြို့မဈေးရှေ့မှာ ရေခဲမုန့်နဲ့ အအေးရောင်းတဲ့ဆိုင်တစ်ဆိုင်ပဲရှိတာပါ။ ကျွန်တော်တို့ကလည်း ရေခဲမုန့်တို့ ဖာလူဒါတို့ဆိုတာ တစ်နှစ်တစ်ခါမစားရပါဘူး။ ကျွန်တော်တို့ ကျောင်းကိုပြန်တဲ့လမ်းမှာ အဲဒီဆိုင်ရှိတာကိုး၊ ဆရာက အေးအေးဆေးဆေးပဲ၊ သားတို့ သမီးတို့ အအေးသောက်မလား၊ ဖာလူဒါစားမလား၊ ရေခဲမုန့်စားမလားတဲ့၊ ကျွန်တော်တို့ကို အေးအေးဆေးဆေးမုန့်ဝယ်ကြွေးပြီး၊ ကျွန်တော့်ကိုလည်း စားရင်းသောက်ရင်း တစ်ခါတစ်ရံမှာ ဘဝမှာဒီလိုဘဲသေသေချာချာပြင်ဆင်ထားတာတောင် အမှားတွေတွေ့ပြီး မအောင်မမြင်ဖြစ်တတ်ကြောင်း၊ စိတ်ဓါတ်ကျစရာမလိုဘဲ အကြိမ်ကြိမ်ကြိုးစားဖို့သာလိုကြောင်း ကျွန်တော်တို့သင်နေတဲ့ မပုကြွယ်နဲ့ ခရုငယ်လိုပဲဖြစ်ကြောင်း သေသေချာချာရှင်းပြပြီး အားပေးပါတယ်။

အဲဒါကို ကျွန်တော့်ဘဝမှာ တစ်ခုခုချွတ်ချော် သွားတိုင်း ပြန်သတိယတတ်ပါတယ်။ အဲဒီကထဲကထင်တယ် ကျွန်တော်ဟာ တစ်သက်တာလုံးအတွက် လဲကျရင်ပြန်ထ ရမယ်ဆိုတာကို နားလည်သွားခဲ့ပါတယ်။ နောက်တစ်ခုက ကွယ်ဝှက်စရာမလို မှန်မှန်ကန်ကန်ပြောရင်၊ အရိုက်မခံရပဲ မုန့်တောင်စားရတတ်ကြောင်း ကလေးအတွေးနဲ့ သင်ခန်းစာရခဲ့တာပေါ့။ ဆရာဦးရင်မောင်ကို ကျွန်တော်တို့မောင်နှစ်မတွေ အခုအချိန်အထိ မမေ့ကြသေးပါဘူး။ ဆရာ့ရဲ့စိတ်ဓါတ်ကောင်းအမွေတွေ ကျွန်တော်တို့ အဲဒီတုန်းက မူလတန်းကျောင်းသားတွေ တစ်ချို့တစ်ဝက်ရခဲ့ကြပါတယ်။

အခုတော့ကျွန်တော်တို့မောင်နှစ်မတွေရော သူငယ်ချင်းတွေပါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေကြပါပြီ။ ခင်မောင်သန်း က ရေးမြို့နယ် အစင်တိုက်နယ်ဆေးရုံမှာ အောင်မြင်နေတဲ့ ဆရာဝန်၊ မလေးမှုံက CPA လက်မှတ်ရ စားရင်ကိုင် Chief Accountant၊ ကေခိုင်ညွန့်က သူဝါသနာပါတဲ့ သချာင်္အဓိကနဲ့ ကျောင်းဆရာမ၊ ကျွန်တော်က သူငယ်ချင်းခင်မောင်သန်းရဲ့အဖေလို စိုက်ပျိုးရေးဘွဲ့ရ တစ်ယောက်ဖြစ်လာပါတယ်။

အခြေအနေအရ ၂၀၀၈ ကစပြီး နိုင်ငံရပ်ခြားမှာ အခြေချနေရပေမယ့် ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကိုတော့ မမေ့ပါဘူး၊ ငယ်သူငယ်ချင်း(၃)လုံးကတော့ မြန်မာပြည်မှာပါပဲ။ ကျွန်တော်တို့ရဲ့ ကျောင်းကလေးမှာလည်း စာတွေသင်ပေးနေဆဲပါပဲ။

တစ်ခါတုံးက အလေးမပြုလိုက်ရတဲ့ အာဇာနည်နေ့

တစ်ခါတုံးက အလေးမပြုလိုက်ရတဲ့ အာဇာနည်နေ့
by Ko Ko Maung on Wednesday, July 20, 2011 at 10:17pm

မနေ့ကအာဇာနည်နေ့မှာ အလုပ်လုပ်နေရင်းကနေဘဲ မြန်မာသတင်းတွေကို တောက်လျှောက်ဖွင့်ထားပြီး မြန်မာပြည်က အာဇာနည်နေ့ကို ငေးကြည့်နေရတယ်။ ဒီနှစ်အာဇာနည်နေ့ကို မြန်မာပြည်သူတွေပိုပြီး သတိတယနဲ့ သွားပြီး အလေးပြုတာတွေ့ရတော့ ဝမ်းသာပြီးမျက်ရည်ဝဲမိပါတယ်။ ကျွန်တော့်ရုံးကလဲ Facebook ကို Block လုပ်ထားတော့ ညနေအထိ ဘာမှမရေးဖြစ်ပါဘူး။ ညကျတော့လဲ အလုပ်ရှုပ်နေလို့မရေးဖြစ်ဘူး။

ဒီနေ့ညနေ အိမ်ပြန်ရောက်မှ သတင်းတွေဆက်ဖတ်၊ အာဇာနည်နေ့အမှတ်တရ သီချင်းတွေပြန်နားထောင် လုပ်ဖြစ်ပါတော့တယ်။ Weekly Eleven ရဲ့ Web Site ကိုပြန်ဝင်ကြည့်တော့လဲ မြန်မာပြည်ကလူငယ်တွေ ပိုပြီးစိတ်ဝင်စားတာတွေ့ရတော့ ဝမ်းသာမိပါတယ်။ ၁၆ ရက်နေ့ညကလဲ Gtalk ကနေတဆင့် မြန်မာပြည်မှာ ဒုတိယနှစ် ဆေးကျောင်းတက်နေတဲ့ တူမလေးနဲ့စကားပြောတော့ သူက အာဇာနည်နေ့သီချင်းတွေကို Download လုပ်လို့ရရင် မြန်မာပြည်ပြန်လာတဲ့အခါယူလာပေးဖို့ပြောလို့ ဝမ်းသာခဲ့ရတယ်။ ပြည်သူတွေကိုမေ့လျော့အောင် လုပ်ထားခြင်းခံရတဲ့ အာဇာနည်နေ့ဟာ မနေ့က ရန်ကုန်ကမြင်ကွင်းနဲ့တင် တော်တော်ကျေနပ်ရပါတယ်။ အခုတော့ ကျွန်တော်လဲ တူမလေးအတွက် Download လုပ်ထားတဲ့ သီချင်းတွေဖွင့်ရင်း စာရေးဖြစ်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်က အာဇာနည်နေ့ကိုလည်း သတိယမိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့်အဖေက နိုင်ငံရေးသာလုပ်တတ်သူ၊ တိုင်းပြည်ချစ်သူဆိုတော့ အာဇာနည်နေ့မရောက်ခင် တစ်လလောက်ဆို စပြီးပြင်ဆင်ကြတယ်။

ကျွန်တော်တို့ငယ်ငယ်ကအိမ်မှာ သံပတ်ပေးရတဲ့ ဓါတ်ပြားစက်နဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းဓါတ်ပြားတွေရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ညီလေးရဲ့တာဝန်က ဓါတ်စက်ထဲက ဗိုလ်ချုပ်မိန့်ခွန်းတွေကို ကျွန်တော်တို့မြို့လေးရဲ့ ရပ်ကွက်နေရာတိုင်းမှာဖွင့်ဖို့ ကက်ဆက်ခွေတွေထဲကို ကူးထည့်ပေးရပါတယ်။ ဟိုတုန်းကစက်တွေက ကူးရင် အမြန်မရပါဘူး။ အဲဒီတော့ ဗိုလ်ချုပ်မိန့်ခွန်းတွေကို အခေါက်မရေတွက်နိုင်အောင် အစအဆုံးနားထောင်ရတော့တာပါပဲ။

ကျွန်တော့်အဖေမှာ နောက်ထပ်စေ့စေ့စပ်စပ်လုပ်တတ်တာတစ်ခုရှိသေးတယ်။ အဲဒါက အသံကောင်းကောင်း၊ လော်စပီကာနဲ့ဆော်သြပေးနေကျ ဦးအောင်မွှေးကိုခေါ်ပြီး သီချင်းတွေ Back Ground ထည့်ပြီး သူ့အသံနဲ့ ပြည်သူတွေ ချီတက်အလေးပြုကြဖို့ဆော်သြတဲ့ အခွေလုပ်ပြီး အသံသွင်း၊ အခွေတွေပွားပေးရပါတယ်။ ဇူလိုင် ၁၈ ရက်ညကျတော့ တစ်မြို့လုံးကရပ်ကွက်တွေမှာ လော်စပီကာတွေကို ဝါးလုံးတွေနဲ့ထောင်ပြီး ည(၈)နာရီလောက်ကနေ (၁၀)နာရီ လောက်အထိ ကျွန်တော်တို့ကူးပေးခဲ့တဲ့ ဗိုလ်ချုပ်မိန့်ခွန်းတွေကို ဖွင့်ပေးကြပါတယ်။ ဇူလိုင် ၁၉ ရက် နံနက်စောစောမှ စောစောက လော်စပီကာတွေကနေ ကျွန်တော်တို့ဖန်တီးပေးထားတဲ့ အာဇာနည်နေ့ကိုချီတက်အလေးပြုဖို့ ပြည်သူလူထုကို ဆော်သြတဲ့အခွေကို ဖွင့်ပေးပါတယ်။

ရပ်ကွက်တိုင်းမှာ (၁၈)ရက်နေ့ညနဲ့ (၁၉)ရက်နေ့မနက်စောစောမှာ တစ်ညီတစ်ညာထဲကြားရတာပေါ့။ လွမ်းစရာကောင်းလိုက်တာ။ အဲဒီအလုပ်တွေကို ကျွန်တော်(၆)တန်းလောက်ကနေ (၁၀)တန်းအောင်တဲ့ ၁၉၈၆ အထိ နှစ်စဉ်လုပ်ခဲ့ပါတယ်။ နောက်တစ်ခု သတိယစရာက ကျွန်တော်တို့ညီအစ်ကိုက (၅)တန်းကထဲက ဘင်ခရာအဖွဲ့ဝင်တွေဆိုတော့ နှစ်တိုင်း အာဇာနည်နေ့ဆို ကန်တော်ကြီးကန်နားက အာဇာနည်ကျောက်တိုင်မှာ အာဇာနည်နေ့အလေးပြုဖို့ ရောက်လာတဲ့သူတွေကို နိုင်ငံတော်သီချင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေကို ဂုဏ်ပြုအလေးပြုချိန်မှာ ကျဆုံးခရာမှုတ်ပြီးအလေးပြုရပါတယ်။
အဲဒါကိုလည်း နှစ်စဉ်နှစ်တိုင်းလုပ်ခဲ့ရတာပေါ့။

မှတ်မှတ်ယယ ကျွန်တော် (၉)တန်းနှစ်မှာတော့ လူတကာအလေးပြုချိန်မှာ ကျဆုံးခရာမှုတ်ဖို့ကို ကျွန်တော်နဲ့ အခု လဝကမြို့နယ်မှူးဖြစ်နေသူ ကိုကျော်ဇင်တို့နှစ်ယောက်တာဝန်ကျပါတယ်။ ခါတိုင်းနှစ်တွေဆို သူများနည်းတူ အဲဒီအချိန်မှာအလေးပြုနေကျပါ။ အဲဒီနှစ်ကတော့ ရင်ကော့ပြီး ခရာမှုတ်ခဲ့ရပေမယ့် ကျွန်တော်မျက်ရည်တွေကျပြီး အလေးမပြုခဲ့ရပါဘူး။ အဲဒီနေ့မနက်မှာ မြို့မဈေးကဈေးသူဈေးသားတွေကလဲ အာဇာနည်များကိုရည်စူးပြီး ဘုန်းတော်ကြီးများပင့်ဖိတ်လို့ ဆွမ်းကပ်ကြပါသေးတယ်။

အခုပြန်တွေးတိုင်း၊ အာဇာနည်နေ့တိုင်း သတိယတတ်တဲ့ ကျွန်တော်တို့ငယ်ငယ်က မွန်ပြည်နယ်၊ မုဒုံမြို့ကလေးရဲ့ လွန်ခဲ့တဲ့ (၂၅)နှစ်ကျော်က အာဇာနည်နေ့ကို လွမ်းမောတမ်းတမိတာပါပဲ။ တစ်နေ့နေ့တော့ အဲဒီလို အာဇာနည်နေ့မျိုးကို ပြန်ဆုံရဦးမယ်လို့ ယုံကြည်ဆဲပါ။

Friday, July 8, 2011

အိမ် (ပညာသင်ချိန်-၁)

၂၀၁၀ ခုနှစ်မှာတွေ့ရသော ကျွန်တော့်အမေ








မနေ့ကကျွန်တော်ပြောခဲ့တဲ့ ငယ်ငယ်က ဟယ်ရီပေါ်တာအကြောင်းမဆက်ခင် ငယ်ငယ်က ကျွန်တော်တို့ နေခဲ့တဲ့ အိမ်အကြောင်းပြောချင်ပါသေးတယ် ........ ဘာမဆိုင်ညာမဆိုင်ပေါ့ ..........

အဲဒီအိမ်မှာ ကျွန်တော်တို့တစ်တွေကြီးပြင်းခဲ့ကြပါတယ် ...... အခုတော့ အဲဒီအိမ်မှာ ကျွန်တော့်အမေရယ်၊ ဒုတိယအစ်မရယ်၊ ညီမအငယ်ဆုံးရယ်၊ စုစုပေါင်း (၃)ယောက်သာနေပါတော့တယ် ......

အဲဒီအိမ်မှာ ကျွန်တော်တို့ငယ်ငယ်ကပျော်ခဲ့ကြတယ်၊ ငိုခဲ့ရတယ်၊ ဝမ်းနည်းခဲ့ရတယ်၊ မနေချင်တော့လောက်အောင် စိတ်ညစ်ခဲ့ကြဘူးပါတယ် .... ဒီအိမ်ကလေးအကြောင်းပြောရင် တစ်ထောင့်တစ်ည ပုံပြင်လိုဖြစ်မှာပါ ........... အခုတော့လဲ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ ..........

ကျွန်တော်တို့ အိမ်ကမြို့လယ် မကျတကျပေါ့ ....... ရန်ကုန်ကပွဲစားတွေအပြောနဲ့ဆိုရင်တော့ ..... ဈေး၊ ကျောင်း၊ ဘုရား၊ ကားဂိတ်၊ ရုံး အကုန်နီးပေါ့ .........

ကျွန်တော်တို့နေတဲ့မြို့ကလေးက မွန်ပြည်နယ်ထဲက မုဒုံဆိုတဲ့မြို့ကလေးပါ ............ ကျွန်တော်တို့ခေတ်ကတော့ ပညာတော်၊ ပညာတတ်တွေ အမြောက်အများထွက်ခဲ့တဲ့မြို့ကလေးပါ ............. ပြောရရင် ပညာကိုအားပေးတဲ့ မြို့လေးပေါ့ ......... ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကဆို (၁၀) တန်းအောင်စာရင်း ထွက်ရင် ဆေးကျောင်းကို အယောက်(၂၀)၊ အင်ဂျင်နီယာ (၄၀)၊ စသဖြင့် အများကြီးထွက်အောင် သင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေရှိခဲ့တဲ့မြို့ကလေးပေါ့ ......

ပညာဆိုလို့ အိမ်အကြောင်းပြောရင်းကနေ ပြောရအုံးမယ် .......... ကျွန်တော်သူငယ်တန်း စတက်ရတဲ့နေ့ကို သတိယမိလို့ပါ .......... မှတ်မှတ်ယယ အဲဒီနေ့က အမေကကျောင်းလိုက်ပို့တာပေါ့ ........... စောစောကပြောသလိုပဲ ဈေးနီး၊ ကျောင်းနီးအိမ်ဆိုတော့ ......... မူလတန်းကျောင်းက အိမ်နဲ့ဆို (၄)အိမ်လောက်ဘဲခြားတာပါ ........... အမေက ကျွန်တော့်ကိုလွယ်အိတ်ပြင်ပေးပြီး လက်ဆွဲခေါ်သွားတယ် ...... ကျောင်းရှေ့မှာ မုန့်ရောင်းတဲ့ဈေးတဲကလေးရှိပါတယ် ............. ကျောင်းစောင့်မိသားစု က အပိုဝင်ငွေရအောင်ဈေးရောင်းတာပါ ......... ကျွန်တော်တို့ ငယ်ငယ်က ကျောင်းစတက်တဲ့အဲဒီနေ့မှာ အမေက (၁၀)ပြားတန် ထန်းလျက်ပြားတစ်ပြားဝယ်၊ ကျွန်တော့်လက်ထဲကို ထည့်ပေးပြီး ကျောင်းထဲ ဝင်ခိုင်းလိုက်ပါတယ် ............. ကျွန်တော်လည်းအမေ့ကို လှည့်ကြည့်လှည့်ကြည့်နဲ့ပဲ ကျောင်းထဲဝင်သွားတာပါပဲ .... အဲဒီနေ့ကိုတော့ ဒီလောက်ပဲမှတ်မိတော့တာပါ ............. ဘာပဲဖြစ်ဖြစ် ဘဝမှာ ပထမဆုံးကျောင်း စတက်ရတဲ့ နေ့ကို အခုထိမှတ်မိနေသေးတာပါ ............ အဖေက ကျွန်တော်တို့ကိုငယ်ငယ်တုံးက ခုခေတ်လို မူကြိုမပို့ခဲ့ပါဘူး ........

ကျွန်တော့်ရဲ့ မူလတန်းကျောင်းသားဘဝက သိပ်တော့ထွေထွေထူးထူးပြောစရာ မရှိပါဘူး ........ သာမန်ဖြတ်သန်းမှုပါဘဲ .. သူငယ်တန်း ... (၁)တန်း .... (၂)တန်း ... (၃)တန်း သာမန်ပါပဲ .... အတန်းထဲမှာတော့ ကျွန်တော်က တတိယလောက် ပုံမှန်ရလေ့ရှိပါတယ် .... ကျွန်တော့်အရှေ့မှာက ဒုတိယနဲ့ပထမကို မလေးမှုံ နဲ့ ကေခိုင်ညွန့် ဆိုတဲ့ သူငယ်ချင်းမ (၂)ယောက်က အလံလုသလို သူတစ်လှည့် ကိုယ်တစ်ခါ နေရာလုနေကြပေါ့ ... မှတ်မိစရာဆိုလို့ မနက်ခင်းကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်သီချင်းဆိုပြီးရင် ဆရာကြီး ဦးအုံးတိတ်က ဘုရားစာတိုင်ပေးရင် အားလုံးလက်အုပ်ချီပြီး ဘုရားစာလိုက်ဆို၊ ဘုရားရှိခိုးရတာကိုပါ ..... သိပ်ကောင်းတဲ့အလေ့အကျင့်ပေါ့ .....

ဆရာကြီးဦးအုံးတိတ်က အသံသြဇာကောင်းလို့ တစ်ကျောင်းလုံးကြားအောင် အော်နိုင်သူပါ ... (ဘယ်လောက်အော်နိုင်သလဲဆို ကျွန်တော်တို့ နေမကောင်းလို့ကျောင်းမတက်နိုင်တဲ့ ရက်တွေဆို ဆရာကြီးရဲ့စာသင်တဲ့အသံကို အိမ်ကနေ ကောင်းကောင်းကြား ရပါတယ် ......... နောက်တော့ဆရာက အပိုအလုပ်အနေနဲ့ ဘိသိက်ဆရာ လုပ်ပါသေးတယ်) ...... ကျောင်းသားအားလုံးလဲကြောက်ကြပါတယ် ... ညနေကျောင်းဆင်းရင်လည်း ဆရာကြီးက စက်ဘီးကိုဖြေးဖြေးစီးရင်း လမ်းပေါ်က ကျောင်းသားအားလုံးကို လက်ပိုက်ပြီး လမ်းဘေးကနေကပ်သွားဖို့ သူ့အသံနဲ့ တစ်လမ်းလုံးအော်သွားတော့တာပါပဲ ........

Thursday, July 7, 2011

အိမ် (၁၉၇၀ ကျော်က ကျွန်တော့် အဖေပြောတဲ့ ဟယ်ရီပေါ်တာ)









ကျွန်တော်တို့ရဲ့ငယ်ငယ်ကအိမ်ကလေးကို ဒီကနေ့တွေ့ရတဲ့ပုံ


ဟယ်ရီပေါ်တာတဲ့ .............
ကျွန်တော့်သားတော်မောင်ခေတ် အခုမှပေါ်တာ .................

ခုခေတ်ဟယ်ရီပေါ်တာက ဘာဟုတ်အုံးမလည်း ........ ဒီလိုဇာတ်လမ်းမျိုးတွေကျွန်တော်တို့ ဟိုးငယ်ငယ်ကထဲက ညအိပ်ရာဝင်တိုင်း နားဆင်ခဲ့ရတာ မရိုးနိုင်အောင်ပါပဲ ...........

ငယ်ငယ်တုံးက ဟယ်ရီပေါ်တာအကြောင်းမပြောခင် ကျွန်တော်တို့အကြောင်းအရင်ပြောရအုံးမယ် .....

ကျွန်တော့်မှာ က မွေးချင်းမောင်နှမ (၆) ယောက်ရှိပါတယ်။ အဲဒီထဲမှာမှ ကျွန်တော်က နံပါတ် (၄) ယောက်မြောက်ပါ ..... ကျွန်တော့်အပေါ်မှာ မိန်းကလေး (၃) ယောက် နဲ့ ညီတစ်ယောက်၊ ညီမတစ်ယောက်ပေါ့။ စဉ်းစားသာကြည့် .........

အိမ်မှာက အဲဒီတုံးက ကျွန်တော်တို့မောင်နှမတွေအပြင် ကျွန်တော်တို့အစ်ကို တစ်ဝမ်းကွဲကမွေးတဲ့ ကျွန်တော်တို့နဲ့ဆို တူ၊ တူမတွေတော်တဲ့ကလေးက နောက်ထပ် သုံးယောက်ဆိုတော့၊ စုစုပေါင်းကလေး ကိုးယောက်ရှိတဲ့အိမ်ပါ ..... (ကလေးချည်း ကိုးယောက်နော်) ...........

အဲဒီတော့ ကျွန်တော်တို့ငယ်ငယ်တုံးက ဘယ်လောက်ပျော်စရာကောင်းမလဲစဉ်းစားသာကြည့်တော့ .............

အဓိကပြောချင်တာက ကလေးများတာကိုပါ .... အဲဒီတော့ညအိပ်ရာဝင်ချိန်တွေဆိုရင် ကလေးတွေအိပ်အောင် ချော့သိပ်တဲ့အလုပ်ကို သေချာပေါက်လုပ်ရတာပေါ့ ................

ကျွန်တော် အဖေက အဲဒီတုံးက (၄၀) ကျော်လောက်ပေါ့ ......... ညတိုင်းညတိုင်း သူက ညအိပ်ရာဝင်တိုင်း အိပ်ရာထဲမှာ ကလေးအားလုံးကို စုပြီး ပုံပြောတဲ့အလုပ်ကိုလုပ်တယ် ..........

အဖေကကလေးတွေကို တစ္ဆေ၊ သရဲ၊ စုန်း၊ ကဝေ၊ အကြောင်းတွေကို ရှာရှာကြံကြံပြောတာပေါ့ ........ ကြောက်စရာတွေကိုကြံဖန်ပြောပေမယ့် အဖေက ကလေးတွေ တွေးမကြောက်အောင် သရဲ၊ သဘက်တွေကိုနိုင်တဲ့ပယောဂဆရာတစ်ယောက်ပုံပြင်ထဲအမြဲတည့်ပေးထားတယ် .......... အဲဒီမှာ မှ ကျွန်တော်တို့ရဲ့ ဟယ်ရီပေါ်တာလိုသူရဲကောင်းတစ်ယောက်ပါလာပါလေရော .....................

အဖေ့ရဲ့ပုံပြင်ထဲမှာ ယောနယ်ကစုန်းတွေနဲ့ ပညာပြိုင်ခန်းတွေ၊ သရဲတွေကိုနှိမ်နင်းရတာတွေ၊ ကဝေတွေ စုံလို့ပေါ့ ......... အဲဒီမှာအဖေ့ရဲ့ ယောနယ်ကနေပြည်မကိုပြန်လာတဲ့ ပယောဂဆရာ ယောပြန်ဘွတ်ရှဲလ်ဆိုတဲ့ သူရဲကောင်းဟာ ကျွန်တော်တို့ကလေးတွေအားလုံးရဲ့ ဇာတ်လိုက်ကျော် အခုခေတ်ဟယ်ရီပေါ်တာပဲပေါ့ ........

အဖေက တစ်ညနဲ့တစ်ည မရိုးရအောင် အခန်းဆက်ပြောတာပေါ့ ......... အဲဒီတုံးကထဲက အခုခေတ် ကိုးရီးယားကားကြည့်ရသလို ညအိပ်ရာဝင်ချိန်ကိုစောင့်ရတာ ပျော်စရာပေါ့ ........................

ယောပြန်ဘွတ်ရှဲလ် နဲ့ သူ့ရဲ့ပြိုင်ဖက်တွေရဲ့ဇာတ်လမ်းတွေကိုတော့ နောက်အလျင်းသင့်ရင်ပြောပြပါ့မယ် ...........